နောက်နှစ်မှာ ထိုင်းနိုင်ငံသား သန်း ၂၀ အင်တာနက် သုံးမည်

Monday, April 25, 2011

နောက်နှစ် ထိုင်းနိုင်ငံမှာ အင်တာနက်သုံးစွဲသူ သန်း ၂၀ အထိ တိုးတက်လာဖို့ရှိပြီး အင်တာနက် ဝန်ဆောင်မှု ဈေးကွက်တန်ဖိုးဟာလည်း ဘတ်ငွေ ၄၀ ဘီလီယံအထိ ရှိလာလိမ့်မယ်လို့ The Nation သတင်းစာမှာ ဖော်ပြထားပါတယ်။

ထိုင်းအင်တာနက် ဆားဗစ် ပရိုဗိုက်ဒါ အသင်းရဲ့ ဥက္ကဋ္ဌ မိုရာဂွတ် ကူလာတူမျိုတင်ကို ကိုးကားဖော်ပြရာမှာ ထိုင်းရဲ့ အင်တာနက် ဝန်ဆောင်မှု ဈေးကွက်ဟာ ယမန်နှစ်က ဘတ် ၃၃.၅ ဘီလီယံအထိရှိကြောင်း သိရပါတယ်။ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ ဘတ် ၂၂.၆ ဘီလီယံဟာ အိမ်သုံး၊ အသေးစား သို့မဟုတ် အိမ်နဲ့တွဲထားတဲ့ စီးပွားရေးလုပ်ငန်းလေးတွေက လာတာဖြစ်ပါတယ်။ ကျန် ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ ဘတ် ၁၀.၉ ဘီလီယံကတော့ လုပ်ငန်းအဖွဲ့အစည်းတွေဆီက ဖြစ်ပါတယ်။

ထိုင်းဘလော်ဂါတဦး (ဓာတ်ပုံ - Richard Barrow)

ဒီနှစ်မှာ နိုင်ငံတဝန်း အင်တာနက်သုံးစွဲသူ ထိုင်း ၁၆ သန်းရှိပြီး ၂.၆၇ သန်းဟာ အိမ်မှာ ADSL နဲ့ သုံးတာ ဖြစ်ပါတယ်။

မိုရာဂွတ်ကတော့ အင်တာနက် ဝန်ဆောင်ခဟာ သင့်တင့်တဲ့ နှုန်းနဲ့ ဆက်ရှိနေမှာ ဖြစ်ပြီး မြန်နှုန်းကို ၅၀ ရာခိုင်နှုန်းအထိမြှင့်ပေးခြင်းအားဖြင့် အင်တာနက် ပိုသုံးလာအောင် ဆွဲဆောင်မယ်လို့ ဆိုပါတယ်။

ဧပြီလ ၂၃ ရက်နေ့ထုတ် အစိုးရသတင်းစာမှာတော့ သမ္မတ ဦးသိန်းစိန်က “အိမ်နီးချင်း နိုင်ငံများကဲ့သို့ ဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်ပြင်းပြင်းဖြင့် တိုင်းပြည်ကို တည်ဆောက်” ဆိုပြီးတော့ ကြုံးဝါး အမိန့်ပေးထားတာ ဖတ်မိပါတယ်။ ဒါပေမယ့် ဘယ်သတင်းကို ကြည့်ကြည့် သူနဲ့ သူ့အစိုးရအဖွဲ့ကတော့ ရှေ့ကထောင်ထားတဲ့ ကွန်ပြူတာကြီးတွေကိုတောင်မှ ယောင်လို့တောင် မထိ၊ မကြည့်တာကိုတော့ တောက်လျှောက် တွေ့နေရကြောင်းပါ ...။

ဒါ့အပြင် Freedom House ရဲ့ မကြာသေးမီက ထုတ်ပြန်တဲ့အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ အင်တာနက်မှာ ဒုတိယချိတ်နေပါတယ်။ အင်တာနက်သုံးစွဲမှုများကို အကန့်သတ်ဆုံး၊ လွတ်လပ်မှု မရှိဆုံး၊ သုံးစွဲသူများကို အဖိနှိပ်ဆုံးမှာ ဒုတိယ ချိတ်တာပါ။ အီရန်က ပထမချိတ်ပါတယ်။

Source: The Nation

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved