မုန်တိုင်းမိ ဧရာဝတီရေလုပ်သားများအခြေအနေ

Tuesday, April 5, 2011

ပုံနဲ့  စာ ဒီက ယူပါတယ်။
မဖတ်ရသေးသူများအတွက်ပါ။

မုန်တိုင်းမိ ကျားဖောင်နဲ့ ငါးဖမ်းလှေများမှ ရေလုပ်သား ပျောက်ဆုံးမှု ထင်ထားသည်ထက် အဆများစွာ ဆိုးရွား (နောက်ဆက်တွဲသတင်း)
ခင်နှင်းလွင်၊ ရန်ကုန်
ဧပြီ ၄၊ ၂၀၁၁

(၂၀၀၈ နာဂစ်အပြီး ဘိုကလေးမြစ်ဝတွင် တွေ့ရသော ကျားဖောင်များ)

လွန်ခဲ့သည့် လလယ်က လေပြင်းတိုက်ခတ်မှုကြောင့် ကျားဖောင်အများအပြားနဲ့ ငါးဖမ်းလှေအချို့ပျောက်ဆုံးခဲတဲ့ အဖြစ်မှာ သေဆုံးသူ အရေအတွက်မှာ ခန့်မှန်းသည်ထက် သိသိသာသာ များပြားနိုင်ပြီး ယခုအချိန်ထိ ပြန်မရောက်သေးသည့် ရေလုပ်သားများ၏ မိသားစုများအနေဖြင့် မျှော်လင့်ချက်နည်းလာနေသည့် အဖြစ်နဲ့ ကြုံတွေ့နေရတယ်လို့ ရေလုပ်သားမိသားစုများက ပြောပါတယ်။

မတ်လ ၁၄ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ဖျာပုံခရိုင်မှ ကျားဖောင် လုပ်သား(ကျားပိုက်ထောင်သည့် ဖောင်) စုစုပေါင်း ၅ ထောင်ဝန်းကျင် လှိုင်းဒဏ်လေဒဏ်ကြောင့် ပျက်စီး၊ မျောပါသွားတဲ့ အဖြစ်တွေ ရှိခဲ့ပြီး အဆိုပါဖောင်တွေမှာ နေထိုင်လုပ်ကိုင်နေတဲ့ ရေလုပ်သား ခန့်မှန်းခြေ တစ်သောင်းခွဲကျော်အနက် အများဆုံး ကိုးထောင်ဝန်းကျင်သာ ယခုရက်ပိုင်းအထိ ပြန်လည်ဆယ်ယူရရှိခဲ့ပြီး လူထောင်နဲ့ချီ ပျောက်နေဆဲ ဖြစ်တယ်လို့ ဖျာပုံခရိုင် ရေလုပ်ငန်း ပိုင်ရှင်တဦးက ပြောပါတယ်။

“ကျားဖောင်တဖောင်မှာ ပျှမ်းမျှ ၃ယောက်နှုန်းနဲ့ တွက်ရင်ပဲ ဖောင် ၅ထောင်ကို လူ တသောင်းခွဲရှိနေပြီး အခုကယ်ဆယ်ခံရလို့ ပြန်ရောက်သူတွေက ရန်ကုန်ကတဆင့် ၃ ထောင့် ၅ ရာကျော်၊ နောက်အခြား လမ်းတွေကနေ ပို့လာတာနဲ့ဆို ၉ထောင်နီးပါး အသက်ရှင်တယ်လို့ ဆိုနိုင်ရင်တောင်မှ ကျန်တဲ့သူ ၆ထောင်လောက်ရှိနေသေးတယ်” ဟုအဆိုပါ ရေလုပ်ငန်းပိုင်ရှင်ကပြောပါတယ်။

ယခုအဖြစ်အပျက်မှာ သေဆုံးရတဲ့ အရေအတွက်မှာ ဒေးဒရဲနဲ့ ဖျာပုံ ခရိုင်မှာရှိတဲ့ ရွာတွေအဖို့ နာဂစ်နောက်ပိုင်း အဆိုးရွားဆုံး အသက်ဆုံးရှုံးမှုဖြစ်တယ်လို့ ဒေသခံတွေက သတ်မှတ်ကြပါတယ်။ ဒေးဒရဲ အပိုင် ငရွေးကြီးရွာမှ အမျိုးသမီးတဦးကလည်း ရွာမှာ ကနေ့အထိ သူတို့ လင်ယောင်္ကျားတွေ ပြန်မလာလို့ ငိုယိုနေတဲ့ မိန်းမတွေ ရှိနေတဲ့အကြောင်းနဲ့ အခြားသူများအနေနဲ့ ကူညီချင်ပေမယ့် ဘယ်လိုကူညီရမလဲ မသိတာကြောင့် သူတို့နဲ့ အတူစိတ်မကောင်း ဖြစ်ရုံကလွဲပြီး မတတ်နိုင်ဘူးလို့လည်း ရွာခံအမျိုးသမီးတဦးကပြောပါတယ်။

ဖျာပုံခရိုင် ငါးလုပ်ငန်းအသင်း၊ ကျားဖောင် လုပ်ကိုင်သူအသင်းနဲ့ တာဝန်ရှိသူ အချို့က ကော့သောင်၊ ဟိုင်းကြီးကျွန်းနဲ့ မြိတ်မြို့တို့ဆီမှာ ဆယ်ယူရရှိသူတွေ ယာယီထားရှိတဲ့ စခန်းကို ဖုန်းနဲ့ ဆက်သွယ်ပြီး ဒေးဒရဲ ဖျာပုံမှာ လာရောက်စာရင်းပေးထား သူတွေ ရှိမရှိ ဆက်သွယ်ပေးတာတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပြီး ကော့သောင်းစခန်းကိုတော့ လွန်ခဲ့တဲ့ ၁၊ ၂ ရက်အတွင်း ပိတ်သိမ်းခဲ့ပြီလို့လည်း သိရပါတယ်။

ယခုလို လေဒဏ်ခံခဲ့ရတဲ့ ဖျာပုံမြစ်ဝ တလျှောက်နဲ့ မုတ္တမပင်လယ်ကွေ့ နဲ့ အနီးဆုံးဟာ ဒေးဒရဲနဲ့ ဖျာပုံအပိုင် ကျေးရွာတွေပဲ ဖြစ်ပါတယ်။ ယခုအဖြစ်အပျက်ထဲ အဲဒီဖျာပုံမြစ်ဝ တ၀ိုက်ရှိ ရွာများမှ တရွာလျင် အနည်းဆုံး ရေလုပ်သား ၁၀ ယောက် ၁၅ ယောက်ပါသွားကြပြီး အချို့မှာ ပြန်ရောက်လာကြသည်။ သို့ပေမယ့် ဖြစ်ပျက်သည်မှ တွက်လျင် ၃ပတ်နီးနီး ကြာပြီဖြစ်သည့် ယခုထိ ပြန်မရောက်သူတွေ အတွက် မိသားစုတွေ စိုးရိမ်ပူပန်မှု နေ့နဲ့ အမျှ ပိုမိုလာနေကြရတာလည်း ဖြစ်ပါတယ်။

ယခုနှစ် လယ်လုပ်ငန်းမကောင်းတာကြောင့် ရေလုပ်ငန်းဘက် ပြောင်းကြတာ များတဲ့ အချက်၊ ယခုအချိန်ကာလဟာ ငါးနဲ့ ပုဇွန်ဖမ်းလို့ ကောင်းတဲ့ ရာသီဖြစ်တာတချက်ကြောင့် ဖောင်အရေအတွက် နဲ့ ရေလုပ်သား အရေအတွက် များပြားရတာလို့လည်း ဒေသခံတွေကပြောပါတယ်။

ဒီအဖြစ်အပျက်ဟာ လူသိန်းနှင့်ချီ အသက်ဆုံးရှုံးခဲ့ရသည့် ၂၀၀၈ခုနှစ် မေလ နာဂစ်မုန်တိုင်း နောက်ပိုင်း ဧရာဝတီတိုင်းမှာ အသက်ဆုံးရှုံးမှု အများဆုံး သဘာဝ ဘေးအန္တရာယ် တခုလို့ ဒေသခံတွေက ယူဆကြပါတယ်။

အသက်ဘေးမှ လွတ်လာသူ ရေလုပ်သား အချို့က ပြန်ပြောပြရာမှ အစိုးရရေဒီယိုက ကြေညာတဲ့ မိုးလေ၀သ ခန့်မှန်းချက်များမှာ တခါတရံ လုံးဝလွဲမှားတဲ့ အဖြစ်မျိုးတွေရှိခဲ့လို့ ရေဒီယို မိုးလေ၀သအပေါ် လျော့တွက်ခဲ့မိတဲ့ အချက်လည်း ရှိပြီး မိုးလေ၀သ ခန့်မှန်းချက်အရ တနာရီ ၃၅ မိုင်နှုန်းသာ တိုက်ခတ်မယ်လို့ ကြေညာခဲ့သော်လည်း တကယ်လက်တွေ့မှာ မိုင် ၇၀ နီးပါးရှိ လိမ့်မယ်လို့ ဆိုပါတယ်။

“အခုလို လူထောင်နဲ့ ချီအသက်ဆုံးရှုံးရတဲ့ ကိစ္စကို အုပ်ချုပ်သူ အစိုးရအနေနဲ့ ထိထိရောက်ရောက် ကယ်ဆယ်ဖို့ ၊ ရှာဖွေဖို့ ညွှန်ကြားတာမျိုး ခုချိန်ထိ မတွေ့ရဘူး၊ ရှမ်းပြည် အရှေ့ပိုင်း ငလျင်လှုပ်ခတ်တဲ့ အဖြစ်အပျက်ပေါ် အစိုးရက အာရုံစိုက်နေပြီး ရေလုပ်သားတွေ ပျောက်ဆုံးတဲ့ အဖြစ်အပျက်ကို မီဒီယာများအနေနဲ့လည်း ဖေါ်ပြမှု အားနည်းခဲ့တယ်”လို့ ရန်ကုန်မှ သတင်းအယ်ဒီတာ တဦးကဝေဘန် ပြောဆိုပါတယ်။

သေပျောက်နှုန်းနဲ့ နှိုင်းစာတာပဲ ဖြစ်ဖြစ် ၊ ဆုံးရှုံးမှု ပမာဏနဲ့ပဲ ကြည့်ကြည့် ဖျာပုံ ရေလုပ်သား ပျောက်ဆုံးတဲ့ အဖြစ်က ရှမ်းပြည်ငလျင်ထက် ပမာဏများပြားသော်လည်း အာရုံစိုက်လုပ်ဆောင်မှုမှာတော့ ဖျာပုံရေလုပ်သား ကိစ္စမှာ အလွန်နည်းပါးတယ်လို့ သူကပဲ ဝေဘန်ပြောဆိုပါတယ်။

ယခုသီတင်းပတ်မှာ အသစ်တက်တဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ထောင်စု အစိုးရ အနေနဲ့ ဖျာပုံ ရေလုပ်သား အသက်ဆုံးရှုံးမှု၊ ရှမ်းပြည် အရှေ့ပိုင်း ငလျင်ကြောင့် လူသေပျောက်မှုတွေ အပေါ် အာရုံစိုက်ပြီး ဖြေရှင်းပေးတာ၊ ပြောဆိုတာ မတွေ့ရပဲ အစိုးရသစ် ကျမ်းကျိန်တာ၊ မိန့်ခွန်းပြောတာတွေနဲ့ အလုပ်များနေတာကိုသာ သတင်းတွေထဲ ဖတ်ရှုရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved