ထိုင်းက ရေငုပ်သင်္ဘော ၆ စီး ဝယ်မည်

Tuesday, March 29, 2011

အန်ဒမန် ပင်လယ်နဲ့ ထိုင်းပင်လယ်ကွေ့ကို ကာကွယ်ဖို့ ထိုင်းတော်ဝင်ရေတပ်အတွက် ပထမဆုံးအကြိမ်အဖြစ် ဘတ် ၇၇ ဘီလီယံ တန်ဖိုးရှိ တပတ်ရစ် ရေငုပ်သင်္ဘော ၆ စီးကို ဂျာမနီကနေဝယ်ဖို့ ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက သဘောတူလိုက်ပါပြီ။

ရေငုပ်သင်္ဘောတွေမှာ တာဝန်ထမ်းဆောင်ဖို့ ရေတပ် အရာရှိတွေကို အထူးသင်တန်းပေးပြီး ထိုင်းတော်ဝင်ရေတပ်ရဲ့ ရေငုပ်သင်္ဘောတပ်ဖွဲ့သစ်ကို ဖွဲ့စည်းမယ်လို့ သိရပါတယ်။

ရေတပ်ဗိုလ်ချုပ် သူရိယ ပွန်သူရိယကို ရေငုတ်သင်္ဘောတပ်ဖွဲ့ရဲ့ ပထမဆုံး တပ်မှူးအဖြစ် ခန့်လိုက်ပါတယ်။

“ရေငုပ်သင်္ဘောတွေဟာ ရေအောက်အနက် မီတာ ၃၀ အထိ သွားနိုင်မယ်။ ထိုင်းပင်လယ်ကွေ့မှာ ရေတိမ်တဲ့အတွက် ဒီရေငုပ်သင်္ဘောတွေ အလုပ်မဖြစ်ဘူးဆို့တဲ့ ကောလာဟလတွေကို မယုံပါနဲ့။ ကောင်းကောင်း အလုပ်လုပ်နိုင်ပါတယ်” လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတဦးကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာက ရေးပါတယ်။

ဂျာမန်ရေတပ်က အခုထိုင်းက ဝယ်မယ့် ရေငုပ်သင်္ဘောတွေကို အနှစ် ၃၀ ကျော် အသုံးပြုပြီးလို့ ဆက်မသုံးတော့ဘဲ ထားမလို့ လုပ်နေတာပါ။ ဒါပေမယ့် ကျွမ်းကျင်သူတွေ အဆိုအရတော့ နောက်ထပ် ၁၀ နှစ်လောက်တော့ ကောင်းကောင်း သုံးလို့ရပါတယ်တဲ့။

ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေး သိပ္ပံဌာနက ကထိက ဆူရာချတ် ဘန်ရန်ဆပ်ကတော့ ထိုင်းစီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရခိုက်မှာ ဒီလို တန်ဖိုးကြီးလှတဲ့ ရေငုပ်သင်္ဘောတွေ ဝယ်ယူတာကို သဘောမတူဘူးလို့ ပြောပါတယ်။

ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်ဟာ မသိမသာတမျိုး၊ သိသိသာသာ တဖုံ စစ်လက်နက်ကို အပြိုင်တပ်ဆင်နေကြတာ ကြာပါပြီ။ မြန်မာစစ်အင်အား ကြီးထွားလာတာနဲ့ အမျှ ထိုင်းစစ်တပ်ကလည်း စစ်လက်နက် ကရိယာတွေကို ဝယ်ယူတပ်ဆင်ခဲ့ပါတယ်။

မြန်မာစစ်တပ်ကို မြောက်ကိုရီးယားက ရေငုပ်သင်္ဘောအငယ်စား ရောင်းမယ် (Irrawaddy Magazine, Vol-7, No-5)၊ မြန်မာရေတပ်မှာ ရေငုပ်သင်္ဘော ၂ စီး ရှိနေပြီ စတဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း အတည်ပြုတာ မရှိသေးပါဘူး။

Ref: Bangkok Post

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved