ပြင်ကြဆင်ကြ မူးကြရူးကြ လွှတ်တော်ပုံရိပ်များ

Tuesday, March 29, 2011


ကျားပေါက်၊ မတ် ၂၉၊ ၂၀၁၁

တပ်ချုပ်ရဲ့ လျှို့ဝှက်ချက်တွေအပေါ်မှာ ခံစားနေကြရတဲ့ နအဖ ဝန်ကြီးများ၊ စစ်တပ်အာဏာကို လက်လွှတ်ပြီး နိုင်ငံရေးသမားတဖြစ်လဲ ဗိုလ်ချုပ်ဟောင်းများ၊ ထိုစဉ်နဲ့အမျှ တပ်ချုပ်ရဲ့ ဆုပေး ဒဏ်ပေးအပေါ် အခြေခံတဲ့ အာဏာနဲ့ နေရာအတွက် ရွှေပြည်တော်မှာ ကြိတ်ဝိုင်းထိုင်နေကြရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းများမှာတော့ သီဟသူရ တင်အောင်မြင့်ဦး (ခေါ်) ရှစ်လုံးက တပ်ချုပ်မိသားစုအားကိုးနဲ့ စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေအားလုံးကို ချုပ်ကိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

တပ်ချုပ်အပေါ် ဆွဲဆောင်နိုင်မှုအရှိဆုံး မြေးကလေးကတဆင့်၊ သမီးတော်များကတဆင့် အထူးစီမံချက်နဲ့ ကြိုးစားနေတာကို စိုးရိမ်တဲ့သူတွေရှိသလို၊ စီးပွားရေး အကွက်မြင်တွေကတော့ ရှစ်လုံး စီးပွားရေးဆိုင်ရာကို ထိန်းချုပ်နိုင်တော့မယ်လို့ အချင်းချင်း လက်တို့နေကြပါတယ်။


တပ်ချုပ်က ဒီလောက်တော့ မညံ့ပါဘူးလို့ တပ်ချုပ်ကို အမြဲစောင့်ကြည့်နေသူတွေက ဆိုပါတယ်။ အာဏာတွေကို တယောက်တည်း လက်ထဲထည့်ခဲ့မိတဲ့ ဦးနေဝင်းလိုတော့ မဖြစ်ခံမှာ မဟုတ်ဘူး၊ တယောက်နဲ့ တယောက် အဆင်မပြေလေ သူ့အတွက် စိတ်ချရလေပဲလို့ မှတ်ချက်ပေးပါတယ်။
ဝန်ကြီးအဖွဲ့ကို ဒုက္ခပေးဖို့ တပ်ချုပ်က လွှတ်တော်ကို အားရှိစေပါတယ်။ ဝန်ကြီးတွေ အလုပ်လုပ်တာ၊ အလုပ်ဖြစ်တာကို ထိန်းဖို့ လွှတ်တော်ဥက္ကဋ္ဌမှာ တာဝန်ရှိပါတယ်တဲ့။ ဦးသိန်းစိန်ထက် ကြီးတဲ့သူတွေ အစိုးရအဖွဲ့ထဲ ပါဝင်မှုမရှိစေရ ဆိုတာကြောင့် ဆရာသောင်းနဲ့ ဗိုလ်အောင်သောင်းတို့ ၂ ယောက်ကတော့ မင်းဆရာများအနေနဲ့ အသွင်ကူးပြောင်းရေးကို ထိန်းရမယ်လို့ စီစဉ်တယ်လို့ ဆိုပါတယ်။

အခုလွှတ်တော်ကိုကြည့်ရင် နအဖ စစ်ကောင်စီ၊ နအဖ ဝန်ကြီးများရဲ့ စစ်သင်္ချိုင်းလို့ ခေါ်နိုင်ပါတယ်တဲ့။

အာဏာလွှဲရမယ့်ရက်တွေ နီးလေလေ ဦးအောင်သောင်းတို့ အရက်မူးပြီး ရမ်းလေလေလို့ လည်းဆိုပါတယ်။ ကြေကွဲမှုတွေ အဆုံးသတ်စေဖို့ စကော့တလန်လုပ် အရက်တွေနဲ့ ဖြေရပေမယ့် ခံစားချက်တွေကို ထုတ်ပြရတာ နေ့တိုင်းပဲလို့ ဆိုပါတယ်။

ဦးအောင်သောင်း ခမျာ ရွေးကောက်ပွဲမှာ အိပ်စိုက် အကုန်ခံရကြိုး မနပ်ဘူးဆိုပြီး ဆဲဆိုသံတွေ၊ တခြားဝိုင်းတွေက ရပ်ပြီးနားထောင်ကြ။ “တပ်ချုပ်က လုပ်ရက်လိုက်တာ” လို့ တည့်တည့်ပြောရင် နောက်တနေ့ စစ်သင်္ချိုင်းကနေ ထပ်ရွေ့မှာ စိုးလို့လားမသိ၊ “အဘ” လို့ မသုံးရဲ။ “လုပ်ရက်လိုက်ကြတာ” လို့ပဲ သုံးနေရတယ်တဲ့။ မူးတာတောင် ထိန်းမူးကြရတဲ့ စစ်သင်္ချိုင်းရောက် မင်းဆရာတွေအဖြစ်ပါ။

သေချာတာကတော့ လွှတ်တော်ထဲမှာ အုပ်စုတွေ တဖြည်းဖြည်း ပေါ်လာနေတာပါပဲ။ တာဝန်ကတော့ တပ်ချုပ်နုတ်အမိန့် မထွက်မချင်း ဟိုယောင်ယောင် ဒီယောင်ယောင်ပဲလို့ ဆိုပါတယ်။

ကိုရွှေမန်းကတော့ လွှတ်တော်ဥက္ကဋ္ဌဆိုတော့ ကျန်တဲ့ငယ်သားတွေကို ဆက်ပြီး ဩဇာပေးနိုင်သေးပေမယ့် ဗိုလ်အောင်သောင်းနဲ့ ဆရာသောင်းကတော့ ခြေပြတ်လက်ပြတ် မိုင်းထိခဲ့တဲ့ ရဲဘော်တွေလို ဆဲဆိုလိုက်၊ ကန့်လန့်တိုက်ဖို့ လုပ်လိုက်ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။

ပြည်ခိုင်ဖြိုးနဲ့ မိမိအကျိုး ယှဉ်လာရင် ပါတီအကျိုးကို ရှေးရှုပါဆိုတော့ နအဖ သင်္ချိုင်းလွှတ်တော်ကြီးမှာ ဆွေးနွေးကြတိုင်း စေတနာလား၊ ဝေဒနာလား၊ ခံစားမှုလား၊ ဆန့်ကျင့်မှုလား ဆိုတာ မဝေခွဲနိုင်ကြသေးပါ။

သမ္မတ ဦးသိန်းစိန် ကျမ်းသစ္စာဆိုပြီးရင် လစ်လပ်မယ့်နေရာအတွက် ဦးအောင်သောင်းခမျာ မျှော်လင့်ချက် ရှိတုန်းပဲလို့ ဆိုပါတယ်။ မန္တလေး ပြည်ခိုင်ဖြိုးများကတော့ ကိုယ်အရပ်ကလူကို လူကြီးဖြစ်စေချင်တာပါပဲ။ ရှိရှိသမျှ အကြားအမြင်ဆရာတွေ အလုပ်ရှုပ်တဲ့ အချိန်ပေါ့လို့ ဆိုပါတယ်။ မန္တလေးမှာ ပုဏ္ဏားမြင်ရင် ဗေဒင်တတ်သလား၊ ရှေ့ကိုဘာမြင်နေသလဲ မမေးရုံတမယ်ပဲ လို့ဆိုပါတယ်။

ကိုရွှေမန်းကတော့ နှုတ်မိန့်အရ ပြည်ခိုင်ဖြိုးကို ဦးစီးရမယ်ဆိုပေမယ့် ဗေဒင်ကောင်း မင်းလောင်းတောင်ပျက်သေး ဆိုတာကိုလည်း သတိရှိနေတော့တာပေါ့။ အဲဒီတော့ သတို့သားက နောက်ကျနေတဲ့ သတို့သမီးကို မင်္ဂလာဆောင်မှာ မျှော်ရသလို ကိုရွှေမန်းကို “လည်ရှည်ဆရာကြီး” လို့ ရှစ်လုံးအုပ်စုက ခနဲ့ကြတယ်တဲ့။ နအဖရဲ့ တတိယနေရာကို ဆက်ကိုင်ခွင့်ရရင် သမ္မတက ငါ့အောက်က၊ ပါတီနဲ့ လွှတ်တော်ကပဲ ဦးဆောင်မှာပါလို့ ကိုရွှေမန်းကို ထောက်ခံသူတွေက ဇွတ်မှိတ်ငြင်းတာကို ဟားတိုက်နေကြတယ်တဲ့။

ထူးခြားတာကတော့ အတိုက်အခံ အမတ်မင်းများ၊ သူတို့နောက်က ရောင်စုံပါတီများအပေါ် လုံးဝ စိတ်ဝင်စားမှု မရှိခြင်းပါပဲ။ လွှတ်တော်အတွင်းက တိုက်ကြမယ်လို့ ကြွေးကြော်ခဲ့ကြတဲ့ NDF တဖြစ်လည်း ဆရာများကတော့ လွှတ်တော် ဥက္ကဋ္ဌက ပြုပြင်ရေးသမားကြီးလို့ ဇွတ်မှိတ်ပြောတော့တာပဲ။ ကိုရွှေမန်းပြောတာပါလို့ တဆင့်စကား တဆင့်ကြားတာကိုပဲ အတိုက်အခံအမတ်မင်းများက အဟုတ်လုပ် စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေး ပင်ပေါင်ဘောလုံးလေးကိုပဲ ဘောလုံးကြီး အထင်နဲ့ ကန်ကြ၊ လှိမ့်ကျနဲ့ပဲ လွှတ်တော်ဘေး မြေကွက်လပ်မှာ အချိန်ကုန်ကြဆိုပဲ။

ပါတီရယ်၊ လွှတ်တော်ရယ်၊ အစိုးရရယ်လို့ နိုင်ငံရေးကွင်း (၃) ခု သတ်မှတ်ထားတဲ့အပေါ် တပ်ချုပ်ငြိုငြင်မှာ အထူးသတိထားပြီး ကိုယ်နဲ့မဆိုင်တော့ဘဲ တပ်မတော်ကို ငွေပေးတာများတယ်လို့ ယူဆခဲ့လို့ တပ်ချုပ်က အထူးရန်ပုံငွေ ဥပဒေ ထုတ်ရတဲ့အထိ ဖြစ်ရတယ်လို့ ဆိုပါတယ်။

သေချာတာကတော့ အသွင်ကူးပြောင်းရေးကာလ စစ်သင်္ချိုင်း လွှတ်တော်ကြီးထဲမှာ ကိုယ်ဘာလုပ်ခွင့်ရှိမလဲဆိုတာနဲ့ အချိန် ၁ လ ကျော်ပြီ၊ တပ်ချုပ်ထုတ်သမျှ ဥပဒေအသစ်တွေကို အဓိပ္ပာယ်မပေါက်လို့ တယောက်နဲ့ တယောက်မေးရတာ အမော။ အရက်ခိုးတွေနဲ့ မနက်ပိုင်း မျက်နှာမကောင်းတဲ့ ဆရာသောင်း၊ ဗိုလ်အောင်သောင်းတို့ အုပ်စု၊ တိုင်းရင်းသားအရေး အတွက်လို့ လက်သီးလက်မောင်းတန်းသူတွေလည်း ပြည်ခိုင်ဖြိုးအမတ်များ နောက်ကလိုက်ပြီး ခေါင်းငြိမ့်နေရတဲ့ အချိန်။ ဥပဒေမှန်း နည်းဥပဒေမှန်း၊ လုပ်ထုံးလုပ်နည်းမှန်း မသိသေးတဲ့ ဒီမိုအုပ်စုများ၊ လွှတ်တော်ဝင်ဖို့ ရွေးကောက်ပွဲ ကျူရှင်လေးတက်ပြီး ကြည့်လုပ်ကြတာပေါ့လို့ ဟန်ပြင်နေတဲ့ ဆရာများကို တပ်ချုပ်နဲ့ မိသားစု၊ ငါတို့ကို မချရင် ဇာဂနာပျက်လုံးနဲ့ သီးလေးသီး အငြိမ့်ကောင်းပါတယ်လို့ဆိုဘူးတဲ့ မိသားစုကတော့ ဇာတ်ဆရာ ဆရာမန်းအုပ်စုကို နေ့စဉ်ကြည့်ပြီး ဟားတိုက်နေကြပါလိမ့်မယ်။

2 comments :

  1. Unknown said... :

    I like the comprehensive review. But we should be more than just audience; take the advantage of the circumstance. Split from their side is our strength.
    win

  1. Anonymous said... :

    ဘာလဲဟ စက်တင်ဘာ ၂၉ ၊၂၀၁၁ ဆိုတာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved