အဉ္ဇလီမောင်မောင်

Wednesday, March 23, 2011


ရန်ပိုင်၊ မတ် ၂၃၊ ၂၀၁၁

“မြူးကြွတဲ့ တေးသံပျံလွင့်လို့နေ … ကူးပြောင်းစ တန်ခူးလေမှာ … တယောက်တလှည့်မို လှမ်းကာ ဖျန်းပက်ကြစဉ် … ပိတောက်ဖူး လေးတွေ ပန်ဆင်ထားသူရေ …” ဆိုတဲ့ စာသားလေးကို တွေ့လိုက်ရတော့ ဘာလိုလိုနဲ့ မကြာခင် သင်္ကြန်ကျတော့မယ် ဆိုတာ သတိထားမိတယ်။

ချစ်စရာကောင်းတဲ့ ပန်းပိတောက်နဲ့ မြူးကြွကြွ ရိုးရာသင်္ကြန်ကို လှပတဲ့ ရာသီဘွဲ့လေးဖြစ်အောင် ဖွဲ့ဆိုခဲ့တဲ့ ကိုမောင်မောင်ကတော့ သူချစ်တဲ့ဂီတ လောကကြီးကို စွန့်ခွာသွားတာ ၁၆ နှစ်ရှိပါပြီ။ သေသောသူ ကြာရင်မေ့ဆိုပေမယ့်လည်း သူဖန်တီးခဲ့တဲ့ ဂီတအပေါ်မှာ ယစ်မူးခဲ့ရတဲ့သူတွေ၊ မြတ်နိုးခဲ့ရတဲ့ သူတွေကတော့ မမေ့နိုင်သေးပါဘူး။

ဒါကြောင့်လည်း ရွက်ဟောင်းကြွေပြီး ရွက်သစ်တွေထိုးတဲ့ ဒီအချိန်ရောက်ပြီဆိုရင် အေးဆေးငြိမ်သက်ပြီး ဆည်းလည်းသံလေးတွေကိုသာ ကြားရတဲ့ ကိုမောင်မောင် နှစ်သက်ရာ စစ်ကိုင်းတောင်ရိုး မဟာသမယချောင်မှာ အထိမ်းအမှတ်ပွဲလေးတွေကို မပျက်မကွက် အမြဲ ကျင်းပတယ်လို့သိရတယ်။

ဒီနှစ်ကျင်းပတဲ့ အထိမ်းအမှတ် ပွဲလေးမှာလည်း ကိုမောင်မောင်ကို ချစ်တဲ့ လူငယ်တွေသာမကဘူး၊ သူချစ်တဲ့ သူငယ်ချင်း ကိုရဲလွင် တယောက်လည်း အလွမ်းပြေ လာရောက်ခဲ့တယ်လို့ ကိုမောင်မောင်နဲ့ ညီအစ်ကိုဝမ်းကွဲ တော်စပ်တဲ့ စာရေးဆရာ ညီပုလေးက ဆိုတယ်။

“ညီအစ်ကိုချင်း အနေနီးတော့လည်း ကိုမောင်မောင်ရဲ့ ဂီတပုံရိပ်ကို သတိမထားမိဘူး။ အထိန်းသိမ်းခံရပြီး နံရံနောက်ကို ရောက်သွားတော့မှ လူငယ်တွေက လွမ်းလွမ်းဆွတ်ဆွတ် တမ်းတမ်းတတ ပြောတော့ သတိထားမိသွားတယ်” လို့ ဆရာညီပုလေးက ဆို ပါတယ်။


ကိုမောင်မောင်ကို မြန်မာစာပေလောကမှာ အမေ လူထုဒေါ်အမာလို့ အများကခေါ်ဝေါ်တဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ ညီမ ဒေါ်ကြင်ကြင်က ၁၉၄၉ခုနှစ်မှာ မွေးခဲ့တာပါ၊ ငယ်စဉ်ကတည်းက စန္ဒယားပညာကို ဦးသိန်းမောင် ထံမှာ စနစ်တကျ သင်ယူခဲ့တဲ့အတွက် ကလပ်စစ်ကယ်လို့ ခေါ်တဲ့ အနောက်တိုင်း ဂန္ထ၀င်ဂီတကို ကျွမ်းကျွမ်းကျင်ကျင် တီးတတ်ခဲ့တယ်လို့ သိရတယ်။

ငယ်စဉ်က မန္တလေးမြို့ရဲ့ ဂန္ထ၀င် မြို့မဂီတ၀ိုင်းမှာ တီးခတ်ခဲ့ပြီး ၁၉၆၈ ခုနှစ် စက်မှုတက္ကသိုလ် (RIT) မှာ တက်ရတော့ ၀ါသနာတူ ကိုရဲလွင်၊ ခင်မောင်တိုး၊ တင်မောင်လှိုင်တို့နဲ့ တွဲမိကာ အချောအလှတွေပေါတဲ့ တက္ကသိုလ်နယ်မြေက ညတွေမှာ အမျိုးသမီးဆောင်တွေရှေ့ ဂီတ၀ိုင်းဖွဲ့ခဲ့ကြတဲ့ ညတွေအကြောင်း သိရတော့ လွမ်းမောဖွယ်ပေါ့။

၁၉၈၀ ခုနှစ်တ၀ိုက်မှာတော့ လူငယ်တွေအကြား ရေပန်းစားခဲ့တဲ့ အဆိုတော် ခိုင်ထူးရဲ့ နာမည်ကြီး “အဉ္ဖလီ” ဆိုတဲ့ သီချင်းကြောင့်၊ အဉ္ဖလီမောင်မောင်ဆိုပြီး အမည်တပ်ရလောက်အောင် နာမည်ကြီးခဲ့တယ်။

Inzali by thargyi74

ပြည်လမ်းက ခရမ်းပြာမှာနေရင်း ကိုရဲလွင်၊ ကိုနေ၀င်း၊ ကိုခင်မောင်တိုးတို့နဲ့ လူငယ်ထု အကြားမှာ မဇ္ဈိမလှိုင်းလို့ တမ်းတမ်းတတ ပြောရမယ့် တေးဂီတကို ဖွဲ့စည်းခဲ့ပြီး “မဟာဆန်သူ” တေးစီးရီးကို ထုတ်ဝေခဲ့ရာ လူငယ်တွေအကြား သြဇာသက်ရောက်ခဲ့တယ်။

၁၉၈၅ ခုနှစ်မှာ ထုတ်ခဲ့တဲ့ မဟာဆန်သူ စီးရီးကတော့ မြန်မာဂီတလောကမှာ ကိုယ်ပိုင်သံစဉ် တခေတ်ဆန်းတယ်လို့ ဆိုရပါမယ်။ ဒီသီချင်းခွေမှာ ဆည်လည်းရှိုက်သံလို လှပတဲ့ စာသားတွေကို ရေးဖွဲ့ခဲ့သလို ဒဏ္ဍာရီလို သီချင်းမျိုးကိုလည်း ကိုမောင်မောင် တီးခတ်ခဲ့ပါတယ်။

ဒါရိုက်တာ မောင်တင်ဦး ရိုက်ကူးတဲ့ သင်္ကြန်မိုး ရုပ်ရှင်အတွက် နာမည်ကျော် သင်္ကြန်မိုး သီချင်းကို ရေးဖွဲ့ခဲ့ပြီး သင်္ကြန်မိုးသီချင်းက ဆရာမြို့မငြိမ်းရဲ့ ရွှေမန်းမာလာ၊ မန်းတောင်ရိပ်ခို တို့လို သီချင်းတပုဒ်အဖြစ် သင်္ကြန်တိုင်း မရှိမဖြစ် သီချင်းဖြစ်ခဲ့တယ်။



၁၉၉၅ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာတော့ ကိုမောင်မောင် (အဉ္ဖလီမောင်မောင်) တယောက် သူချစ်တဲ့ ဂီတလောကကို ကျောခိုင်း ခဲ့ရပါတယ်။

ကိုမောင်မောင် မရှိတော့ပေမယ့်လည်း သူရဲ့ သင်္ကြန်မိုးသီချင်းကတော့ ကူးပြောင်းစ တန်ခူးလေထဲမှာ ပျံလွင့်လာတော့မယ်။ သင်္ကြန်မိုးပြေးလေးတွေ ရွာပြီဆိုတာနဲ့ ပိတောက် တွေလည်း ပွင့်တော့မယ်၊ ခေါင်းလေးမော့ပြီး ပိတောက်ဖူးလေးတွေ ပန်ဆင် ထားတဲ့ သူ လေးတွေကိုလည်း တွေ့ရတော့မယ်။

5 comments :

  1. Anonymous said... :

    I miss him

  1. Anonymous said... :

    ဧရာဝတီသို့ဖုန်းခေါ်လို့မရနိုင်ပါ။ဆက်သွယ်လိုပါ၏။
    ၀၈၅၁၉၄၅၄၄၆

  1. Anonymous said... :

    ဧရာဝတီသို့သတင်းများပေးပို့ချင်ပါသည်။

  1. အောင် said... :

    ဒီမှာရေးထားတဲ့အကြောင်းတွေကသိပ်လဲမပြည့်စုံပါဘူးဘာသီချင်းရေးတယ်ဒါလောက်ပဲသူဘယ်လောက်အနုပညာကိုမြတ်နိုးလဲချစ်လဲဆိုတာလေးပြောပြချင်ပါတယ်ကိုမောင်မောင်တို့မိသားစုဆိုတာမန်းဒလေးမှာချမ်းချမ်းသာသာနေတဲ့စာရင်းမှာပါတယ်သူညီမကအပျော်သဘောနဲ့စင်ယော်တေးသံသွင်းဖွင့်ပေးတာသာကြည့်တိုက်တွေကားတွေနဲ့အေးအေးဆေးဆေးစီးပွားလုပ်စားလို့ရတဲ့သူပဲအဲဒါသူကရန်ကုန်ကီလီလမ်းမှာသီချင်းရေးဆရာအဖြစ်နဲ့ကြိုးစားပီးနေတယ်အတော်လဲဆင်းရဲခဲ့တာအဲဒီအချိန်တုန်းကဆိုသူမှာစီးစရာဖိနပ်မရှိဘူးအသိတစ်ယောက်လာမှငှားပီးအပြင်သွားရတာသူချစ်နဲ့အနုပညာကိုပဲဇောက်ချလုပ်ပီးသီချင်းရေးဆရာတစ်ယောက်အဖြစ်နဲ့ပဲရပ်တည်ချင်လို့ပါတဲ့သူကိုအဇလီမောင်မောင်လို့ခေါ်လဲမကြိုက်ပါဘူးသူကပြောတယ်ငါကအဇလီသီချင်းတစ်ပုဒ်ထဲရေးတာမှမဟုတ်တာတဲ့မောင်မောင်မစ်ဇိမလှိုင်းလို့အမြဲဆိုင်းထိုးလေ့ရှိပါတယ်ကလပ်စစ်ကယ်ဂစ်တာနဲ့ကျတော့သူမှာဆရာရယ်လို့သီးသန့်မရှိပါဘူးပြင်သစ်ကသူ့သူငယ်ချင်းကိုသက်ရွေဆီကစာအုပ်တွေမှာပီးကိုယ်တိုင်လေ့လာခဲ့တာပါသူတို့ခတ်တုန်းကပေတဲ့စာရွက်မှာမြူးဇစ်စာရွက်မရှိလို့လိုင်းတွေဆွဲပီးဒလိမ့်တုန်းနဲ့ဆွဲရတဲ့အချိန်အချိန်ပေးပီးညတိုင်းအင်တာနေရှင်နယ်နူတ်စတွေသီချင်းကိုရေးလေ့ရှိပါတယ်သူရယ်ဦးလှထွဠ်ရယ်ကအခုမြန်မာနိုင်ငံမှာသုံးနေတဲ့တစ်နှစ်သုံးလေးဒိုရေမီဖာစနစ်ဟာခတ်မမှီဘူးလိုအပ်ချက်တွေများကြီးရှိတယ်လို့ယူဆနေကြသူတွေပါသီချင်းတွေကိုလဲကိုယ်တိုင်ပဲအရှိခ်ျမန့်လုပ်လေ့ရှိပါတယ်သူရယ်သူတပည့်ကိုမျိုးခင်ရယ်မရှိတော့တဲ့နောက်ပိုင်းမစ်ဇိမလှိုင်းဟာလဲသိပ်နံမည်မကြီးတော့ပါဘူးသီချင်းတွေလဲအရင်တီးပြီးသားပြန်တီးတာတောင်တေးသွားလှလှထူးထူးဆန်းဆန်းလေးတွေမထွက်လာတော့ပါဘူးတကယ့်လူတော်တစ်ယောက်ပါပဲကျနော်တို့အားလုံးကိုမောင်မောင်ကိုသတိရနေကြမှာပါခင်ဗျာ

  1. Anonymous said... :

    This article is incomplete about ko mg mg (medium wave).We miss him and ko myo khin (keyboard player of Medium Wave).They created lots of musics and they influenced all of university students (Yangon Universtiy and Rangon Institute of Technology).Please write more deeply about Ko Mg Mg (Great musician of our country)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved