ရယ်စရာသတင်းထူးများ

Wednesday, March 2, 2011

မြန်မာသတင်း
"လစ်ဗျားခေါင်းဆောင် ကဒါဖီ ရူးနေပြီလို့ ထင်နေတယ် မဟုတ်လား၊
ဒါဆို မြန်မာပြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုလည်း ကြည့်လိုက်ပါအုံး"

အခုလေးတင် တက်လာတဲ့  www.aolnews.com က ထူးဆန်းထွေလာသတင်းစာမျက်နှာက ဖတ်စရာ တပုဒ်မှာ အဲဒီလို အစချီ ရေးထားပါတယ်။ ခေါင်းစဉ်က Myanmar's Strongman Appears on TV in Women's Clothing ဖြစ်ပါတယ်။ ခေါင်းဆောင်ကြီး ထဘီ ၀တ်ပြီး တီဗွီမှာ ပေါ်လာတယ် တဲ့။

ရယ်စရာဖြစ်အောင် ရေးတဲ့သတင်းမို့ အသေးစိတ်တွေ မပါဘူး။ ဒီတော့ သူတို့ဆီက စာဖတ်သူတွေ မရယ်ကြဘူးထင်တယ်၊ တက်လာတဲ့ စာဖတ်သူအမြင် (comment) တွေမှာ ကန့်ကွက်သံတွေ ပါနေတယ်။

အားကျစရာ လျှောက်လွှာများ သတင်း
Never List 'God' as a Reference on a Resume ဆိုတဲ့ သတင်းကလည်း ဒီခေါင်းစည်း ဖတ်လိုက်တာနဲ့ ရယ်ရတော့တာပဲ။
နိုင်ငံတကာ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေဆီ ရောက်လာတဲ့ အလုပ်လျှောက်လွှာတချို့အကြောင်းပါ။ ကိုယ်ရေးရာဇ၀င်ကို ကဗျာပုံစံ ရေးထားတာတောင် ပါတယ် တဲ့။ ဟာသအဖြစ်ဆုံးကတော့ ထောက်ခံချက်ပေးမယ့်သူနေရာမှာ ဘုရားသခင် ဆိုပြီးထည့်ထားတဲ့ အလုပ်လျှောက်လွှာပါပဲ။ ဒါပေမယ့် အတည်ပြုချက်ယူဖို့ ဘုရားသခင်ရဲ့ ဖုန်းနံပါတ်တော့ ရေးမထားဘူးလို့ ဆိုတယ်။

တယောက်ကလည်း လျှောက်လွှာကို ခပ်တိုတိုရေးထားတာ အတုယူချင်စရာပါ။ အမည်၊ ဆက်သွယ်ရမယ့်ဖုန်း နဲ့ စာတကြောင်းသာ ပါသတဲ့။ အဲဒီစာကတော့ "အလုပ်ရချင်တယ်" (I want a job) ဖြစ်ပါတယ်။ တကယ် ပြတ်သား၊ တိတိကျကျ မှန်မှန်ကန်ကန် လုပ်တတ်တဲ့ စရိုက်ကို ပေါ်လွင်စေပါတယ်။

ကဒါဖီ သူနာပြု သတင်း
မိတ်ဆွေတွေ အချိန်တိုအတွင်း ဆုံးရှုံးရသူဟာ လစ်ဗျားခေါင်းဆောင် ကဒါဖီ ပါ။ ကနဦးမှာ UN ဌာနချုပ်ရောက် သံတမန်တွေကို လက်လွှတ်လိုက်ရတယ်၊ နောက်တော့ နိုင်ငံတ၀က်နီးပါးပေါ့။ အခုနောက်ဆုံး သူ့ကို ပစ်သွားသူက သူ့ဘေးမှာ နှစ်ပေါင်းအတော်ကြာ ရှိခဲ့တဲ့ သူနာပြုဆရာမပါပဲ။ အသက် ၃၈ နှစ်အရွယ် ဒီဆရာမ Galyna Kolotnytska ဟာ အမေရိကန်သံရုံးပေးစာ/၀ီကီလိဖွင့်ချချက် အထောက်အထားတွေအရဆိုရင် ကဒါဖီကြီးဘေး သူအမြဲရှိ ဆိုပဲ။ ချစ်သူတောင် ဖြစ်နိုင်တယ် တဲ့။

ဇနီး ၂ဦး၊ သမီးသား ၈ ဦး ရှိတဲ့ ၆၈ နှစ်အရွယ် ကဒါဖီကြီး (လစ်ဗျားပေါတာကြီး)က ကျန်းမာရေးအတွက်အမြဲသောကဖြစ်နေတတ်သူလို့လည်း ပြောကြပါတယ်။ သူ့ရဲ့ လစ်ဗျားဇနီးတယောက်ကလည်း သူနာပြုပါပဲ တဲ့။

(လစ်ဗျားဗိုလ်ချုပ်မှူးကြီးသတင်းက ရာသီစာလည်းဖြစ်တော့ ကော်မန့်ပေါင်း ၁၅၀ ကျော် ပေးထားတာ တွေ့ပါတယ်။ FaceBook မှာလည်း ဒီသတင်းကြိုက်ကြောင်း ကလစ်သွားသူ ၃၀၀ ၀န်းကျင် ရှိ)

ဘုရင်သတင်း
ဆေးလိပ်ဝယ်တဲ့သူက ပိုက်ဆံ မပေးဘူး တဲ့။ 
ဘာကြောင့်လဲ။ 
"ငါ ဘုရင်ကွ။ ပိုက်ဆံပေးဖို့ မလိုဘူး" ဆိုပဲ။ အဖမ်းခံလိုက်ရတဲ့ "ဘုရင်"အကြောင်း ဒီမှာသာ ဖတ်ပေတော့။ 

ရယ်စရာ ဖြစ်ရပ်တွေကို လက်သံပြောင်ပြောင် ရေးထားတော့ သဘောကျစရာ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved