လွှတ်တော်အမတ်တွေ မေးခွန်းထုတ်သင့်တဲ့ ဦးပိုင်

Monday, April 25, 2011


(ဖိုးတရုတ်ကြီးရဲ့ ဆိုဒ်မှာ ဆောင်းပါးရှင် ဗိုလ်သိန်းတန် အခန်းဆက်ရေးနေတဲ့ “လွှတ်တော်မှာ အမတ်မင်းများ မေးသင့်သော ဦးပိုင်အကြောင်း” ဆောင်းပါးတွေပါ။ ဧရာဝတီဘလော့ဂ် တချို့စာအပိုဒ်တွေကို ကောက်နှုတ်ဖော်ပြပြီး အပြည့်အစုံအတွက် ဖိုးတရုတ်ကြီးဆိုဒ်ကို ပြန်ညွှန်းပေးလိုက်ပါတယ်။)


..... စီးပွားရေးဦးပိုင် လီမိတက်တွင် ရာနှုန်းပြည့် ထောက်ပံ့ထားသော ကုမ္ပဏီလုပ်ငန်းများနှင့် အကျိုးတူ ဖက်စပ် ကုမ္ပဏီလုပ်ငန်းများ ဟူ၍ နှစ်မျိုးရှိသည်။ မြန်မာ စီးပွားရေးဦးပိုင် လီမိတက်မှ ချုပ်ကိုင်လုပ်ကိုင်ထားသော လုပ်ငန်းများမှာ၊ မြန်မာအင်တာပရိုက် ကုမ္ပဏီ လီမိတက်၊ မိုးကုတ် ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း၊ မိုင်းရူး ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း၊ နန်းယားဒေသ ကျောက်မျက် တူးဖော်ရေးလုပ်ငန်း၊ ရွှေသတ္ထု တူးဖော်ခြင်းလုပ်ငန်း၊ မော်ချီးဒေသ ခဲ၊သတ္ထု တူးဖော်ခြင်းလုပ်ငန်း၊ ကျောက်စိမ်း ထုတ်လုပ်မှုလုပ်ငန်း၊ ကျောက်စိမ်း ကျောက်မျက်ရတနာ အချောထုတ်လုပ်ခြင်းလုပ်ငန်း၊ မြန်မာ အင်ဒီမီဒီရယ်ဂျိတ် ကုမ္ပဏီ လီမိတက်၊ မြန်မာပရူဝါရီ ကုမ္ပဏီ လီမိတက်၊ ဂရင်းနှိပ် ကျောက်ပြားစက်ရုံ (ကျောက်ဆည်)၊ ပလပ်စတစ် ရက်ထည်အိပ်စက်ရုံ (ကျောက်ဆည်)၊ မော်စကိုစတီးလ် သွပ်ပြားစက်ရုံ၊ မာမီး ခေါက်ဆွဲစက်ရုံ၊ Red Rubby စီးကရက်စက်ရုံ၊ ဒူးယားစီးကရက်စက်ရုံ (ပခုက္ကူ)၊ မြန်မာရာဘာဝုဒ် ကုမ္ပဏီ လီမိတက် (မော်လမြိုင်)၊ မြန်မာ နာနတ်ရည်လုပ်ငန်း (ပဲခူး)၊ .................... ဆာလဖြူရစ် အက်စစ်စက်ရုံ (မုံရွာ)၊ မြ၀တီ ဘဏ်လုပ်ငန်း၊ မြ၀တီ ထရေးဒင်း သွင်းကုန်/ထုတ်ကုန်လုပ်ငန်း၊ နိုင်ငံခြားငွေ လဲလှယ်မှုလုပ်ငန်း၊ တပ်မတော်သား သက်သာချောင်ချိရေး အရောင်းဆိုင်၊ ဒို့ယာမြေ စိုက်ပျိုးရေးလုပ်ငန်း၊ ပြည်သာယာ စိုက်ပျိုးရေးလုပ်ငန်း၊ ဗနလ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ မြ၀တီ စိုက်ပျိုးရေး ၀န်ဆောင်မှုလုပ်ငန်း၊ န၀ဒေး ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းတို့ ဖြစ်ကြသည်။ (အပိုင်း - ၁ အပြည့်အစုံဖတ်ရန်)


..... စီးပွားရေး ဦးပိုင်လီမိတက်၏ ဥက္ကဌရာထူးအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတို့၏ စိတ်ချရသော လူယုံများကိုသာ ထားလေ့ရှိသည်။ ဗိုလ်ချုပ်ဝင်းသန်းမှာလည်း ကက၀ယ်မှ ဖြစ်သောကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မီးဖိုချောင်ကို ဖြည့်တင်းပေးနေရသော စပါးကျီနှင့် စတိုးဆိုင်ကြီး၏ မန်နေဂျာသဖွယ် ဖြစ်ပေသည်။ ............... စီးပွားရေး ဦးပိုင်လီမိတက် အုပ်ချုပ်ရေးဌာန၏ အထွေထွေမန်နေဂျာမှာ ဗိုလ်မှူးလေးတင်ဖြစ်၍ အသက် (၈၀) ကျော်နေပြီ ဖြစ်သော်လည်း တာဝန်ထမ်းဆောင်ဆဲ ဖြစ်သည်။ စီးပွားရေး ဦးပိုင်လီမိတက်သည် ၀န်ကြီးဌာနများကဲ့သို့ အသက် (၆၀) ပြည့်၍ ပင်စင်ယူစရာ မလိုဘဲ လုပ်နိုင်ပါက မသေမချင်း လုပ်နိုင်သည့် အခွင့်ထူးကို ပေးထားပါသည်။ စီးပွားရေး ဦးပိုင်လီမိတက် အုပ်ချုပ်ရေးဌာန၏ လက်ထောက် အထွေထွေမန်နေဂျာမှာ ဗိုလ်မှူးမောင်အေး (OTS – 58) မှ ၎င်း၏ လက်အောက် အကြီးတန်းစာရေး မသန္တာဦးအား ခြေတော်တင်ရာတွင် ကိုယ်ဝန်ရှိသွားသဖြင့် ၂၀၀၃ ခုနှစ်တွင် လက်ထပ်ယူလိုက်ရသူ ဖြစ်သည်။ (အပိုင်း - ၂ အပြည့်အစုံဖတ်ရန်)

......... အရှုံးပြရခြင်း၏ အဓိက အကြောင်းရင်းများမှာ စက်ရုံလုပ်ငန်းများအတွက် နိုင်ငံခြားမှ တင်သွင်းလာသော ကုန်ကြမ်းပစ္စည်းများမှာ အရည်အသွေး မှီသော်လည်း ရန်ကုန်ဆိပ်ကမ်းသို့ ကုန်ကြမ်းပစ္စည်းများ ရောက်ရှိလာပြီဆိုသည်နှင့် နိုင်ငံခြားမှ တင်သွင်းလာသည့် တာဝန်ရှိသူများနှင့် စက်ရုံမှူးများ လက်ဝါးချင်းရိုက်ကာ ဘုရင့်နောင်ပွဲရုံတန်းသို့ ပို့လိုက်ကြပါသည်။ အရည်အသွေး ပြည့်မှီသော ကုန်ကြမ်းများအား အရည်အသွေးညံ့သည့် ကုန်ကြမ်းများနှင့် အစားထိုးလိုက် ပါတော့သည်။ ပလပ်စတစ် ရက်ထည်အိတ်စက်ရုံနှင့် ပလပ်စတစ်လူသုံးကုန် စက်ရုံများဆိုလျှင် နိုင်ငံခြားမှ အရည်အသွေးမှီ ကော်စေ့များအား ရောင်းစားပြီး လမ်းဘေးတွင် စွန့်ပစ်ထားသော ပလပ်စတစ် အဟောင်းများအား ၀ယ်ယူ၍ ပြန်လည် အသုံးပြုသည်ပင် ရှိပါသည်။ စက်ရုံမှူးများသည် အရည်အသွေးမှီ ကုန်ကြမ်းများကို ရောင်းစားရသည်ကိုပင် အားမရသေးဘဲ စက်ရုံမှ ထွက်ရှိသည့် ကုန်ချောပစ္စည်းများကိုလည်း အောက်ခြေ၀န်ထမ်းများနှင့် ပူးပေါင်းကာ ရောင်းခိုင်းလိုက်သေးသည်။ Q.C အဖွဲ့အား စက်ရုံမှူးများမှ ညှိထားပြီး ဖြစ်သည်။ (အပိုင်း - ၃ အပြည့်အစုံဖတ်ရန်)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved