ချင်းမိုင်ဟိုတယ် တခုမှာ အစာအဆိပ်သင့်လို့ ၅ ယောက်မြောက် သေဆုံးမှုဖြစ်

Thursday, March 10, 2011

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ နယူးဇီလန်သူ ဆာရာ ကာတာ (Sarah Carter) အစာအဆိပ်သင့် သေဆုံးတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောကြားခဲ့ပြီး ဒီသေဆုံးမှုဟာ ချင်းမိုင်မြို့က ဟိုတယ်တခုတည်းမှာ ၅ ယောက်မြောက် အစာအဆိပ်သင့်လို့ သေဆုံးမှု ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွက် ဆာရာ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ အစာအဆိပ်သင့်တယ်လို့ သေဆုံးတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောကြားခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း အမေရိကန်သူ မာရီယန် ဆိုရာယာ ဗော်စတာ (၃၃ နှစ်) လည်း အစာအဆိပ်နဲ့ပဲ သေဆုံးခဲ့တာဆိုတာ ပေါ်လာပါတယ်။

မစ္စ ဗော်တာရဲ့ ခင်ပွန်း တိုနီ ပန်ဒိုလိုကတော့ သူ့ဇနီးဟာ ကျန်းမာရေးကေင်းမွန်ပြီး မသေဆုံးမီမှာ အစာအဆိပ်သင့်တဲ့ လက္ခဏာ မတွေ့ရဘူးလို့ နယူးဇီလန် သံတော်ဆင့် သတင်းဌာနကို ပြောထားပါတယ်။

“ကျနော် ကျန်းမာရေးဌာနကို အထပ်ထပ်အခါခါ မေးတယ်။ စားသောက်ဆိုင်နဲ့ ပတ်သက်လို့ နောက်တဆင့် ဘယ်လို လုပ်မလဲဆိုတာ။ ဒါပေမယ့် ဘယ်သူမှ တကယ်သိပုံမရပါဘူး။ ဘာမှလည်း သေချာ စိစစ်လုပ်ကိုင်ခဲ့ပုံလည်း မရပါဘူး” လို့ မစ္စတာ ပန်ဒိုလိုက ပြောပါတယ်။

မစ္စ ဗော်စတာ သေဆုံးမှုဟာ သီတင်းခြောက်ပတ်အတွင်း ချင်းမိုင်မှာ ငါးယောက် သေဆုံးမှုထဲက တခုဖြစ်ပါတယ်။


ဒေသခံ ထိုင်းအမျိုးသမီးတဦး၊ ဗြိတိသျှ အငြိမ်းစားများဖြစ်တဲ့ ဂျော့နဲ့ အယ်လင် အယ်ဗာရစ်တို့လည်း သီတင်းပတ်များအတွင်း ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့ပါတယ်။

သူတို့အားလုံးဟာ Downtown Inn ခေါ် ဟိုတယ် တခုတည်းမှာ သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
မတ်လ ၈ ရက်နေ့က ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ချင်းမိုင်မြို့ဝန် ပန်နဒါ ဒီဆာကူးကတော့ “ဒီသေဆုံးမှုတွေဟာ ရှေ့ဆင့်နောက်ဆင့် ဖြစ်တယ်ဆိုတာ ကျနော်တို့ ဝန်ခံပါတယ်။ ဒါပေမယ့် ဒါဟာ တိုက်ဆိုင်မှုသာ ဖြစ်ပါတယ်” လို့ ပြောသွားပါတယ်။

ချင်းမိုင်မြို့ကို ခရီးသည်တွေ စိတ်ချလက်ချ လာလည်နိုင်ဖို့ ကျနော်တို့ အကောင်းဆုံးလုပ်ခဲ့၊ ဆက်ပြီးလည်း လုပ်မှာပါလို့ ချင်းမိုင်မြို့ဝန်က ဆိုပါတယ်။

အသက် ၇၈ နဲ့ ၇၄ အသီးသီးရှိတဲ့ ဗြိတိသျှ အငြိမ်းစား ဇနီးမောင်နှံဟာ နှလုံးရောဂါ ထလာပြီး မိနစ်ပိုင်းအတွင်း ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့သား စတီဖင် အဲဗားရစ်ကတော့ ယုံကြည်ဖွယ်မရှိတဲ့ ရှင်းပြချက်ပဲလို့ မှတ်ချက်ပေးပါတယ်။

“နှလုံးရောဂါနဲ့ ပတ်သက်လို့ တခြားရောဂါတွေနဲ့ ပတ်သက်လို့ပါ ရောဂါ ရာဇဝင် မရှိခဲ့ပါဘူး။ သူတို့ ကျန်းကျန်းမာမာပါပဲ။ နှလုံးရောဂါနဲ့ တပြိုင်တည်း သေသွားတယ်ဆိုတာ လက်ခံဖို့ ခက်နေပါတယ်။ ဘယ်လိုတိုက်ဆိုင်မှုမျိုးလဲ” လို့ သားဖြစ်သူက ပြောပါတယ်။

မစ္စ ဆာရာရဲ့ အသားစ နမူနာကို အမေရိကန်နဲ့ ဂျပန်ကို ပေးပို့ စစ်ဆေးစေရာမှာ လမ်းဘေးက ဝယ်ခဲ့တဲ့ အစားတွေကို စားပြီး အစာအဆိပ်သင့်လို့ သေရတာသာဖြစ်တယ်လို့ ထိုင်းကျန်းမာရေး ဝန်ကြီးဌာနက တာဝန်ရှိသူက ပြောပါတယ်။

ဆာရာနဲ့ မိတ်ဆွေ ၂ ဦးဖြစ်တဲ့ အာမန်ဒါ အဲလီယာဆန်နဲ့ အီမာ လန့်ဂ်လန်းစ်တို့လည်း Dpwntown Inn မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က နေမကောင်းဖြစ်ခဲ့ကြပြီး ဆေးရုံတက်ရာမှ ၂ ရက်အကြာမှာ ဆာရာက သေဆုံးသွားတာ ဖြစ်ပါတယ်။ အာမန်ဒါနဲ့ အီမာကတော့ နေကောင်းပြီး နယူးဇီလန်ကို ပြန်သွားပါပြီ။

ဆာရာရဲ့ဖခင်ကတော့ ထိုင်းတာဝန်ရှိသူတွေဟာ သေချာ စုံစမ်းစစ်ဆေးမှုတွေ မလုပ်ခဲ့ဘူး၊ တခြား ဒီလို သေဆုံးသူတွေ ဘယ်လောက် ရှိနေပြီလဲ မသိနိုင်ဘူးလို့ စောဒက တက်ထားပါတယ်။

နယူးဇီလန် အစိုးရအနေနဲ့ ဒီလို သေဆုံးရမှုမျိုး ဒီနှစ်အတွင်း ဘယ်နှခု ရှိပြီလဲဆိုတာ စုံစမ်းပြီး ဆုံးဖြတ်ချက် တခုခု ချသင့်ပြီလို့ ဆာရာရဲ့ ဖခင်က တိုက်တွန်းထားပါတယ်။

နယူးဇီလန် နိုင်ငံခြားရေးဌာကတော့ ဆာရာသေဆုံးမှုနဲ့ ပတ်သက်ပြီး အလောင်းကို စစ်ဆေးမှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။ မေးခွန်းထုတ်စရာတွေ ရှိတယ်လို့လဲ ဘန်ကောက်က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုဒ်မှ သတင်းကို ဖတ်ရှုရန်)

ခက်ထန်
Ref: NZ Herald



1 comments :

  1. Anonymous said... :

    ဒေါင်တောင်းအင်းက ဘယ်နားမှာလဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved