သင်္ခါရသဘောကို မလွန်ဆန်နိုင်တဲ့ ဆိုင်းဘာဘာ

Monday, April 25, 2011

(ဓာတ်ပုံ - India Today)

သူတော်စင် တန်ခိုးရှင်အဖြစ် မြန်မာမှာလည်း လူသိများ၊ ကမ္ဘာမှာလည်း နာမည်ကြီးပြီး နောက်လိုက် တပည့်တပန်း သန်းနဲ့ချီရှိတဲ့ ဆံပင်ဖွားဖွား၊ သင်္ကန်းအဝါနဲ့ ဆိုင်းဘာဘာဟာ ဧပြီလ ၂၄ ရက် တနင်္ဂနွေနေ့မှာ အဆုတ်နဲ့ ကျောက်ကပ်တွေ ကောင်းကောင်း အလုပ်မလုပ်တော့ဘဲ အသည်းအသန် တလကြာဖြစ်ပြီးနောက် အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒေ့ရှ် ပြည်နယ်၊ ပုတ္တပါသီမှာ ကွယ်လွန်သွားပါပြီ။

အသက် ၈၆ နှစ်ရှိပြီဖြစ်တဲ့ ဆိုင်းဘာဘာဟာ သူတည်ထောင်ထားတဲ့ အန်ဒရာ ပရာဒေ့ရှ်ရှိ ဆရီ ဆတ်သီယာ ဆိုင်း အဆင့်မြင့်ဆေးပညာ အင်စတီကျုမှာ တနင်္ဂနွေနေ့ မနက် ၇ နာရီ ၄၀ မှာ ကွယ်လွန်သွားတာပါ။

“ဘဝဝမ် ဘာဘာရဲ့ ရုပ်ကလာပ်ကို ဆိုင်းကူလ်လဝန် ခန်းမမှာ တနင်္လာနဲ့ အင်္ဂါ နှစ်ရက်ကြာ ထားပါမယ်” လို့ အဆင့်မြင့်ဆေးပညာ အင်စတီကျုက ဒါရိုက်တာ အေ.အန်.ဆာဖာယက ဆိုပါတယ်။

ဆိုင်းဘာဘာရဲ့ ဈာပနကို လာရောက်သူတွေ များပြားလွန်းတဲ့အတွက် လုံခြုံရေးကိုလည်း အထူးတင်းကြပ်ထားပါတယ်။ ဆိုင်းဘာဘာ နာရေးကြောင့် ခရီးထွက်နေတဲ့ အန်ဒရာပရာဒေ့ရှ် ပြည်နယ် ဝန်ကြီးချုပ်ဟာလည်း ခရီးထွက်ရာကနေ အမြန်ဆုံး ပြန်ရောက်လာခဲ့ပါတယ်။





ဆိုင်းဘာဘာ ရုပ်ကလာပ်ကို နောက်ဆုံးအနေဖြင့် လာရောက်ဂါရဝပြုသူ တပည့်များ (ဓာတ်ပုံ - AP)

ငယ်နာမည် ဆတ်သီယာနာရတန ရာဂျူး လို့ခေါ်တဲ့ ဆိုင်းဘာဘာကို ၁၉၂၆ ခုနှစ်မှာ ဆင်းရဲတဲ့ မိသားစုကနေ မွေးပါတယ်။ ဆိုင်းဘာဘာဟာ ၁၉၁၈ မှာ ကွယ်လွန်သွားတဲ့ သူတော်စင်ကြီး ရှီရဒီ ဆိုင်းဘာဘာ ပြန်ဝင်စားတယ်လို့ ယုံကြည်ကြပြီးနောက် အသက် ၁၄ နှစ်အရွယ်ကတည်းက နာမည်ကျော်ကြားခဲ့တာ ဖြစ်ပါတယ်။

ကိုယ်ကျင့်တရားပြည့်ဝပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝနေနည်းကို လူသန်းနဲ့ချီပြီး လိုက်နာလာအောင် လုပ်နိုင်ခဲ့တဲ့ ခေါင်းဆောင်တဦးကြွေလွင့်သွားတာမို့ အထူးဝမ်းနည်းကြောင်း အိန္ဒိယ ဒုသမ္မတ ဟာမစ် အန်ဆရီ၊ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၊ လွှတ်တော် ဥက္ကဋ္ဌ ဆိုနီယာ ဂန္ဒီ၊ ဘီဂျေပီ ပါတီခေါင်းဆောင် အဒ်ဗာနီနဲ့ နီတင် ဂတ်ဒကာရီတို့က ပြောဆိုပါတယ်။

ဆိုင်းဘာဘာကို ကြည်ညိုသူတွေထဲမှာ သမ္မတတွေ၊ နိုင်ငံရေးသမားတွေ၊ နာမည်ကျော် သရုပ်ဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အားကစားသမားတွေကအစ ပါဝင်ပါတယ်။

အင်ဒီရာ ဂန္ဒီ၊ ဗာ့ဂ်ျပါရီးကနေ မန်မိုဟန်ဆင်းအထိ အားလုံးသော ဝန်ကြီးချုပ်တွေဟာ ဆိုင်းဘာဘာကို အရိုအသေ ပေးခဲ့ကြပါတယ်။ ရှန်ကာ ရှာမာ၊ အဗ္ဗဒူကလမ်ကနေ ပတေး အထိ သမ္မကြီးတွေဟာလည်း ဆိုင်းဘာဘာရှိတဲ့ ပုတ္တပါသီဆီ သွားရောက်လည်ပတ်ပြီး တိုင်ပင် ဆွေးနွေးခဲ့ကြပါတယ်။

ဆိုင်းဘာဘာတည်ထောင်ထားတဲ့ ပုတ္တပါသီက ဆရီ ဆတ်သီယာ ဆိုင်း တက္ကသိုလ် ဘွဲ့နှင်းသဘင်တိုင်း အန္ဒိယသမ္မတ သို့မဟုတ် ဝန်ကြီးချုပ် တက်ရောက်ပါတယ်။

ဆိုင်းဘာဘာဟာ ဝေဒကျမ်းတွေရဲ့ နက်နဲမှုအကြောင်း မပြောပါဘူး၊ သက္ကတကျမ်းဂန်တွေကို ကိုးကားလေ့မရှိပါဘူး၊ သူ့ကိုကြည်ညိုသူတွေကို ပိုမိုဆွဲဆောင်ဖို့ အင်္ဂလိပ်လို တရားဓမ္မတွေ၊ ဒဿနတွေ မပြောပါဘူး၊ ဒါဖြင့်ရင် ဘာကြောင့် သူဟာ နာမည်ကျော်တွေ အပါအဝင် သန်းပေါင်းများစွာသော နောက်လိုက်တပည့်တပန်းတွေ ရှိနေရသလဲ လို့ အိန္ဒိယ တူဒေး ဆောင်းပါးတပုဒ်က ရေးပါတယ်။

သူရဲ့ တခုတည်းသော ရိုးရှင်းတဲ့ သတင်းစကားက “အများဝန်ကို ဆောင်ခြင်း ပရဟိတဟာ အမြင့်ဆုံးသော စိတ္တဓမ္မ” ပါတဲ့။

ဆိုင်းဘာဘာက “ဆုတောင်းတာ၊ တရားထိုင်တာ၊ ကျမ်းဂန်နဲ့ ဝေဒကျမ်းတွေရဲ့ ပဋိယတ္တိဟာ အများဝန်ကိုဆောင်ခြင်း ပရဟိတလောက် ကိုယ့်အန္တိမ ရည်မှန်းချက်ကို မြန်မြန် မရောက်နိုင်ဘူး။ မေတ္တာတရားနဲ့ တာဝန်ယူပါ၊ မေတ္တာတရားနဲ့ လုပ်ဆောင်ပါ၊ စစ်မှန်သော မေတ္တာတရားကို မွေးပါ၊ မေတ္တာတရား ဦးဆောင်ရာကို လိုက်ပါ” လို့ ပြောပါတယ်။

ဝေဖန်သူတွေကတော့ ဆိုင်းဘာဘာဟာ မျက်လှည့်ပြတတ်တဲ့ အံ့ဖွယ် လူထူးလူဆန်း လို့ ပြောကြပေမယ့် ဆိုင်းဘာဘာရဲ့ လူမှုလုပ်ငန်းတွေကိုတော့ ချီးကျူးလေးစားကြပါတယ်။

(ကိုးကား - India Today)

4 comments :

  1. Anonymous said... :

    မွေးသက္ကရာဇ်လွဲနေပါတယ်ခင်ဗျား။ :)
    BSN မမြင်ခင် အမြန်ပြင်နော်....

  1. Khet Htan said... :

    ပြင်လိုက်ပါပြီ။ ကျေးဇူးတင်ပါသည်။

  1. Unknown said... :

    မဆိုးပါဘူး

  1. DR.BIG said... :

    Mr.Admin

    can you follow the link then you will be know that about sai ba ba http://www.youtube.com/watch?v=Yblhsr1O4IQ&feature=related

    from
    ငအ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved