ယဉ်ကျေးမှုပျောက်တဲ့ မြန်မာပြည်

Wednesday, March 9, 2011


Paint: E Feliciano

(ဧရာဝတီ ဘလော့ဂ်ကို “ကိုထူး” က ပေးပို့တဲ့ ဆောင်းပါးပါ။)

ရှင်းပါသည်။ ယဉ်ကျေးသော အမှုကို ယဉ်ကျေးမှု ဟုခေါ်သည်။ ရိုင်းစိုင်းသော အမှုကို ယဉ်ကျေးမှုလို့ မခေါ်နိုင်ပါ။ ထို့အတူ ယဉ်ကျေးမှုနှင့် ၀တ်စားဆင်ယင်မှုကိုလည်း ရောထွေး မစဉ်းစားသင့်ပါ။ ၀တ်စားဆင်ယင်မှုဆိုတာ ခေတ်အလိုက် အချိန်အခါ အလိုက် ပြောင်းလဲခဲ့တာမဟုတ်ပါလား။

ကျောက်ခေတ်က အ၀တ်ဗလာ သို့မဟုတ် နံငယ်ပိုင်းဝတ်စုံကို ရိုင်းလှချည်ရဲ့လို့ ခုခေတ် လူတွေ ပြောလို့မရသလို ပုဂံခေတ်က ခါးတောက်ကျိုက်နှင့် အပေါ်ပိုင်းဗလာ ၀တ်စုံကိုလည်း မယဉ်ကျေးပါလို့ မဆိုနိုင်ပါဘူး။ စစ်ကြိုခေတ်က ဟံသာအေးဇာနိုင်လွန်ပါး ဘရာစီယာအထင်းသား၊ အခုခေတ် သူငယ်မတွေ တိုတာ ဟိုက်တာ ပါးတာ လောက်တော့ ရယ်တာပေါ့ ။ တောင်ရှည်ပုဆိုး နေရာမှာ ဘောင်းဘီတွေ အစားဝင်လို့ အခုဆို ကွာတားတွေ ဘောက်ဆာ ရှော့တွေ ဖြစ်ကုန်ကြပြီ။ ထိုင်မသိမ်းထမီ နေရာကနေ ဂါဝန် စကပ်တွေ ပေါင်လည် ပေါင်ပြတ်တွေအထိ ပြောင်းလဲလာခဲ့ပြီ။

ခေတ်အလိုက် အချိန်အခါအလိုက် ၀တ်စားဆင်ယင်မှုတွေဟာ ရှည်လိုက် တိုလိုက် စကဖြစ်လိုက် ကျပ်လိုက် ကျယ်လိုက် ဖုံးလိုက်ဖော်လိုက် အမျိုးမျိုး မရိုးရအောင် သူ့သဘော သူဆောင်ပြီး ဖြစ်လိုက် ပျက်လိုက် ရှိခဲ့တာပါ။ ထမီတထည် လျှော်ရတဲ့ရေ ၊ ဆပ်ပြာ၊ အချိန်တွေက စကတ် သုံးထည်လောက်လျှော်ရတာနဲ့ ညီမျှမယ်။ ဘောင်းဘီတထည် သက်တမ်းဟာ ပုဆိုးသုံးထည်သက်တမ်းနဲ့ ညီမယ်။ ပေါ်အောင်ဝတ်တာထက် တော်အောင်ဝတ်ကြရတဲ့ သဘောပါပဲ။


ဘုရားပေါ်ဘောင်းဘီ၊ စကတ်နဲ့  တက်ရောက်ဖူးမျှော်တာ ယဉ်ကျေးမှုနဲ့  မဆိုင်ပါ။ တိုက်ပုံ၊ ခေါင်းပေါင်းနဲ့ ရှိမှန်းမသိ မရှိမှန်းမသိ အတင်းကာရော အလှူငွေ ကောက်တာ ရိုင်းစိုင်းမှုပါ။ စင်ပေါ်ကို စကတ်၊ ဘောင်းဘီနဲ့  သီချင်းတက်ဆိုတာ မယဉ်ကျေးတာ မဟုတ်။ တိုက်ပုံပုဆိုးနဲ့ စင်ပေါ်ကနေ လူထုကို နားထောင်ချင်မှန်းမသိ နားမထောင်ချင်မှန်းမသိ အတင်းဆင့်ခေါ် အသံကုန် ဟစ်နေတာ ရိုင်းစိုင်းမှုပါ။

ဘောင်းဘီဝတ် (ယခု ချိတ်ထမီဝတ်) တွေလာရင် ကြီးကြီးငယ်ငယ် လက်အုပ်ကလေးချီ ပြားပြားဝပ် နှုတ်ခွန်းဆက်တာ ယဉ်ကျေးမှု မဟုတ်ပါ။ ကြောက်လို့ သို့မဟုတ် မျက်နှာကောင်းရချင်လို့ လုပ်တဲ့၊ ရိုင်းစိုင်းမှုကို ဖုံးကွယ်တဲ့ နအဖခေတ်ပေါ် ယဉ်ကျေးမှု အတုအယောင် ဖားနည်းတမျိုးပါ။


ဝတ်စားဆင်ယင်မှုတွေ ဘယ်လိုဘဲ ပြောင်းပြောင်း၊ မပြောင်းမလဲ ရှိနေသင့်တာက ယဉ်ကျေးမှုပါ။ မြန်မာ့ယဉ်ကျေးမှုပါ။ တောင်ရှည်၊ ချိတ်ထမီ၊ တိုက်ပုံ၊ ခေါင်းပေါင်းနဲ့  လျှောက်ဆဲနေလို့ကတော့ ယဉ်ကျေးပါတယ်လို့ ပြောလို့ရပါမလား။ လည်ဟိုက်၊ ပေါင်တို၊ ဂါဝန်စကပ်ကလေး ၀တ်ထားသော်လည်း ယဉ်ယဉ်ကျေးကျေး ပြောဆို ပြုမူနေထိုင်သူကိုလည်း ယဉ်ကျေးမှု မရှိဘူးရယ်လို့ မပြောနိုင်ပါဘူး။

မြန်မာ့ယဉ်ကျေးမှု ဆိုတာရှင်းပါသည်။ မြန်မာပြည်သူတွေရဲ့ ယဉ်ကျေးမှုပါ။ ယဉ်ကျေးကြတယ်။ မရိုင်းကြဘူး၊ ရဟန်းသံဃာများ ကြွလာရင် လက်အုပ်ကလေးချီ ရှိခိုးလို့။ သံဃာတော်တို့ ရဲ့အရိပ်တောင်မှ နင်းမိရင် အပြစ်ဖြစ်မှာစိုးလို့ အရိပ်လွတ်အောာင် အသာလေးရှောင်၊ လမ်းပေးလို့။ လူငယ်များ လူကြီးသူမ များရှေ့ဖြတ်ရင် ခါးကလေးကိုကိုင်း၊ ခေါင်းကလေးကို ငုံ့လို့။ သားသမီးတွေကလည်း မိဘတွေအပေါ် အနန္တော အနန္တငါးပါး တဂိုဏ်းထဲထား၊ အလွန်မှ ရိုသေလေးစားလို့။ တပည့်တွေကလည်း ဆရာ ဆရာမများကို မိဘများနည်းတူ ရိုသေလေးစားလို့။

လူငယ် လူကြီးမရွေး သက်ကြီးရွယ်အို ဒုက္ခိတများ လမ်းတွေ့ရင် ဖေးမကူညီလို့၊ ဘတ်စ်ကားပေါ်မှာ သက်ကြီးရွယ်အို၊ မသန်မစွမ်းသူ၊ ကိုယ်ဝန်ဆောင်သူနဲ ကလေးမအေ အမျိုးသမီးတွေကို အလုအယက် နေရာပေးလို့၊ မတော်တဆ ထိမိ ခိုက်မိ တိုးမိ တိုက်မိရင် ကန်တော့ ကန်တော့ ဆိုပြီး ပြာပြာသလဲ တောင်းပန်လို့။ တောင်းပန်ခံရသူကလည်း ကျေကျေနပ်နပ် ခွင့်လွတ်လို့၊ ကားဆရာ စပယ်ယာတွေကလည်း ခရီးသည်တွေကို ဦးဦးဒေါ်ဒေါ် ကိုကိုမမ သိမ်သိမ်မွေ့မွေ့ ပြောဆိုဆက်ဆံကြလို့။

ဈေးရောင်းသူတွေကလည်း ဈေးဝယ်သူအပေါ် မ၀ယ်ခင်ကတည်းက ပြုံးပြကြိုဆို နေရာပေးလို့ ၀ယ်သူကို သေသေချာချာ ရှင်းပြပြောဆိုလို့။ မ၀ယ်ရင်လည်း အပြုံးမပျက် နောက်ကြုံရင် ၀ယ်ဖို့အကြောင်း ပြောလို့။ ဆေးရုံမှာ ဆရာဝန် ဆရာမတွေကလည်း လူနာတွေကို မိမိဆွေမျိုးသားရင်းပမာ ချိုချိုသာသာ ပြောဆိုယုယလို့ ။ အလုပ်ရုံတွေမှာလည်း အလုပ်ရှင် အလုပ်သမား ထက်အောက်ပြန်လှန် ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံ ကြလို့။ ပြဿနာတွေကို ပြေပြေလည်လည် ဖြေရှင်းကြလို့။ ရုံးဝန်ထမ်းတွေလည်း ထက်အောက် ယဉ်ယဉ်ကျေးကျေး ပြေပြေလည်လည် ဆက်ဆံကြလို့ ။ ပြည်သူတွေကို အချိန်ကုန် လူပန်းမဖြစ်အောင် အလျင်အမြန် ဆောင်ရွက်ပေးကြလို့။ ပြည်သူ့ ရဲသားကြီးတွေကလည်း ပြည်သူတွေကို ဆဲဆိုရိုက်နှက် ခြမ်းခြောက် ငွေတောင်း အလျင်းမပြုကြဘဲ ကြင်ကြင်နာနာ အကူအညီပေးကြလို့။ ပြည်သူ့ တပ်မတော်သားတွေကလည်း ပြည်သူတွေအပေါ် မေတ္တာ စေတနာအပြည့်နဲ့ ကူညီ ကာကွယ် စောင့်ရှောက်ပေးကြလို့။

ဒီလို ယဉ်ကျေးမှုဆိုတာတွေဟာ မြန်မာပြည်မှာ တချိန်က တကယ်ရှိခဲ့ဖူးပါတယ်။ မယုံမရှိကြပါနဲ့။ ဘုရားစူးရှိခဲ့ပါတယ်။ မြန်မာတွေ တယ်ယဉ်ကျေးကြပါကလား၊ တယ်သိမ်မွေ့ကြပါကလားဆိုပြီး တကမ္ဘာလုံးက လေးစားခဲ့ကြပါတယ်။ ယဉ်ကျေးမှုရှိတဲ့ လူမျိုးအဖြစ် ကမ္ဘာ့အလယ် တင့်တင့်တယ်တယ် ထည်ထည်ဝါ၀ါရှိခဲ့ဖူးပါတယ်။

ခုတော့ အားလုံးပျောက်ကွယ် သွားခဲ့ပါပြီ။
ယဉ်ကျေးတဲ့လူတွေက လူရိုင်းစိုင်းတွေ ဖြစ်သွားခဲ့ပြီ။
လောဘ ဒေါသ မောဟ လွှမ်းခြုံတဲ့ အရိုင်းလောကကို မွေးဖွားစေခဲ့ပြီ။

အားလုံးသိတဲ့ အတိုင်းပါပဲ။ မိဘပြည်သူများ ဘတ်စ်ကားပေါ်မှာ၊ ရထားပေါ်မှာ၊ ရုံးမှာ၊ ရဲစခန်းမှာ၊ ဆေးရုံမှာ၊ ဈေးမှာ၊ ဘယ်နေရာမှာ ယဉ်ကျေးပျူငှာ ဆက်ဆံခံရတဲ့ နေရာများ ရှိပါသေးသလား။ မိဘပြည်သူဆိုတာ အသာထား မိမိကိုးကွယ်ရာ ဘာသာ သာသနာ ကျောင်းကန် ဘုရားတွေကိုတောင် သူပုန်စခန်းလို ၀င်စီး၊ သံဃာတော်တွေကို သေနတ်နဲ့ ပစ် ဒုတ်နဲ့ ရိုက်တဲ့ အဆင့်အထိ ကမ်းကုန်အောင် ရိုင်းစိုင်းခဲ့ပြီပဲ။

တခါက နိုင်ငံ့ဥသျှောင် နံပါတ်တစ် ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်နေ၀င်း တိုင်းပြည်ကို မဆဲရုံတမည် ချွေခဲ့တဲ့ မိန့်ခွန်းမှာ “သည်တခါ ရုတ်ရုတ်ရုတ်ရုတ် လုပ်ရဲလုပ်ကြည့်။ သေနတ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး၊ ပစ်ရင်မှန်အောင် တည့်တည့်ပစ်တယ်” တဲ့ (တကယ်လည်းပစ်ခဲ့ပါတယ်)။

ကမ္ဘာသိ နိုင်ငံသိ မကောင်းတတ်လို့ ဒီလောက်ယဉ်ယဉ်ကျေးကျေး ပြောခဲ့တာပါ။ ထုံးစံအတိုင်းဆိုရင် ရှေ့က မအေ နှမတွေနဲ့များ အစချီမလား မသိပါ။

မအေနှမ တစ်တစ်ခွခွ ဒေါသတကြီးဆဲဆို၊ ကိုယ်ထိလက်ရောက် စော်ကား ပါးရိုက် နားရိုက်၊ ခြေထောက်နဲ့ ကန် လက်သီးနဲ့ထိုး ဆိုတာတွေဟာ မြန်မာပြည်စစ်တပ် ထိပ်တန်း ခေါင်းဆောင်ကြီးများရဲ့ ယဉ်ကျေးမှုပါပဲ။ ခေါင်းဆောင်ကြီးများကို အားကျအတုယူလို့  အောက်ခြေ ၀န်ထမ်းအားလုံး ရပ်ကွက်လူကြီး လမ်းလူကြီး ဆယ်အိမ်ခေါင်း ဘတ်စ်ကား စပါယ်ယာ အရောင်းဈေးသည် ဆိုက်ကားသမားပါမကျန် ရိုင်းစိုင်းကြပြီဘဲ။

သည်လောက် ရိုင်းစိုင်းတဲ့ ခေါင်းဆောင်ကောင်းတွေ ရှိတဲ့နိုင်ငံ ဒီကမ္ဘာ ဘယ်မှာ ရှာလို့ရပါမလဲ (အခုတော့ လစ်ဗျား ဖြစ်နိုင်ပါတယ်)။ အနှီခေါင်းဆောင်ကြီးနောက် ကောက်တက်လာတဲ့ ဗိုလ်သန်းရွှေ လက်ထက်မှာတော့ ဆရာကောင်းတပည့် ပီသစွာ မဲမဲမြင်ရာ အကုန်ဆဲ၊ အကုန်ဖမ်း၊ အကုန်ပစ်တော့တာပါပဲ။ ကမ္ဘာ့ယဉ်ကျေးတဲ့ နိုင်ငံတွေကလည်း အနှီလူရိုင်း လူရမ်းကားတွေကို ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင် အလည်တောင် အလာမခံတော့ပါဘူး။

၁၉၆၂ ကနေ ယခုလက်ရှိ အချိန်အထိ ၄၉ နှစ်ဟာ မြန်မာပြည်ကြီး ယဉ်ကျေးမှုပျက်သုဉ်း အမှောင်ဖုံးတဲ့ခေတ်၊ မင်းဆိုးမင်းညစ် အုပ်စိုးတဲ့ခေတ်၊ တိုင်းပြည် ချောက်ထဲကျ ရေစုန်မျော အဖတ်ဆယ်မရ စုံးစုံးမြုတ်တဲ့ခေတ်။ ဒီလိုခေတ်ကြီးမှာမှ လူလာဖြစ်ရတဲ့ ကျနော်တို့ဘ၀။ (မယုံရင် ဘန်ကောက်၊ စင်ကာပူ၊ မလေးရှား တခါလောက် သွားလည်ကြည့်ပါ။ ယဉ်ကျေးတဲ့ နိုင်ငံတွေ ဘယ်လို ဘယ်လောက် တိုးတက်သလဲဆိုတာ မျက်ဝါးထင်ထင် တွေ့မြင်ရပါလိမ့်မယ်)။

၁၉၉၀ ၀န်းကျင် မိခင် ဆုံးပါးမသွားခင်က ပြောခဲ့ဖူးတယ်။

“ငါ့သား တမင်းမကောင်း တမင်းပြောင်းလို့ နောက်မင်းသည့်ထက် ကောင်းမယ် ထင်ပြီး နောက်မင်း မမျှော်နဲ့၊ နောက်မင်း ဒီထက်ဆိုးလိမ့်မယ်” တဲ့။

၂၀၀၀ ပြည့်လောက်မှာ “မှန်လိုက်တာ အမေရယ်လို့” ပြောမိတယ်။
၂၀၁၀ မှာလည်း “မှန်လိုက်တာ အမေရယ်လို့” ပြောမိတယ်။
၂၀၂၀ မှာရော “မှန်လိုက်တာ အမေရယ်လို့” ပြောနေရဦးမှာလား။

“ဒီတခါတော့ အမေမှားပြီဗျို့” လို့ ဘယ်တော့ပြောနိုင်မှာလဲ။

ယဉ်ကျေးတဲ့ မင်းကောင်းမင်းမြတ် တပါးလောက်တက်လာပြီး ယဉ်ကျေးတဲ့နိုင်ငံကြီး ပြန်ဖြစ်အောင် ထူထောင်သွားတာ မသေခင် မြင်သွားချင်ပါသေးတယ်။

အခုတော့ လူရိုင်းတွေကြား အမှားမရှိရလေအောင် ယဉ်ကျေးမှုပျောက်နေတဲ့ မြန်မာပြည်မှာ ကျနော် ယဉ်ယဉ်ကျေးကျေးလေး နေထိုင်နေပါတယ်။

10 comments :

  1. Directly hit to hearts !

  1. Man Thar KoKo said... :

    ကောင်းတယ်ဗျာ...
    ကျနော်တို့လည်း 'ခင်ဗျားအမေမှားတယ်ဗျာ' လို့ ပြောချင်လိုက်တာ/

  1. နာဂစ်ဆိုတဲ့ မုန်တိုင်းကြီးဖြစ်ပြီးကာစ 2008 ခုနှစ်က အချိန်ကာလတခုဖြစ်ပါတယ်။ အဲဒီတုံးက မေမြို့စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးက ဘိုမူးချုတ်ဇေယျာအောင်ပါ။ သူနဲ့ အပတ်စဉ်တူတွေ စစ်တိုင်းမူးဖြစ်ကုန်ကြပြီး ၊ သူ့ မှာတော့ ကျောင်းအုပ်ကြီးပဲဖြစ်နေရတဲ့အချိန်ကပေါ့။ လက်အောက် ငယ်သားတွေကို နိုင့်ထက်စီးနင်းလုပ်ပြီး စိတ်ဖြေခဲ့ရတုံးပေါ့ ။



    တစ်ခုသောတနေ့ မှာ မေမြို့စစ်တက္ကသိုလ် DSA စာပေဌာန (၂)မှာ အယာရှိအိပ်ဆောင်တခု မတော်တဆ မီးလောင်သွားပါတယ်။ စာပေဌာန (၂) ဆိုတာ မာစတာတန်းနဲ့  ရှရှားနိုင်ငံသွားဖို့  ဘာသာစကားသင်တန်းပေးတဲ့ စစ်ဘိုတွေ တက်ရောက်ရာ ဌာနတခုဖြစ်ပါတယ်။ အိပ်ဆောင်မီးလောင်သွားတာက ရှရှားဘာသာစကားသင်တန်းကပေါ့နော် ။ အဲဒီတုံးက DSA အပတ်စဉ် ၄၉ တွေပါ။ နေ့ ခင်းချိန်မှာ သင်တန်းတက်နေတုံး အိပ်ဆောင်မှာဝါယာလျှော့ဖြစ်ပြီး မီးလောင်တာပါ။ အဆောင်နံပါတ်တွေ ၊ဆုံးရူံးမှုတွေ ၊လျှော်ရတာတွေတော့ မပြောတော့ပါဘူး။

    အဲဒီမီးလောင်တဲ့  အကြောင်းရင်းကို ကျောင်းအုပ်ကြီး ဘိုမူးချုတ်ဇေယျာအောင်က စစ်ဆေးပါတယ်။ အိပ်ဆောင်က ဘုရားစင်မှာမီးသီး မပိတ်ခဲ့လို့  လျော့ဖြစ်တဲ့ အဖြေထွက်ပါတယ်။ မီးဘယ်ကစလောင်

    ဘုရားစင်ကလောင် ၊

    ဒါဆို ဘုရားစင်မှာအပြစ်ရှိတယ်လို့ 

    သတ်မှတ်လိုက်တာတော့ ဘိုမူးချုတ်ဇေယျာအောင်ပါပဲ ။ နောက်တခါ မီးလောင်မှုမျိုးမဖြစ်ရအောင် အိပ်ဆောင်တွေအားလုံးမှာ ဘုရားစင်တွေဖြုတ်ပစ်ဖို့  အမိန့် ထုတ်ခဲ့ပါတယ်။ ဘုရားစင်က အပြစ်ရှိ တာကိုး။ စစ်တက္ကသိုလ်ထဲက စစ်သားမှန်သမျှအိမ်ခန်းတွေအားလုံးမှာ ဘုရားစင်တွေ ဖြုတ်ပစ်ရပါတော့တယ်။ DSA တပ်နယ်တခုလုံး ဘုရားစင်ဖြုတ်ပစ်ရပါတယ်။ ဘိုမူးချုတ်ဇေယျာအောင်နဲ့ တွေမှ ဘုရားဆင်းတုတော်တွေခမျာ ကိန်းဝပ်စံပယ်ရာနေရာပျောက်ပြီး အမိုက်ပုံရောက်သွားပါတယ်။ ဘုရားစင်တွေကိုလဲ ထင်းခွဲပြီး မီးလူံလိုက်ကြပါတယ်။ ဘုရားစင်ကစပြီး မီးလောင်တယ်ဆိုပြီး ဒီလိုအမိန့် ထုတ်ခဲ့တဲ့ ဘိုမူးချုတ် ဇေယျာအောင် ဗုဒ္ဓဘာသာဝင်မှ ဟုတ်ပါရဲ့လား လို့ စဉ်းစားမိပါတော့တယ်။ တကယ်တော့ စစ်သားတွေမှာ ဘာသာတရားမှမရှိတာပဲလေ။ ပါဏာတိပါတာကံကို ဂရုမစိုက်လို့  ၊ လူ လူချင်း သတ်ချင်လို့ မှ စစ်ထဲဝင်ကြတာပဲမလား။

    အခုနေခါများ ဗုဒ္ဓမြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိနေခဲ့ရင် မြို့တွင်းမြို့ပြင် မေတ္တာသုတ်ရွတ်ပြီး သတ္တဝါတွေကိုမေတ္တာပို့ နေတုံးမှာ အဲဒီစစ်သားအာဏာပိုင်တွေက သေနတ်နဲ့  မပစ်သတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ ။ သူတို့ ပြစ်ရင်လဲ မြတ်စွာဘုရားက အောင်ခြင်း( ၈ )ပါးကို အောင်နိုင်ပြီးသားဆိုတော့ အေးဆေးပါနော် ။

    မြတ်စွာဘုရားရှင် မေတ္တာသုတ်ရွတ်ရင်တောင် သေနတ်နဲ့ လိုက်ပစ်မဲ့ နိုင်ငံသားကောင်းစစ်သားတွေပေါ့နော် ။

    ဘုရားဆင်းတုတွေကို လွင့်ပစ်၊ ဘုရာစင်ကိုဖြုတ်ခိုင်းတဲ့ ဘိုမူးချုတ်ဇေယျာအောင် တစ်ယောက်တော့ ယခုအခါ ကချင်ပြည်နယ်တိုင်းမူးအဖြစ် ဘိုချုပ်ဖြစ်နေပါပြီ။ ဘုရားစင်ဖြုတ်ခိုင်းလိုက်လို့ ရာထူးတိုးသွားသလားဆိုတာ့ ကျွန်တော်လည်းအတတ်မပြောနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါလေးကတော့အမှတ်တရရှိနေမှာပါ။ ဘိုချုတ်ဇေယျာအောင် တစ်ယောက် နောင်ဘဝတွေမှာတော့ ဘယ်လိုရာထူးတွေရဦးမယ်ဆိုတာတော့ သူ့ ကံကြမ္မာကို မေးကြည့်မှသိပါလိမ့်မယ်။ ဖြစ်ရပ်မှန်ဆိုတော့ ဘယ်သူတွေ ဖင်ပိတ်ငြင်းကြမလဲ စောင့်ကြည့်ဦးမယ်။

  1. timothy said... :

    မှန်လိုက်လေ၊သွေးထွက်အောင်မှန်ကန်တဲ့၊ကိုဇာဂနာပြောတဲ့မှန်ကိုကန်တဲ့၊အမှန်တရားရဲ့အဆီအနှစ်ကိုပြောနေတဲ့ကိုထူးရေလို့ဘဲလေးစားစွာဂုဏ်ပြု၊
    စကားချီးပါရစေ။
    ဗမာပြည်သားအားလုံးဒီစာသားတွေကိုသေချာဘတ်ပြီးပြုပြင်
    ယဉ်ကျေးနိုင်ကြပါစေ။
    အရိုင်းအစိုင်းဗိုလ်သန်းရွှေနဲ့သရဲသဘက်တစုတို့ရဲ့အကျင့်စရိုက်နဲ့မတူ၊
    ယဉ်ကျေးသောအပြုအမူများနဲ့ဘုရား၊အရား၊သံဂါ၊မိဘ၊ဆရာသမားများကို
ိုရိုသေကိုင်းရှိုင်းပြီး၊မိမိနဲ့ပါတ်ဝန်းကျင်လူသား၊တိရိစ္ဆာန်ပန်းမာလ်များကအစ၊
    ကျင်နာကိုင်းရှိုင်းတပ်ကြတဲ့လူယဉ်ကျေးများဖြစ်အောင်ကြိုးစားကြပါ။
    အားကြီးသူကကိုယ်ဖြစ်ရင်အားနဲသူတဖက်သားကိုဖိထောင်းမဲ့အစား၊
    ဖေးမကူညီအားပေးနိုင်တဲ့သတ္တိအစစ်ကိုမွေးနိုင်ကြပါ။
    အားလုံးအကျင့်ဆိုးများကိုအမြန်ဆုံးစွန့်လွှတ်နိုင်မှလဲ၊
    လူတိုင်းမျှော်မှန်းတဲ့ဖက်ဆစ်စစ်ကျွန်ဘဝကလွတ်နိုင်တဲ့နှလုံးရည၊်
    လက်ရုံးရည်များနဲ့ပြည့်စုံနိုင်လာမယ်။
    ရန်သူဖက်ဆစ်စစ်ဘီလူးများကတောင်တည်ကြည်ဖြောင့်မတ်ရိုးသားတဲ့၊
    ပြည်သူလူထုကိုလေးစားလာပြီးလုပ်ချင်ရာမလုပ်တော့ဘူး။
    မပြင်ဘဲဒီအတိုင်းစစ်ဘီလူးများဖျက်ဆီးထားတဲ့အတိုငိးနေမယ်ဆိုရင်တော့၊
    စစ်ဘီလူးများကတော့၊ဒီကောင်တွေအလကား၊အာပလာတွေ၊
    ငါတို့လုပ်တာခံရမဲ့ကျွန်တွေအဖြစ်နဲ့ဘဲ၊
    တသက်မဟုတ်၊သားစဉ်မြေးဆက်၁၀သက်မက၊
    စိတ်တိုင်းကြသမနေမှာဘဲ။
    ခံပေတော့။
    ယဉ်ကျေးအောင်ပြင်မလား? ရိုင်းရိုင်းစိုင်းစိုင်းနဲ့အတိုင်းနေပြီး
    လုပ်သမျှလည်စီးပြီးခံမလား?
    မိမိကံကြမ္မာကိုမိမိသာဖန်ဆီးရအိတဲ့။ကြိုက်တဲံလမ်းရွေးနိုင်ပါတယ်။
    လမ်းရွေးမှန်နိုင်ကြပါစေ။

  1. timothy said... :

    မောင့်ဒါလီရေးတာဖတ်ရတော့၊
    ငယ်ငယ်ကအငြိမ့်ကဇာတ်မှာပြတဲ့ဂျပန်တော်လှန်ရေးတိုက်ပွဲလေးပြေး
    သတိရမိဗျား။ အဲဒီမှာဗိုလ်လုပ်သူကဘာမပြောညာမပြောနဲ့ထအော်တယ်။
    "မှန်တဲ့လူတွေကျ။
    မမှန်တဲ့လူတွေတက်။"
    အဲဒါဘဲဗျာ။
    ကျောင်းအုပ်ဗိုလ်ချုပ်လဲမမှန်တဲ့အထဲပါတော့(ဒီဘဝမှာအကုသိုလ်တွေ၊
    ပြည့်ဝအောင်စုရမဲ့တာဝန်လေ)၊ရာထူးတက်ပြီးဆက်တက်သွားလေရဲ့မဟုတ်လား။
    သူသေရင်တော့အဝီစိမှာမကျွတ်တမ်းခံရမှာကတော့၊ကျတော်တို့
    ဘာသာတရားတော်မြတ်ကသွန်သင်ထားလို့သိရကြောင်းပါ။
    မိဘဆိုဆုံးမမှုကင်းဝေးတဲ့လူ့အရိုင်းအစိုင်းဗိုလ်ချုပ်ကြီး၊ဗိုလ်ျချုပ်ကလေးများ၊
    အကုသိုလ်ဝတ်ဆင်းရဲမှအမြန်ကင်းလွတ်အမြင်မှန်ရပြီးလူစိတ်ဝင်လာနိုင်ကြပါစေ။

  1. Anonymous said... :

    ၈၀ရာခိုင်နှုန်းမှန်ပါသည်။ဒါပင်မယ့်ယဉ်ကျေးမှုနှင့်ပတ်သက်လျှင်ဟီရိသြတ္တပတရားအတိုင်းအတာတစ်ခုအထိထားသင့်သည်ဟုဆိုနိုင်ပါသည်။ဂျပန်နိုင်ငံတွင်ဂျပန်သူတစ်ယောက်ရင်ဟိုက်၊ပေါင်တိုစကတ်ပြတ်ဝတ်ထားသည်မြင်လျှင်အံ့သြမိမည်မဟုတ်ပါ။သို့သော်ထိုအဖြစ်မျိုးမြန်မာနိုင်ငံတွင်မြင်တွေ့ ရပါကအမြင်မသင့်ပါ။ခေတ်ရေစီးကြောင်းကိုဘယ်သူမှမတားမြစ်နိုင်ပါ။ဂီတပင်လျှင်ပေါ့ရော့ခ်ခေတ်မှရပ်(ပ်)ခေတ်ရောက်လာသည်ကိုကြည့်လျှင်သိသာထင်ရှားပါသည်။သို့သော်ကိုယ်နေသောအရပ်သင့်လျှော်သောခေတ်ရေစီးကြောင်းဝတ်စားဆင်ယင်မှုသာဖြစ်သင့်သည်ဟုထင်ပါသည်။ခေါင်းပေါင်းတိုက်ပုံချိတ်ပုဆိုးတကားကားဝတ်ရမည်ဟုမဆိုလိုပါ။ဆံပင်ကြောင်တိကြောင်ကျားဆိုးအပေါက်အပြဲ(တမင်)ပါသောအ၀တ်အစားဝတ်၊ဘာသာရေးနှင့်ပတ်သက်သောအခမ်းအနားများတွင်ရင်ဟိုက်၊ပေါင်တိုစကတ်ပြတ်များမ၀တ်လျှင်ကောင်းပါသည်။ကိုထူးပြောသောကိုယ်စိတ်နှုတ်အမူအရာဘက်မြန်မာလူမျိုးများယဉ်ကျေးသိမ်မွေ့ ခဲ့သည်ကိုကျွန်တော်ငယ်စဉ်ကလည်းကိုယ်တွေ့ တွေ့ ကြုံခံစားဖူး၊ကိုယ်ကိုတိုင်လဲကောင်းသည့်အမူအရာအတုယူကျင့်သုံးဆဲဖြစ်ပါသည်။အမှန်ဆိုရလျှင်မြန်မာပြည်သူအများစုမရိုင်းပြပါ။ယဉ်ကျေးပျူဌာကြဆဲဖြစ်ပါသည်။ယခုမျက်မှောက်အုပ်ချုပ်ရေးညံ့ဖျင်းမှု၊စားဝတ်နေရေးကျပ်တည်းမှုများကြောင့်သာစိတ်ဖိစီးမှုများလာပြီးယခင်ထက်ပိုမိုစိတ်တိုလာတတ်ခြင်း၊အတ္တဆန်လာတတ်ကြခြင်း၊စာနာစိတ်ကင်းပါးသွားခြင်းများဖြစ်လာရခြင်းဖြစ်ပါသည်။အများစုရိုင်းပြသည့်အဆင့်မရောက်ကြသေးပါ။မောက်မာမာန်တက်အာဏာပြရိုင်းစိုင်းတတ်ကြသူအနည်းစုမှာကိုထူးပြောသလိုပင်ဘောင်းဘီဝတ်(ချွတ်လူတန်းစားများ)၊လူ့ ရေပေါ်ဆီအာဏာဓနရှိသူအချို့၊စီးပွားရေးသမားကြီးများစသည်လူတန်းစားများသာဖြစ်ပါသည်။ကိုထူးပြောသလိုအပေါ်ယံဟန်လုပ်လက်အုပ်နှုတ်ဆက်တာမျိုး၊အရောင်းစတိုးဆိုင်များသွားလျှင်အချို့ သူဌေးများခိုင်းစေထားမှုကြောင့်ခါးညွတ်ကြလုမတတ်ကိုင်းညွတ်လက်အုပ်ချီပြီးရင်ထဲကလာတာမဟုတ်သော”မင်္ဂလာပါ”ဟူသောစကားသံကိုကြားရသည်ထက်ကိုယ်အမူအရာပါမပါကိစ္စမရှိ၊စိတ်နှလုံးထဲကလာသောစကားအချို့ ကြားရသည်ကပိုမိုအနှစ်သာရရှိနားဝင်ချိုစေပါသည်။ထိုသို့သောမြန်မာနိုင်ငံသားတိုင်းဥစ္စာအာဏာဓနရှိသည်မရှိသည်အသာထား၊ကိုယ်စိတ်နှုတ်အမူအရာအပြုအမူယဉ်ကျေးပျူဌာခြင်းပိုင်ဆိုင်လာသောတစ်နေ့အမြန်ရောက်စေရန်သာဆုတောင်းမိပါသည်။မည်သူမည်မျှပင်မကောင်းစေကာမူကောင်းသောအမူအကျင့်၊ယဉ်ကျေးသောအပြုအမူကိုမိမိကိုယ်တိုင်ကသာစတင်ကျင့်သုံးခြင်းဖြင့်အမိမြန်မာနိုင်ငံကိုကျေးဇူးဆပ်သင့်ကြောင်းငယ်စဉ်ကနေထိုင်ကြီးပြင်းခဲ့သော(သို့)လက်ရှိအမိမြန်မာနိုင်ငံတွင်နေထိုင်နေကြသူတိုင်းကိုရောတိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

  1. Kane said... :

    Only Corruption which is related with Economy which influence Education, Health Care, Public Service and so on matters.. Just handle corruption, everything will come out better than expected.. Just learn how Singapore become a nation respected around the world..
    Traditions or Culture do not matter much.

  1. Anonymous said... :

    မှားတော့မှားနေပြီ
    ယဉ်ကျေးခြင်းနဲ့ယဉ်ကျေးမှုဆိုတာမတူပါဘူး...ယဉ်ကျေးခြင်းဆိုတာ ယဉ်ကျေးစွာသွားလာနေထိုင်ပြုမူကျင့်ကြံပြောဆိုခြင်းပဲဖြစ်ပါတယ်..ယဉ်ကျေးမှုဆိုတာထုံးတမ်းစဉ်လာလို့ပြောလဲရပါတယ်..culture..ကိုပြောခြင်းဖြစ်ပါတယ်...လုံးထွေးပြီးအီဖမ်းမရှူပါနဲ့......:D

  1. Anonymous said... :

    သူခိုး နွားကောင်း၊ မသိရှောင်း၊ အကြောင်းဘယ်သို့ တည်သနည်း။
    ဘုရားရွှေသုတ်၊ သန်းရွှေပြုတ်၊ ဥာဏ်နုံ့နည်းသူ လူအကြီး။
    ရွှေသုတ်မကြာ။ လေဖြတ်ကာ၊ သေရွာသွာ:ဖို့ နီးထက် နီး။
    ယဉ်ကျေးတန်ဘိုး၊ မသိနိုး၊ သူခိုး လူလယ် ကျတဲ့နည်း။
    သားသတ် ခွေးဆိုး၊ အဖေ့ကိုး၊ လွတ်ရိုး ပါယ်ရွာ မရှိတည်း။
    သန်းရွှေလည်းကင်း၊ မြန်ပြည်တွင်း၊ ငြိမ်းခြင်း သာယာ ရှိမည်တည်း။

  1. Anonymous said... :

    စာရေးသူနှင့် comment ပေးသူ မိတ်ဆွေအပေါင်းတို့ခင်ဗျာ.. ဘယ်သူမကောင်းဘူး ကောင်းတယ်ဆိုတာ ဝေဖန်ပြောဆိုတာတော့ဟုတ်ပါပြိ
    ခင်ဗျာတို့ကိုယ်တိုင်ရော ယဉ်ကျေးမှု့ ၊ ယဉ်ကျေးစွာသွားလာနေထိုင်မှု ရှိကြရဲ့လား၊ လူတွေက သူတစ်ပါး အပစ်ကို သိပ်ပြိးပြောချင်ကြတာ ကိုယ်တိုင်လိုက်နာကျင့်ကြံနိုင်ပါသလား စမ်းစစ်ကြည့်စေလိုပါသည်ခင်ဗျာ..ကိုယ်တိုင်ကတော့ တိုင်းပြည်အကျိုး လူမျိုးအကျိုး ဘာသာသာသနာအကျိုးကို ဆောင်ရွက်ပေးခြင်း ရှိပါရဲ့လား..အကယ်၍ မရှိသေးဘူးဆိုရင် ကိုယ့်ကိုယ်ကို အရင်ပြုပြင်ပြိးမှ သူတစ်ပါးကို သင်ပြပေးပါ ..သိစေလိုသော စေတနာနဲ့ ပြောပြပေးပါ.. အပစ်ယူအပစ်ဆိုခြင်းဖြင့် ရေးသားမယ်ဆိုရင် ကိုယ်တိုင် အတ္တမာနကြိးသူဖြစ်ပါလိမ့်မယ်.. ကျေးဇူးတင်ပါတယ်..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved