မဟာဝိသုတာရာမ အလယ်တိုက် ဆရာတော် ပျံလွန်တော်မူ

Thursday, March 17, 2011

မကွေးတိုင်း ပခုက္ကူမြို့ မဟာဝိသုတာရာမ အလယ်တိုက်ကြီး၏ ပဓာန နာယကဆရာတော် နိုင်ငံတော် သြ၀ါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမင်္ဂလ သက်တော် ၈၁ နှစ်၊ ၀ါတော် ၆၁ ဝါသည် ယမန်နေ့ည ၉ နာရီက ရန်ကုန်မြို့ တော်ဝင်ဆေးကုခန်းတွင် အစာအိမ်ရောဂါဖြင့် ပျံလွန်တော်မူသွားသည်။

ပြီးခဲ့သည့် ၂၀၀၇ စက်တင်ဘာလ ၆ ရက်နေ့က ပခုက္ကူသံဃာတော်များ မေတ္တာပို့ကြွချီချိန်တွင် ဆရာတော်၏ ပခုက္ကူမြို့ မဟာဝိသုတာရာမ အလယ်တိုက်သို့ အာဏာပိုင်များက ၀င်ရောက်၍ မေတ္တာပို့ကြွချီခြင်းမပြုရန် ဖိအားပေး တောင်းဆိုခဲ့သည်။

အာဏာပိုင်များကို မကျေနပ်သည့် သံဃာတော်များက ကျောင်းတိုက်တံခါးများကို ပိတ်၍ အာဏာပိုင် ၁၀ ဦးခန့်ကို ထိမ်းသိမ်းထားလိုက်ပြီး ကားများကို မီးရှို့ဖျက်ဆီးမှုများ ပြုခဲ့သည်။ (စက်တင်ဘာ ၆၊ ၂၀၀၇၊ ဧရာဝတီမှ သတင်းကို ဖတ်ရှုလိုလျှင်) ထိုသို့ ပဋိပက္ခများဖြစ်ပွားစဉ် ဆရာတော်က အာဏာပိုင်များနှင့် သံဃာထုအကြား ပဋိပက္ခ မကြီးမားစေရန် ကြားမှ ၀င်ရောက် ညှိနှိုင်းဖြေရှင်းပေးခဲ့ဖူးသည်။

ဆရာတော်ကို မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ် မြို့ဘရွာနေ၊ ခမည်းတော် ဦးဖိုးအောင်၊ မယ်တော် ဒေါ်ဖွားကြီးတို့က ဖွားမြင်ခဲ့သည်။ ဆရာတော်၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်တော်ကို ပခုက္ကူမြို့သို့ ပြန်လည်သယ်ဆောင်လာနေပြီး မြို့၏မြောက်ဖက်၊ ဂူတောင် တောင်ပေါ်ကျောင်းတွင် သာဓုကီဠန သဘင်ကို ကျင်းပမည်ဟု သိရသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved