သာသနာ့ဥသျှောင်အဖွဲ့ ဂျပန်ကို ငွေလှူ

Wednesday, March 16, 2011


သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်က ကုလသမဂ္ဂရှိ ဂျပန်ကိုယ်စားလှယ်ထံ အမေရိကန်ဒေါ်လာနှစ်ထောင်လှူဒါန်းပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးထံ ၀မ်းနည်းကြောင်းသ၀ဏ်လွှာကိုလည်း ပေးပို့လိုက်ကြောင်း သိရသည်။ 2000 NLD ကလည်း ပြီးခဲ့သော တနင်္ဂနွေနေ့က မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးအိမ်ကို သွားရောက်ပြီး ၀မ်းနည်းကြောင်း သ၀ဏ်လွှာပေးပို့ခဲ့သည်။

နအဖစစ်အစိုးရ ၀န်ကြီးချုပ်က မတ် ၁၁ ရက်တွင် ၀မ်းနည်းကြောင်းသ၀ဏ်လွှာပေးပို့ခဲ့ကြောင်း ယနေ့ထုတ် အစိုးရပိုင်သတင်းစာများတွင် ဖော်ပြထားသော်လည်း ဂျပန်ပြည်သူများကို မည်သို့သောအကူအညီများ ပေးသွားမည်ဆိုသည်ကိုမူ ယခုအချိန်ထိ ပြောကြားခြင်း မရှိသေးပေ။

မြန်မာ မိုးဇလပညာရှင် ဒေါက်တာထွန်းလွင်က ၄င်း၏ ယခုရက်ပိုင်းအတွက် မိုးလေ၀သခန့်မှန်းချက် ဆောင်းပါးတွင် ဂျပန်နိုင်ငံကို အကူအညီများပေးကြရန် အောက်ပါအတိုင်း တိုက်တွန်းရေးသားထားသည်ကို တွေ့ရသည်။

မြန်မာပြည်မှာ အက်ဆစ်မိုးတွေရွာမယ်ဆို ?

ဒါကတော့ ကျွန်တော့်အလုပ် ဖြစ်လာပြီ။ သာဂိတို့နိုင်ငံကတော့ အရေးဆို လုပ်ချလိုက်ပြန်ပြီ။ ဓါတ်ရောင်ခြည်ယိုစိမ့်မှုကြောင့် အက်ဆစ်မိုးမရွာနိုင်ပါဘူး။ ဓါတ်ရောင်ခြည်တွေဟာ ရေငွေ့တွေနဲ့ထိရင် အက်ဆစ် ဖြစ်လာအောင် ဓါတ်ပြုနိုင် ကြတဲ့ပစ္စည်းတွေလည်း မဟုတ်ကြပါဘူး။ မိုးရေတွေနဲ့အတူ ရောပါသွားနိုင်ကြ ပေမယ့် အက်ဆစ်မိုး မဖြစ်စေနိုင်ပါဘူး။ အရေးအကြီးဆုံးကတော့ အဲဒီယိုစိမ့် ထွက်လာကြတဲ့ ဓါတ်ရောင်ခြည်တွေဟာ မြန်မာနိုင်ငံဖက်ကို ရောက်ရှိလာကြဖို့ သယ်ဆောင်ပေးမယ့် ပို့ဆောင်ရေး ယာဉ်(ဖြစ်စဉ်)တွေ မရှိတာပါဘဲ။ အေးဆေးပါဗျာ။ သူတို့ကို သယ်ဆောင်ပေးမယ့် လေတွေကလည်း လောလောဆယ်မှာ အနောက်လေ တွေလေဗျာ။ နောက်ပိုင်း လာမယ့်လေတွေကလည်း အနောက်တောင်မုတ်သုံ လေတွေလေဗျာ။ လေကြောင်း မသင့်ပါဘုးဗျာ။

တကယ်တော့ ကျွန်တော်တို့ လုပ်ရမှာက ဘေးအန္တရာယ် ကြုံတွေ့နေကြရတဲ့ ဂျပန်ပြည်သူတွေကို ကိုယ်ချင်းစာကြဖို့၊ လူသားချင်း စာနာထောက်ထားကြဖို့၊ အားပေးနှစ်သိမ့်ကြဖို့၊ တတ်နိုင်တဲ့အကူအညီတွေ ၀ိုင်းဝန်းပေးကြဖို့ ကသာ အရေးကြီးဆုံး မဟုတ်ဘူးလားဗျာ။ အခုဘဲ ဂျပန်နိုင်ငံကို ကယ်ဆယ်ရေး အကူအညီ တွေပေးဖို့ ကမ်းလှမ်းထားတဲ့ နိုင်ငံပေါင်း မနေ့က စာရင်းအတိုင်းဆို (၉၁)နိုင်ငံ ရှိနေ ပါပြီ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved