ဆေးဖရောင်းတိုင် ထွန်းကြမလား

Thursday, March 3, 2011


ဆေးဖရောင်းတိုင် ဆိုတာ တကယ်တော့ ကိုတာတေ မယုံပေါင်။ သို့သော် အခုဟာက ယုံရမလိုလို ဖြစ်နေလို့ စာဖတ် ပရိသတ်တွေကို လက်တို့ပါရစေ။

တကယ့်အဖြစ်အပျက်နော်။ စာရေးဆရာမတယောက် ပြောပြတာကို ကိုတာတေက ပြန်ဖောက်သည် ချမှာပါ။ စာရေးဆရာမ နာမည်တော့ ပြောတော့ပါဘူး။

ဒီလိုပါ ...

တခါသားမှာပေါ့ ... အဲဒီတခါသားက မကြာသေးခင်က တခါသားပါ ...။ ဧရာဝတီတိုင်းက မြို့တမြို့ကို အဲဒီ စာရေးဆရာမနဲ့ အဖွဲ့ ဟောပြောပွဲဖိတ်လို့ သွားဟောကြစဉ်က ဆိုပါတော့ ...။ အဲဒီမြို့နယ်က ဗျူဟာမှူးနဲ့ မယက ဘာညာသာရကာ အကြီးအကဲတွေလည်း စာပေဟောပြောပွဲကို လာနားထောင်သတဲ့။ ဆရာမကလည်း ဟောနေကျအတိုင်း ဟောတာပါ။ အရင် ဟောခဲ့ဖူးတဲ့ ခေါင်းစဉ်ပါပဲ။

ဆရာမ ထိုင်းနိုင်ငံကို အလည်အပတ်လာစဉ်က “ဘုရင့်မိုး” နဲ့ ကြုံကြိုက်နေခဲ့တယ် ဆိုတဲ့အကြောင်းပါ။

ဘုရင့်မိုး ဆိုတာကတော့ အရမ်းကို ရာသီဥတု ပူအိုက်လွန်းလို့ လူတွေ မနေနိုင်လောက်အောင် ဖြစ်နေတာကို ထိုင်းဘုရင်ကြီးက စေတနာ ထားတော်မူပြီး မိုးတု ရွာချပေးတာကို ပြောတာပါ။ အဲဒီလို မိုးတု ရွာတာဟာ အရမ်းကို အကုန်အကျ များပါတယ်။ တကယ်ဆို လျှပ်စစ်မီးလည်း ၂၄ နာရီ လာနေသားပဲ ... ရေမီးအစုံနဲ့ ... အိုက်လွန်းလို့ ရေပဲထချိုးမလား၊ အဲကွန်း လေးနဲ့ပဲငြိမ့်မလား၊ ရေခဲသေတ္တာထဲက ဘီယာ အေးအေး လေးပဲစုပ်နေမလား၊ ဒါမှမဟုတ် ပန်ကာလေး တဝီဝီနဲ့ နေမလား ... ကြိုက်သလို နေလို့ရတဲ့ဟာကို ... ဘာများ မိုးရွာချစရာ လိုလို့လဲ ... မဟုတ်ဘူးလား။ ဒါပေမယ့် ဘုရင်ကြီးက တိုင်းသူပြည်သားတွေအပေါ် စေတနာ ထားတော်မူပြီး မိုးရွာချပေးတယ်တဲ့။

အဲဒါကို ဆရာမက ခံစားရလွန်းလို့၊ နောက်တော့ သူ့အတွက် ထူးဆန်းလွန်းလို့ ထိုင်းနိုင်ငံကနေ ခင်ပွန်းသည် ဆီကို ညဘက် တရက် ဖုန်းဆက်ပါတယ်။

“ယောက်ျားရေ ဒီမှာတော့ ပူလွန်းလို့တဲ့ ဘုရင်ကြီးက မိုးရွာချပေးနေတယ်” လို့လည်း ပြောလိုက်ရော ဆရာမ ခင်ပွန်းက အံ့သြတာပေါ့။ “ဟာ ... ဒီလိုကိစ္စ မျိုးတွေရှိလား။ အံ့သြစရာကြီးပါလား” ပေါ့လေ။ လင်မယား ၂ ယောက် တယ်လီဖုန်းထဲမှာ အချီအချပြောကြ၊ မှာကြားစရာ ရှိတာတွေ မှာကြားကြ လုပ်ပြီးတော့မှ ဆရာမက သူ့ ယောက်ျားကို မေးလိုက်တယ်။

“ဒါနဲ့ ယောက်ျား ... အခု ဘာလုပ်နေလဲ”

အဲဒီလို မေးပြီး သူ့ယောက်ျားရဲ့ အဖြေပြန်ပေးပုံကို ကြားလိုက်ချိန်မှာ စာပေဟောပြောပွဲ ပရိတ်သတ်က လက်ခုပ်တွေ တဖြောင်းဖြောင်း တီးပါလေရော။ အဲဒီမှာ ဗျူဟာမှူးကတော့ ဆက်ထိုင်မနေနိုင်ဘဲ ထထွက်သွား ပါလေရောတဲ့။

ဆရာမခင်ပွန်းသည်ရဲ့ အဖြေက “ငါလား ... ငါလည်း ရန်ကုန်မှာ ပူလွန်းအိုက်လွန်းလို့ ညဘက် ရေတခါ ထပ်ချိုးမလို့ ဖရောင်းတိုင် ထွန်းနေတယ်” တဲ့လေ။

စွမ်းလိုက်တဲ့ ဖရောင်းတိုင် ... ဗျူဟာမှူးတောင် မနေနိုင်ဘဲ ထထွက်သွားရတယ် ... ဒီဖရောင်းတိုင်က ရိုးရိုး ဖရောင်းတိုင်တော့ မဖြစ်နိုင်ဘူး ဆေးဖရောင်းတိုင်ပဲ ဖြစ်မယ်လို့ ကိုတာတေကတော့ တွေးမိပါတယ်။
ဆြာတေ

1 comments :

  1. Anonymous said... :

    she's saturday born and from upper Burma....thanks for her talks which touch our people hearts....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved