နအဖ နိုင်ငံရေး ကစားကွက်အတွင်း ရော့စ် ဒန်ကလေ ကျဆုံးခြင်း (၁)

Wednesday, March 2, 2011

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကမာရွတ် တရားရုံးတွင် ရုံးထုတ်လာသော မစ္စတာ ဒန်ကလေ (ဓာတ်ပုံ - ဧရာဝတီ)

သင်းအောင်၊ မတ် ၂၊ ၂၀၁၁

ဖေဖော်ဝါရီ ၁၁ ရက်နေ့က ထိန်းသိမ်းခံလိုက်ရသည့် မြန်မာတိုင်းမ်ဂျာနယ် အမှုဆောင် အရာရှိချုပ် (CEO) မစ္စတာ ရော့စ် ဒန်ကလေအား ပြန်ကြားရေးဝန်ကြီးဌာနနှင့် ၎င်းတို့အလိုကျ မီဒီယာများက ပြစ်မှုကြောင်း မမြောက် မြောက်အောင် ပူးပေါင်းကြံစည် လုပ်ဆောင်လျက်ရှိကြောင်း ပြည်တွင်း မီဒီယာများက ယုံကြည်နေကြသည်။

အထူးသဖြင့် လျှပ်တစ်ပြက် ဂျာနယ် အတွဲ (၃) အမှတ် (၂၄)၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ထွက်ရှိသည့် အမှတ် (၂၅)၊ Myanmar News Week ဂျာနယ်တို့တွင် ဖော်ပြပါရှိသည့် ကိုယ်ရေးကိုယ်တာ သတင်းများသည် အပြုသဘော မဆောင်ဘဲ တရားရုံးတော်ရောက် ရော့စ် ဒန်ကလေအား ပြစ်မှုကြောင်း ထင်ရှားစေရန် စကားဦးသမ်း အသုံးအနှုန်းများ ဖြစ်နေကြောင်း ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာများက ဆိုကြသည်။

“ပြည့်တန်ဆာမ တဦးနဲ့ ပျော်ပါးပုံ အသေးစိတ်ကို မီဒီယာမှာ ဖော်ပြခြင်းဟာ ရော့စ်ဒန်ကလေရဲ့ လူမှုအခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို ထိပါးစေတယ်။ သတင်းစာဆရာတွေ စောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်တွေထဲမှာ သူတပါး၏ ကိုယ်ရေးကိုယ်တာဆိုင်ရာ အခွင့်အရေးများကို လေးစားလိုက်နာရမယ်လို့ ဖော်ပြပါရှိပါတယ်” ဟု သတင်းစာဆရာကြီးတဦးက သုံးသပ်သည်။

အဆိုပါ ဂျာနယ် ၂ စောင်ပါ ရော့စ် ဒန်ကလေ၏ သတင်းနှင့်ပတ်သက်၍ စာပေစိစစ်ရေးမှ ခွင့်ပြုခြင်းမရှိဘဲ ဂျာနယ်မှ ၎င်းတို့သဘောနှင့် ဖော်ပြခဲ့ခြင်းသာဖြစ်သည်ဟု ရန်ကုန်မြို့ ၀င်္ကပါလမ်းရှိ စာပေစိစစ်ရေးရုံးမှ စာစစ်မှူးတဦးက ဆိုသည်။


“စာပေစိစစ်ရေး ညွန်ကြားရေးမှူး ဗိုလ်မှူး တင့်ဆွေကို မြန်မာတိုင်းမ် တာဝန်ခံစာတည်း ဦးဇော်မြင့် လာရောက်တွေ့ဆုံတယ်။ ရော့စ်ရဲ့ ကိုယ်ရေးကိုယ်တာကို သတင်းဂျာနယ် ၂ စောင်မှာ ဖော်ပြခဲ့ခြင်းအပေါ် မေးမြန်းတော့ ဗိုလ်မှူး တင့်ဆွေက ဒီသတင်းတွေကို စာပေစိစစ်ရေးက ဖြုတ်/ပယ် ထားပါတယ်။ ဂျာနယ်တွေက သူတို့သဘောနဲ့သူတို့ ဖော်ပြခြင်းသာ ဖြစ်တယ်လို့ ပြောခဲ့တယ်လို့ သိရတယ်” ဟု ၎င်းကပင် ဆိုသည်။

ထို့အပြင် ရော့စ် ဒန်ကလေ အပါအ၀င် မြန်မာတိုင်းမ် ၀န်ထမ်းများ ဂုဏ်သိက္ခာကျဆင်းစေမည့် ကိစ္စရပ်များကို ၎င်းတို့ စာပေစိစစ်ရေး၏ လုပ်ပိုင်ခွင့်မူဘောင်အတွင်းမှ ထိန်းနေမည်ဖြစ်ကြောင်း၊ သို့သော် စာပေစိစစ်ရေးမှ ထိန်း၍မရသည့် အပေါ်ပိုင်းမှလာသော တခြားကိစ္စရပ်များစွာ ရှိနေသည်ကို နားလည်ပေးပါရန် မြန်မာတိုင်းမ် တာဝန်ခံ ဦးဇော်မြင့်အား ဗိုလ်မှူး တင့်ဆွေမှ ပြောကြားခဲ့သည်ဟု တခြား စာစစ်မှူး တဦးကလည်း ပြောသည်။

သတင်းဂျာနယ်တခုမှ အယ်ဒီတာ တဦးကမူ “ဂျာနယ် ရပ်ဆိုင်းသည်အထိ အရေးယူလို့ရတဲ့ အခုလို ဖြုတ်/ပယ် သတင်းကို ဒီဂျာနယ် ၂ စောင်က ဘာကြောင့် အသုံးပြုရဲလဲ။ ပြန်ကြားရေးရဲ့ တာဝန်ယူမှု၊ တာဝန်ပေးမှုကြောင့်ဆိုတာ ရှင်းနေတာပဲ” ဟု ဝေဖန်သည်။

စာပေစိစစ်ရေးမှ ပုံနှိပ်ဖော်ပြရန် ခွင့်ပြုခြင်းမရှိသော အဆိုပါ ကိုယ်ရေးကိုယ်တာ သတင်းအပေါ် “ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းဟာ သူတို့ ပနံသင့်တဲ့ အယ်ဒီတာတွေကို ခေါ်လိုက်တယ်။ ဒီသတင်း ဘယ်ဂျာနယ်မှာ သုံးပေးမလဲ။ တို့ လုပ်လို့ မသင့်ဘူးဆိုတော့ နအဖ လက်ကိုင်တုတ် စာနယ်ဇင်းတွေက သူတို့ဖော်ပြပေးပါ့မယ်နဲ့ တာဝန်ခံတယ်။ ဒီတော့ ဦးကျော်ဆန်းရဲ့ အစီအမံနဲ့ စာပေစိစစ်ရေး ကန့်သတ် မူဘောင်ကို ကျော်လွန်ပြီး ဂျာနယ် ၂ စောင်က ထည့်သွင်း ဖော်ပြခြင်း ဖြစ်တယ်” ဟူသည့် အတည် တဆင့်စကားများ ပြည်တွင်း မီဒီယာများအကြား လတ်တလော ထွက်ပေါ်လျက်ရှိသည်။

ယင်းအပေါ် မှုခင်းဂျာနယ် အယ်ဒီတာ တဦးကလည်း “ရော့စ် ဒန်ကလေရဲ့ နိုင်ငံကူးလက်မှတ်ကအစ အဲဒီ ဂျာနယ်တွေ မရနိုင်ဘူး။ ဒီသတင်းဟာ ထောက်လှမ်းရေး (သို့မဟုတ်) ရဲ FIR (First Information Report) က ရရှိတာ ဖြစ်တယ်။ ဒီလို တရားလို ထွက်ဆိုချက် Report ကို မီဒီယာမှာ တိုက်ရိုက်ရေးသားခွင့် မရှိဘူး။ ပြစ်မှု မြောက်၊ မမြောက် မဆုံးဖြတ်ရသေးမီ ဖော်ပြခွင့် မရှိဘူး။ ဒါပေမယ့် အမှုစီရင်ချက် ချပြီးရင်တော့ ရေးသားဖော်ပြခွင့် ရှိပါတယ်” ဟု ဆိုသည်။

ထို့နောက် ဖေဖော်ဝါရီ ၂၆ ရက်ထွက်ရှိသော အတွဲ ၂၆၊ အမှတ် ၅၀၇ မြန်မာတိုင်းမ်၊ NOW, CRIME ဂျာနယ်များ၌ “မစ္စတာ ရော့စ် ဒန်ကလေနှင့် ပတ်သက်သော သတင်းအချို့အပေါ် Myanmar Consolidated Media မှ ကန့်ကွက်ခြင်း” ဟူသော တားမြစ်ချက်ကို လက်ရှိ မြန်မာတိုင်းမ် CEO ဒေါက်တာ တင်ထွန်းဦး အနေဖြင့် ဖော်ပြခဲ့သည်။

(ဓာတ်ပုံ - ဧရာဝတီ)

ကန့်ကွက်စာပါ အကြောင်းအရာမှာ “မြန်မာတိုင်းမ် ဂျာနယ်မှ ရော့စ် ဒန်ကလေနှင့် ပတ်သက်သောသတင်းများကို ပြည်တွင်းထုတ် ဂျာနယ်အချို့နှင့် နိုင်ငံခြား သတင်းဌာန သတင်းများတွင် ဖော်ပြထားကြောင်း တွေ့ရှိရသည်။ အဆိုပါ ဖော်ပြချက် အချို့တွင် တရားရုံးရှေ့ မရောက်သေးသည့် တရားရုံးက အဆုံးအဖြတ် မပြုသေးသော အကြောင်းအရာအပေါ် စကားဦးသမ်းသည့် အသုံးအနှုန်းများ ပါဝင်နေသောကြောင့် Myanmar Consolidated Media နှင့် ၎င်း၏ ၀န်ထမ်းများအတွက် များစွာ ဂုဏ်သိက္ခာ ထိပါးစေပါသည်။ ထို့ကြောင့် မြန်မာတိုင်းမ် (အင်္ဂလိပ်/မြန်မာ) NOW, CRIME များကို ထုတ်ဝေသည့် Myanmar Consolidated Media က အများသိစေရန် ကန့်ကွက်ကြောင်း ကြေညာအပ်ပါသည်” ဟု ဖော်ပြထားသည်။

အဆိုပါ ကန့်ကွက်မှု၏ နောက်ခံအခြေအနေအပေါ် မြန်မာတိုင်းမ် အယ်ဒီတာ တဦးက “အယ်ဒီတာအဖွဲ့ တင်ပြတဲ့ ကန့်ကွက်စာကို CEO အသစ် ဒေါက်တာတင်ထွန်းဦးက လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်း ဖြစ်ပါတယ်။ ကန့်ကွက်စာကို သူရေးတာ မဟုတ်ပါဘူး။ ဒီလိုဖော်ပြခြင်းဟာလည်း ဒေါက်တာ တင်ထွန်းဦး အနေနဲ့ အိနြေ္ဒမပျက် သိက္ခာရှိသယောင် ပြုလုပ်ခြင်းသာ ဖြစ်ပါတယ်။ သဘောထားကြီးသယောင် ဟန်ပြ အပြုအမူလို့ ၀န်ထမ်းအားလုံး လက်ခံထားပါတယ်” ဟု ရှင်းပြသည်။

၎င်းကန့်ကွက်စာ ဖော်ပြခွင့်ရရှိရန်အတွက် လက်ရှိ စာပေစိစစ်ရေး ညွှန်ကြားရေးမှူး ဒု ဗိုလ်မှူးကြီး မျိုးမြင့်နောင်သို့ တင်ပြခဲ့ကြောင်း၊ ၎င်းမှ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူး တင့်ဆွေသို့ ထပ်မံ တင်ပြ ခဲ့ရကြောင်း သိရသည်။

မြန်မာတိုင်းမ်နှင့် ပတ်သက်၍ လတ်တလော ဖြစ်စဉ်များအပေါ် အယ်ဒီတာတဦးကလည်း “စာပေစိစစ်ရေးက ဖြုတ်/ပယ် ညွှန်ကြားထားတဲ့ ကိုယ်ရေးကိုယ်တာ သတင်းအပေါ် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း မသိဘဲ ဖော်ပြလို့ မရပါဘူး။ ဦးကျော်ဆန်းသည်လည်း နအဖ အကြီးအကဲ ဦးသန်းရွှေ မသိဘဲ လုပ်လို့ မရပါဘူး။ တကယ်တော့ ဒါဟာ နအဖရဲ့ နိုင်ငံရေး ကစားကွက်တခုသာ ဖြစ်ပါတယ်။ နိုင်ငံခြားသား သတင်းစာဆရာ တယောက်ဟာ မြန်မာ့နိုင်ငံရေး ကစားကွက်အတွင်း တရားမျှတမှုမရှိဘဲ ကျဆုံးသွားရခြင်းသာ ဖြစ်ပါတယ်” ဟု သုံးသပ်သည်။

ဗိုလ်တထောင် သတင်းစာ အငြိမ်းစား အယ်ဒီတာတဦးကမူ ယခုဖြစ်စဉ်သည် ထောက်လှမ်းရေး ဗိုလ်ခင်ညွန့်၏ နောက်ဆုံး လက်ကျန်တဦးကို လက်စသတ် အမြစ်ဖြုတ်လိုက်ခြင်း ဖြစ်သည်ဟု ဝေဖန်သွားသည်။

(ဒုတိယပိုင်း ဆက်လက် ဖော်ပြပါမည်။)

3 comments :

  1. Anonymous said... :

    တ၇ားမျှတမှုမရှိတဲ့ လောကမှာ ဘယ်သူကိုမှ သာတယ် နာတယ် ပြောဖို့ ခက်တယ်..တူဖြစ်တုန်း နှံဖူးရင် ပေဖြစ်တော့လည်း ခံအုန်းပေါ့။ မြတ်ခိုင်အလှည့် ..တင်ထွန်းဦးအလှည့်တွေလည်း လာမယ်..လာလိမ့်အုန်းမယ်..ပြီးရင် သန်းရွှေ ကျော်ဆန်း မောင်အေးတို့ အလှည့်ပေါ့..သနားစရာကောင်းတာက ဒန်ကလေရဲ့ ကလေးတွေ..တစ်ခုရှိတာ စန်ဒရာဒန်ကလေလုံးဝ လှုပ်ရှားမှုမရှိတာ။။တကယ်ဆို သူလည်း မညံ့တဲ့ မိန်းမတစ်ယောက်ဘဲလေ..

  1. Anonymous said... :

    ဟဲဟဲ...စိတ်မစောပါနဲ့...စောင့်ကြည့်နေတာနေမှာပါ...သူတို့ဘာတွေလုပ်နိုင်သေးလဲလို့...သူလှုပ်ပြီဆိုရင် အကုန် မျိုးပြုတ်တော့မှာ...လာမယ်လေ ၀ိလီကိ လို

  1. Anonymous said... :

    ဟုတ်ပ၊ ဟုတ်ပ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved