ဂျပန် နျူနောက်ဆက်တွဲ သက်ရောက်မှု လောလောဆယ် မရှိသေး

Wednesday, March 16, 2011


ဂျပန်မှာ နျူစက်ရုံက ယိုစိမ့် ပေါက်ကွဲမှုတွေ ဖြစ်တာနဲ့ပတ်သက်ပြီး အက်ဆစ်မိုးရွာနိုင်တယ် စသဖြင့် ကောလာဟလတွေ အွန်လိုင်းကတဆင့် ပျံ့နှံ့နေပါတယ်။ ဂျပန်ရဲ့ အိမ်နီးချင်းနိုင်ငံများအနေနဲ့ ဂျပန် နျူကလီးယား ရေဒီယိုသတ္တိကြွမှု နောက်ဆက်တွဲပြဿနာတွေ သက်ရောက်မှု ရှိနိုင်တာကို လောလောဆယ် မတွေ့ရပါဘူးလို့ AP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ရုရှ အရေးပေါ်ပြဿနာများ ဖြေရှင်းရေး ဝန်ကြီးဌာနက ရေဒီယိုသတ္တိကြွမှု ပြဿနာတွေ အခုထိ မြင့်တက်လာတာမျိုး မတွေ့ရပါဘူးလို့ ဆိုပါတယ်။

ဂျပန်နဲ့ နီးကပ်တာက ရုရှ အရှေ့ဖျား၊ ကိုရီးယားကျွန်းဆွယ်နဲ့ တရုတ်တို့ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ဟန်ယမ်း တက္ကသိုလ်က နျူကလီးယား အင်ဂျင်နီယာ ပညာရှင် ဂျေမူဆွန်း (Jae Moo-sung) က လေတိုက်နှုန်းအရှိန်နဲ့ ဦးတည်ရာက အရေးအကြီးဆုံး ကိစ္စဖြစ်ကြောင်း၊ နျူစက်ရုံမှာ လုံးဝ အရည်ပျော်တဲ့ ပြဿနာမျိုး ဖြစ်မှသာ ကိုရီးယားကျွန်းဆွယ်မှာ ရေဒီယိုသတ္တိကြွမှု ပျံ့နှံ့နိုင်ကြောင်း ထောက်ပြသွားပါတယ်။

ဂျပန်မြောက်ပိုင်းမှာ မိုးရွာသွန်းမှုနဲ့ နှင်းကျမှုတွေက ပျံ့နှံ့မှုတွေကို တားဆီးဖို့ အကူအညီဖြစ်စေလိမ့်မယ်လို့ ဆင်ဟွာသတင်းဌာနက တရုတ် မိုးဇလပညာရှင်များကို ကိုးကားဖော်ပြပါတယ်။

စင်ကာပူကတော့ ရေဒီယိုသတ္တိကြွမှုနဲ့ ပတ်သက်လို့ ထူးခြားတဲ့ဖြစ်စဉ်တွေ မတွေ့ရှိရပါဘူးလို့ ဆိုပါတယ်။

ကောလာလဟအဖြစ် ပျံ့နှံ့နေတဲ့ သတင်းတွေမှာ အက်ဆစ်မိုးတွေဟာ ဂျပန်အနောက်တောင်ပိုင်းကနေ မိုင် ၃၀၀၀ အကွာအဝေး အထိ ရွာသွန်းနိုင်တယ်ဆိုပြီး ရေးထားပါတယ်။

Source: AP

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved