ဘိုးအင်း 747 လေယာဉ်ကြီးများ၏ အင်ဂျင် ၄ လုံး ပျောက်ဆုံး

Wednesday, March 9, 2011

CSD က လေယာဉ်တစင်းကို စစ်ဆေးနေစဉ်

ထိုင်းနိုင်ငံ ပစ်ဆန်နလွတ် လေဆိပ်မှာ လေယာဉ်အင်ဂျင် ၄ လုံးပျောက်ဆုံးသွားမှုကို ရာဇဝတ်မှု နှိမ်နှင်းရေး ဌာန (CSD) က စုံစမ်းစစ်ဆေးနေပါတယ်။ Orient Thai Airways က ပိုင်ဆိုင်ပြီး ပျံသန်းခြင်းမပြုဘဲထားတဲ့ ဘိုးအင်း 747 တွေရဲ့ အင်ဂျင်နဲ့ တခြားအဓိက အစိတ်အပိုင်းတွေ ပျောက်ဆုံးနေတာဖြစ်ပါတယ်။ ဒါတွေကို အခွန်ရှောင်ဖို့ ရောင်းစားပစ်လိုက်သလားဆိုပြီး CSD က သံသယရှိနေပါတယ်။

အစောပိုင်း စစ်ဆေးမှုများအရ လေယာဉ်ကို အပြင်ပိုင်းက ဆေးသုတ်တာတွေ၊ ထုတ်လုပ်တဲ့ မူရင်းနိုင်ငံနဲ့ နံပတ်တွေကို မမှတ်မိအောင် ဖျောက်ဖျက်ထားတာတွေလည်း CSD ရဲများက တွေ့ရှိရပါတယ်။

လေဆိပ်ဒါရိုက်တာကတော့
Orient Thai Airways ကို လေယာဉ်ရပ်နားဖို့ နေရာငှားထားတာဖြစ်တယ်လို့ ရဲတွေကိုပြောပါတယ်။ ဘတ်ဂျက်အဲလိုင်းဖြစ်တဲ့ Orient Thai Airways ကတော့ သုဝဏ္ဏဘူမိ လေဆိပ်မှာ နေရာမလောက်လို့ ဒီမှာ လာရပ်ထားတာလို့ ဆင်ခြေပေးပါတယ်။

“ရဲအရာရှိတွေက ဘယ်သူ့ကိုမှတော့ အရေးမယူသေးပါဘူး။ သက်ဆိုင်ရာတွေကို စစ်ဆေးနေတုန်းပါ” လို့ CSD ဒုတိယ အကြီးအကဲက ပြောပါတယ်။ ရဲတွေကတော့ ဒီအင်ဂျင်တွေကို ပြန်ရောင်းစားဖို့ ဖြုတ်သွားလို့ သံသယရှိနေပါတယ်။ အင်ဂျင်တလုံးကို ဘတ်ငွေ ၂၆ သန်း (မြန်မာငွေ သန်း ၇၄၀ ကျော်) တန်ပါတယ်။

ဒီလေယာဉ်တွေဟာ တရားမဝင်ကိစ္စတွေ၊ အထူးသဖြင့် အခွန်ရှောင်ဖို့ ကြိုးစားမှုတွေနဲ့ ပတ်သက်နိုင်ကြောင်း CSD က သတင်းထုတ်ပြန်ထားပါတယ်။

လေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ် မစ္စတာ ဥဒုမ် ကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းထားပါတယ်။ မပျံဘဲ ရပ်ထားတဲ့ လေယာဉ်တွေရဲ့ အင်ဂျင်တွေကို ဖြုတ်ထားတာ ထုံးစံပဲလို့ သူက ပြောပါတယ်။ အင်ဂျင်တွေကို ဒွန်မောင်းလေဆိပ်မှာ သိမ်းထားတာလို့ ဆိုပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ယူပြီးမှ အင်ဂျင်တွေကို ဖြုတ်ခဲ့တာဖြစ်ကြောင်းလည်း သူကပြောပါတယ်။

Orient Thai လေကြောင်းက ပြည်တွင်းမှာ ပြေးဆွဲဖို့ ဘိုးအင်းလေယာဉ်ကြီး ၂ စင်းကို ငှားခဲ့ပါတယ်။ စာချုပ်သက်တမ်းပြည့်သွားပေမယ့် ပိုင်ရှင်ကုမ္ပဏီက လာပြန်မယူဘဲ ထားတဲ့အတွက် လေယာဉ်ရပ်နားခကို လေကြောင်းလိုင်းက ပေးနေရတာ တနှစ်ကို ဘတ် ၁ သန်းလောက် ကုန်ကျနေပါတယ်။

မစ္စတာ ဥဒုမ် က ရဲတွေအနေနဲ့ လေယာဉ်တွေကို သိမ်းလိုက သိမ်းပါ၊ ဒါမှမဟုတ်လည်း ဘယ်အဖွဲ့အစည်း၊ အေဂျင်စီဖြစ်ဖြစ်၊ အလှပြဖို့ပဲဖြစ်ဖြစ် ပျော်ပျော်ကြီးသာ ပေးလိုက်မယ်လို့ ပြောပါတယ်။

မစ္စတာ ဥဒုမ်က အခုလေယာဉ် အင်ဂျင်တွေ ပျောက်မှုဟာ သူ့ကို တယောက်ယောက်က ဂျောက်ချတာလို့ သံသယဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥတာပေါင်လေဆိပ်မှာ မပျံဘဲ ရပ်ထားတဲ့ လေယာဉ်အတွက် အခွန်ပေးဆောင်ရမယ့် ကိစ္စ ပေါ်လာပြီး အခုထိ မပေးရသေးလို့ပါပဲ။ မစ္စတာ ဥဒုမ်ကတော့ မပျံသန်းဘဲ ရပ်ထားတဲ့ လေယာဉ်တွေအတွက်က အခွန်ပေးဖို့ မလိုအပ်ဘူးလို့ စောဒက တက်ထားပါတယ်။

ရပ်ထားတဲ့ လေယာဉ်တွေ အင်ဂျင်ပျောက်မှု ကိစ္စကို ပြဿနာကြီးအောင် လုပ်မယ်ဆိုပြီး သူ့ကို ဖုန်းနဲ့ ခြိမ်းခြောက်တာမျိုး ရှိကြောင်း၊ သူမမှားတဲ့အတွက် ကြောက်စရာမလိုကြောင်း မစ္စတာ ဥဒုမ်က ဆိုပါတယ်။

ခက်ထန်
မူရင်း - Bangkok Post


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved