ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ သုံးရက်မြောက် ဖြစ်ပွား

Monday, April 25, 2011

ထိုင်း နဲ့ ကမ္ဘောဒီးယားနိုင်ငံအကြား နယ်နိမိတ် အငြင်းပွားမှုကြောင့် သုံးရက်ကြာ တိုက်ပွဲ ဖြစ်ပွားနေပြီး သေဆုံးသူ ဆယ်ယောက်ကျော်ကာ ထိုင်းနိုင်ငံအစိုးရကတော့ ဆက်လက်တိုက်ခိုက်သင့်မသင့်ကို ဆုံးဖြတ်မှာဖြစ်တယ် လို့ သိရပါတယ်။

ထိုင်းတော်ဝင်တပ်မတော်ကတော့ အစိုးရရဲ့ အမိန့်ကိုနာခံဖို့ အသင့်ပါပဲလို့ ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာ က ပြောဆိုလိုက်ပါတယ်။

“အခုလိုမျိုး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအစား နှစ်နိုင်ငံ ဆွေးနွေးမှုပဲ ရှိနေသင့်တာပါ။ ဘာလို့လဲဆိုတော့ နှစ်နိုင်ငံလုံးက ပြည်သူတွေ ထိခိုက်ကြရလို့ပါပဲ” လို့ ထိုင်းစစ်ဦးစီးချုပ်က ဆိုပါတယ်။


ကမ္ဘောဒီးယားဘက်မှ နယ်စပ်တိုက်ပွဲအတွက် BM-21 အမျိုးအစား ဒုံးကျည်များကို အသင့်ပြင်ထားစဉ် (ဓာတ်ပုံ-AP)


နယ်နိမိတ် အငြင်းပွားမှုတွေကြောင့် ဖေဖော်ဝါရီလတုန်းကလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ဖူးပါတယ်။ ထိုင်းနိုင်ငံ ဘက်က ဆူရင်ခရိုင်နဲ့ ကမ္ဘောဒီးယားနိုင်ငံက ဖနွမ်ဒေါင်းရပ်ခရိုင်ချင်း ထိစပ်နေတဲ့နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။


လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဗုံးခိုကျင်းတွင် နေကြရသည့် ထိုင်းနိုင်ငံ ဆူရင်ခရိုင်မှ ဒေသခံများ (ဓာတ်ပုံ-The Nation)

တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်ပိတ်လိုက်တဲ့အတွက် တရက်ကို ထိုင်းဘတ် ၁၅သန်း ကနေ သန်း ၂၀ ထိ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ တနှစ် ကူးသန်းရောင်းဝယ်မှုဟာ ဘတ်သန်း ၈၀၀ ခန့် ရှိတယ်လို့ ထိုင်းကုန်သည်ကြီးများအသင်းရဲ့ အထွေထွေ အတွင်းရေးမှူး မစ္စတာ နန်သာဝပ်က ပြောဆိုပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ နှစ်နိုင်ငံ နယ်နိမိတ် ပြဿနာတွေနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားနိုင်ငံက တွေ့ဆုံဆွေးနွေးဖို့ မလိုလားဘူးဆိုရင် ထိုင်းနိုင်ငံဘက်ကလည်း ဆွေးနွေးဖို့ မလိုအပ်ဘူးလို့ ဗိုလ်ချုပ်ကြီး ချန်အိုချာက ဆိုပါတယ်။

Ref: Bangkok Post

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved