ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်တွေ လူသားဒိုင်း သုံး

Tuesday, April 26, 2011



ယနေ့မနက်ထုတ်လွှင့်သည့် NBT ရုပ်သံသတင်းတွင်လည်း နယ်စပ်တိုက်ပွဲအကြောင်းကို ထုတ်လွှင့်ခဲ့သည်

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်တွေဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို လူသားဒိုင်း (human shield) အဖြစ်အသုံးပြုနေတယ်လို့ ထိုင်းတပ်ဖွဲ့ဝင်တွေက ပြောဆိုလိုက်ပါတယ်။


တိုက်ပွဲတွေ မဖြစ်ပွားခင် ရက်သတ္တပတ်ခန့်ကတည်းက ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေပါတဲ့ အိမ်ထောင်စုပေါင်း ၁၀၄၁ စုကို တိုက်ပွဲဖြစ်ပွားရာ နေရာတဝိုက်က နေရာ ၇ နေရာဆီကို ပြောင်းရွှေ့ နေရာချထားခဲ့တယ်လို့လည်း ထိုင်းတပ်ဖွဲ့ဝင်တွေရဲ့ ထောက်လှမ်းချက်တွေကြောင့် သိရတယ်လို့ ဆိုပါတယ်။

ထောက်လှမ်းရေးအဖွဲ့မှာ ပါဝင်ခဲ့တဲ့ ထိုင်းတပ်ဖွဲ့ဝင်တဦးကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တိုက်ပွဲမှာ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးပြီး ၈၀ကျော် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးတဲ့သူတွေထဲမှာ ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ ခမာနီ ခေါင်းဆောင်ဟောင်း တဦးရဲ့ သားဖြစ်သူလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ထိုင်းတပ်ဖွဲ့ဝင်တွေကတော့ ပြီးခဲ့တဲ့ သောကြာနေ့မှာ ၃ ဦး၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ၁ ဦးစီ သေဆုံးခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ပီရုမ်းကတော့ “အိမ်နီးချင်းနိုင်ငံတနိုင်ငံက ကျနော်တို့ကို အခုလိုမျိုး တရစပ် တိုက်ခိုက်လာမယ်လို့ ကျနော်တို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး။ အခု ကျနော်တို့ဖြစ်ချင်တာက နှစ်နိုင်ငံနယ်စပ်မှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ လုံခြုံတဲ့ဘဝကိုပဲ ပြန်လည် ယူဆောင်ပေးချင်တာပါ” လို့ မနေ့က ပြောဆိုလိုက်ပါတယ်။

ထိုင်းစစ်ဦးစီးချုပ်ကတော့ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေဟာ အသင့်အနေအထားမှာ ရှိကြောင်း အစိုးရအဖွဲ့ရဲ့ မီးစိမ်းပြမှုကိုသာ စောင့်ဆိုင်းနေကြောင်း ပြောဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ F-16 အမျိုးအစားတိုက်လေယာဉ်တွေဟာလည်း ထိုင်းနိုင်ငံ အရှေ့မြောက်ဒေသမှာ စစ်ရေးအတွက် လေ့ကျင့်ပျံသန်းနေတယ်လို့ ဒီမနက် NBT ရုပ်သံသတင်းက ပြောဆိုပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကတော့ ဒါဟာ ထိုင်းနိုင်ငံရဲ့ ကျူးကျော်မှုဖြစ်တယ်လို့ နယ်နိမိတ်ပြဿနာတွေ စတင်ဖြစ်ပွားခဲ့တဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ပြောဆိုခဲ့ဖူးပါတယ်။

Ref: Bangkok Post

1 comments :

  1. Anonymous said... :

    Ohhh No. Please stop that kind of WAR.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved