မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ဒိုင်ယာရီ

Monday, April 18, 2011

ဧရာဝတီ၊ ဧပြီ ၁၈၊ ၂၀၁၁

၁၃၇၂ ခုနှစ်မှ ၁၃၇၃ ခုနှစ်သို့သော ပြောင်းလဲသော မြန်မာရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်မှာ ယခင် နှစ်သင်္ကြန်ပွဲတော်များနှင့်မတူ ရေပက်ခံထွက်သူ၊ ရေကစားကြသူ အရေအတွက် အထူးလျော့ကျပြီး အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။

ယခင်နှစ် ကန်တော်ကြီး X2O သင်္ကြန်မဏ္ဍပ်တွင် ပေါက်ကွဲမှု သုံးကြိမ်ဖြစ် ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးကာ လူများစွာ ဒဏ်ရာရရှိခဲ့သည့်အတွက် ယခုနှစ် မဟာသင်္ကြန် ကာလတွင် အစိုးရက လုံခြုံရေးအထူးတင်းကျပ်ခဲ့သည်။

သင်္ကြန်မဏ္ဍပ် ဆောက်လုပ်သူများကိုလည်း မဏ္ဍပ် ဆောက်လုပ် ရေကစားကြရာတွင် မဖြစ်မနေ လုပ်ဆောင်ရမည့် လုံခြုံရေးညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ရာ သင်္ကြန်မဏ္ဍပ် အရေအတွက်လည်း လျော့ကျခဲ့သည်။


ရန်ကုန်-ပြည်လမ်းရှိ အဲယားပုဂံမဏ္ဍပ်တွင် ဤသို့ လုံခြုံရေးချထားသည် (ဓာတ်ပုံ - ဧရာဝတီ)

ရန်ကုန်တမြို့လုံးတွင် ပေ ၅၀ အထက် သင်္ကြန် မဏ္ဍပ်ကြီး ၃၁ ခု နှင့် ပေ ၅၀ အောက် သင်္ကြန်မဏ္ဍပ် ၅၀ ကျော်သာရှိပြီး အဆိုပါအရေအတွက်သည် ယခင်နှစ် သင်္ကြန်ကာလက ရှိခဲ့သော သင်္ကြန်မဏ္ဍပ် အရေအတွက် စုစုပေါင်း ၃၀၀ ကျော်နှင့်နှိုင်းယှဉ်လျှင် လွန်စွာနည်းပါးသော အရေအတွက်ဖြစ်သည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးဌာနမှ သိရှိရသည်။

သို့သော်လည်း သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်လက်ထက် သင်္ကြန်ပွဲတော်သည် လွန်စွာမှ စည်းကားသိုက်မြိုက်ပြီး ပြည်သူလူထုတရပ်လုံး မြူးတူးပျော်ရွင်နေကြသည်ဟု အစိုးရပိုင်ရုပ်မြင်သံကြား၊ သတင်းစာနှင့် ရေဒီယိုများတွင်မူ နေ့စဉ်လိုလို ထုတ်လွှင့်ခဲ့သည်။

အကြိုနေ့(ဧပြီလ ၁၃ ရက်)

ယနေ့သည် မဟာသင်္ကြန်အကြိုနေ့ ဖြစ်သော်လည်း ရန်ကုန်တမြို့လုံး ထူးထူးခြားခြား ငြိမ်သက်နေပြီး လမ်းမများပေါ်တွင် ရေကစားကြသူ အနည်းအကျဉ်းသာရှိသည်။ ရန်ကုန်-အင်းစိန် လမ်းမတလျှောက်တွင်
သင်္ကြန်မဏ္ဍပ် ကြီးကြီးမားမားမရှိဘဲ ရပ်ကွက်အလိုက် ရေပက်ကစားရန် ဆောက်လုပ်ထားသော အုန်းလက် မဏ္ဍပ်အချို့သာရှိနေသည်။

ကားလမ်းမပေါ်တွင် ပုံမှန်သွားလာနေကျ ကားအရေအတွက်လည်း လျော့ကျလျက်ရှိပြီး လမ်းမများပေါ်တွင် လူသူကင်းမဲ့လျက်ရှိသည်။ ရန်ကုန်-ပြည် ကားလမ်းမကြီးပေါ်တွင်မူ ဦးတေဇ၏ အဲယားပုဂံမဏ္ဍပ် အပါအ၀င်
သင်္ကြန်မဏ္ဍပ်ကြီး သုံးခုရှိသော်လည်း ရေပက်ခံကားက အကြိုနေ့တနေ့လုံး အနည်းငယ်သာရှိသည်။

အဲပုဂံ သင်္ကြန်မဏ္ဍပ်များရှေ့တွင် သံဆူးကြိုးဘယ်ရီယာများ ချထားပြီး ရေပက်ခံကား တစီးမျှသာ ၀င်နိုင်အောင် နယ်နမိတ် ကန့်သတ်ပေးထားသည်။ မဏ္ဍပ်ရှေ့ ကခုန်လိုကြသူများမှာမူ မဏ္ဍပ်နား ကပ်ခွင့်မရဘဲ သံဆူးကြိုးဘယ်ရီယာ အပြင်ဘက်မှသာ ကခုန်ခွင့်ပြုထားသည်။ မဏ္ဍပ်ရှေ့တွင် ၀တ်စုံပြည့် ကြက်ခြေနီ၊ ရဲ၊ မီးသတ်တပ်ဖွဲ့ဝင်များက လုံခြုံရေးစောင့်ကြပ်လျက်ရှိသည်။

“သင်္ကြန်ဆိုပေမယ့် စိတ်လွတ်ကိုယ်လွတ် ပျော်လို့လည်းမရပါဘူးဗျာ။ မဏ္ဍပ်နားကိုလည်း ကပ်ခွင့်မပြုဘူး။ မဏ္ဍပ်ရှေ့မှာလည်း ကခွင့်မရဘူး။ သံဆူးကြိုးဘယ်ရီယာတွေ ချထားတဲ့အပြင်ဘက်နေ မဏ္ဍပ်ပေါ်က သီချင်းဆိုတာ၊ ကတာတွေလှမ်းကြည့်ရတယ်။ သူတို့က ဗုံးပေါက်မှာစိုးလို့ လုံခြုံရေးကျပ်တာမှန်ပေမယ့် လူတွေက စိတ်အနှောင့်အယှက်ဖြစ်တယ်” ဟု အဲယားပုဂံမဏ္ဍပ်သို့ သွားရောက်ကြည့်ရှုခဲ့သူ ရန်ကုန်မြို့ခံ တဦးက ပြောသည်။


အဲယားပုဂံမဏ္ဍပ် အပါအ၀င် မဏ္ဍပ်သုံးခုသာရှိသည့် ရန်ကုန်-ပြည်လမ်းမတွင် ရေပက်ခံကားများနှင့် လမ်းလျှောက်လည်ပတ်ကြသူများ တိုးဝှေ့နေကြသည် (ဓာတ်ပုံ - ဧရာဝတီ)

အကြိုနေ့ ညနေ ၃ နာရီနောက်ပိုင်း ကားလမ်းများပေါ်တွင် ရေပိုက်၊ ရေပုံး၊ ရေခွက်များနှင့် ရေပက်ကြသော ကလေးငယ်များ၊ လူကြီး၊ လူငယ်အချို့ကို တွေ့မြင်ရပြီဖြစ်သော်လည်း ရေပက်သူအရေအတွက်ထက် လမ်းမများပေါ်တွင် သောက်စားမူးရစ် ကခုန်နေကြသူအရေအတွက်က ပိုမိုများပြားနေသည်။ အနောက်တိုင်း
တေးဂီတများဖွင့်ပြီး ကခုန်မူးယစ်နေကြသူများကို ရပ်ကွက်တိုင်းတွင် တွေ့မြင်ရသည်။ အရက်၊ ဘီယာ၊ သောက်ရေသန့်နှင့် ရေခဲလိုက်လံရောင်းချသော ကားအချို့ကိုလည်း တွေ့မြင်ရသည်။

အစိုးရ၏ မြို့တော်သစ်နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်လုပ်ငန်းရှင်များအားလုံး ရေကစားမဏ္ဍပ်ကြီးများ မဖြစ်မနေ ဆောက်လုပ်ရမည်ဟု ညွှန်ကြားထားသောကြောင့် နေပြည်တော် ဟိုတယ်ဇုန်တွင် သင်္ကြန်ရေကစားမဏ္ဍပ်များ အစုလိုက် အပြုံလိုက်တွေ့ရှိရသည်။

“နေပြည်တော်မှာက ဟိုတယ်ဇုန်တခုပဲ စည်တယ်။ ကျန်တဲ့ နေရာတွေက ခြောက်ကပ်ကပ်ပဲ။ ဟိုတယ်ဇုန် က မဏ္ဍပ်တွေမှာ ရုပ်ရှင်မင်းသား၊ မင်းသမီး၊ အဆိုတော်တွေ အများကြီးလာပြီး သီချင်းဆိုတော့ သွားကြည့်တဲ့သူ၊ ရေပက်ခံထွက်တဲ့သူနဲ့ ဟိုတယ်ဇုန်မဏ္ဍပ်တွေမှာလူက ပြုံတိုးနေတယ်” ဟု သင်္ကြန်အကြိုနေ့ နေပြည်တော်မြင်ကွင်းကို အစိုးရ၀န်ထမ်းတဦးက ပြောသည်။

နာမည်ကျော် Iron Cross တေးဂီတ၀ိုင်း သွားရောက်ဖြေဖျော်သော မန္တလေးမြို့တော်၏ ကျုံးတလျှောက်တွင်မူ လူများပြည့်နှက်စည်ကားသည်ဟု သိရှိရသည်။

“လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းတို့ ဆိုတာတွေကို ကြည့်ချင်လို့ လာကြတဲ့သူကများတယ်။ ရေကစားသူထက် စတိတ်ရှိုးလာကြတာက များနေတယ်လို့ ပြောရမယ်” ဟု မန္တလေးမြို့မှ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသားတဦးက ပြောသည်။

နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်၊ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်၊ မန္တလေးမြို့တော်ဝန်မဏ္ဍပ်များ အပါအ၀င် နိုင်ငံတ၀န်းရှိ သင်္ကြန်မဏ္ဍပ်များကို သက်ဆိုင်ရာ တိုင်း/ပြည်နယ်အစိုးရ ၀န်ကြီးချုပ်များက အကြိုနေ့တွင် တက်ရောက်ဖွင့်လှစ်ကြသည်ဟု အစိုးရပိုင် သတင်းမီဒီယာများက ကြေညာသည်။

သင်္ကြန်အကျနေ့ (ဧပြီလ ၁၄ ရက်)

အပန်းဖြေခရီးထွက်ကြသူ များလွန်းသောကြောင့် သင်္ကြန်အကျနေ့အထိ ခရီးသည်များ ပြည့်နှက်လျက်ရှိကြောင်း ချောင်းသာကမ်းခြေသို့ ခရီးသည်များပို့နေသော ပြည်တွင်းအဝေးပြေး ယာဉ်လိုင်းမှ တာဝန်ရှိသူ တဦးကပြောသည်။

“ဒီနှစ်တော့ ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေတွေဆီ အပန်းဖြေခရီးထွက်ကြတာများသလို၊ ဘုရားဖူးခရီး ထွက်ကြတာ တော်တော်များတယ်။ အဝေးပြေးလိုင်းကား တွေအကုန်အလုပ်ဖြစ်ကြတယ်” ဟု ပြည်တွင်းခရီးသွားလုပ်ငန်း ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက ရှင်းပြသည်။

ချောင်းသာကမ်းခြေရှိ ဟိုတယ်မန်နေဂျာတဦးကလည်း သင်္ကြန်ကာလမှ ဧပြီလကုန်အထိ ချောင်းသာကမ်း ခြေရှိ ဟိုတယ်များတွင် အခန်းဘိုကင်အပြည့်ရှိနေပြီး ခရီးသည်များ ပြည့်နှက်နေကြောင်း ရှင်းပြသည်။

“တည်းခိုခန်းက သင်္ကြန်တွင်းမှာ တခန်းတရက် လေးသောင်း၊ ငါးသောင်း၊ ခြောက်သောင်းအထိ ဈေးတက်တယ်။ ဟိုတယ်ခန်းတွေက တခန်းကို တရက် တသိန်းကျော်လောက်အထိ ဈေးတက်တယ်” ဟု ချောင်းသာကမ်းခြေတွင် ရောက်ရှိနေသူ ရန်ကုန်မြို့ခံတဦးက ဆိုသည်။

သင်္ကြန်အကျနေ့ ရန်ကုန်မြို့တွင် သင်္ကြန်အကြိုနေ့ကထက် ရေကစားသူအနည်းငယ်များပြားသော်လည်း သင်္ကြန်မဏ္ဍပ် နည်းပါးလွန်းသည့်အတွက် သင်္ကြန်မဏ္ဍပ်ရှိသော နေရာများတွင်သာ လူနှင့်ရေပက်ခံကားများ စုပြုံတိုးဝှေ့နေသည်ဟု သိရှိရသည်။

“ရန်ကုန်ပြည်လမ်းနဲ့ ကန်တော်ကြီးနား တ၀ိုက်လောက်မှာပဲ လူစည်တယ်။ ဒါကလည်း သင်္ကြန်မဏ္ဍပ် သုံးလေးခုကို လူနဲ့ကားတွေက သွားတိုးနေတာ။ တမြို့လုံး အတိုင်းအတာနဲ့တော့ သိပ်ပြီးစည်လှတယ် မဟုတ်ဘူး။ ကိုယ့်အိမ်ရှေ့ကိုယ် ရေပက်ကြတဲ့သူတွေတော့ ရှိပါတယ်။ ဒါပေမယ့် မနှစ်ကထက်တော့ မစည်ဘူးလို့ ပြောလို့ရတယ်” ဟု လှိုင်မြို့နယ်၊ ဘူတာရုံလမ်းတွင် နေထိုင်သူ ရန်ကုန်မြို့ခံကရှင်းပြသည်။

သင်္ကြန်မဏ္ဍပ်များအနီးတွင် ဈေးရောင်းချကြသော ပျံကျဈေးသည်များကလည်း ယခုနှစ်သင်္ကြန်သည် မဏ္ဍပ်နည်းပါးသည့်အတွက် အလုပ်မဖြစ်ကြောင်း ရှင်းပြသည်။

“သင်္ကြန်မှာ နှစ်တိုင်းဈေးရောင်းဖြစ်တယ်။ ဒီနှစ်တော့ မဏ္ဍပ်နည်းတော့ လူနည်းတယ်။ လူနည်းတော့ ဈေးသိပ်မရောင်းရဘူး။ အရင်က တရက်ကို တသိန်းကျော်လောက် ရောင်းရပေမယ့် ဒီနှစ်တော့ တရက် လေးသောင်းကျော်လောက်ပဲ ရောင်းရတယ်” ဟု ရန်ကုန်-ပြည်လမ်း အဲပုဂံမဏ္ဍပ်အနီး အရက်၊ ဘီယာနှင့်ရေသန့် ရောင်းချနေသော ပျံကျဈေးသည်တဦးက ဆိုသည်။

ရန်ကုန်မြို့တော်တ၀န်း ကားလမ်းမများပေါ်တွင် ရေခဲနှင့် အရက်ဘီယာ ရောင်းချသော ဆိုင်းဘုတ်ထောင် ဆိုင်ငယ်လေးများ များပြားလားခြင်းကလည်း ထူးခြားချက်တခုဖြစ်သည်ဟု ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။

သင်္ကြန်အကြတ်နေ့ (ဧပြီလ ၁၅ ရက်)

ရွှေတိဂုံစေတီအပါအ၀င် ရန်ကုန်မြို့ရှိ တန်ခိုကြီးဘုရားစေတီများတွင် အာဏာပိုင်များက လုံခြုံရေးတိုးမြှင့် ထားသည်ကိုတွေ့ရသည်။ ရွှေတိဂုံစေတီတော် အ၀င်အ၀မုခ်ဦးများနှင့် အလယ်ပစ္စယံများတွင်သာ စတုဒီသာ အလှူလုပ်သူများနှင့် စည်ကားနေသည်။ ရွှေတိဂုံစေတီတော်ရင်ပြင်တွင် လုံခြုံရေးဝန်ထမ်း ရာပေါင်းများစွာ လှည့်လည်နေသည်ကို တွေ့ရပြီး ရင်ပြင်အချို့နေရာများတွင် “မိုင်းသတိ၊ မိုင်းအသိ” ဆိုသော ဆိုင်းဘုတ်ကြီးများကို ထင်ထင်ရှားရှားတွေ့မြင်ရသည်။

ရွှေတိဂုံစေတီတော် ဘုရားပြင်ဇရပ်များတွင် သံဃာတော်များ၏ တရားဟောသံများ၊ ရင်ပြင်အောင်မြေပေါ်မှ ၀တ်ရွတ်သံများနှင့် စေတီတော် ပတ်ဝန်းကျင်တခုလုံး တရားသံများဖြင့် လွှမ်းနေသည်။ ဥပုသ်သီလ စောင့်ကြသော အမယ်အိုများနှင့် အမျိုးသမီးများကို အညိုရောင်နှင့် အဖြူရောင် ယောဂီဝတ်များနှင့် နေရာ အနှံ့အပြားတွေ့မြင်ရသည်။ ရင်ပြင်တော်တွင် တံမြက်စည်း လှည်းနေကြသော ဆယ်ကျော်သက်အရွယ် လူငယ်လူရွယ် အစုအဖွဲ့များကလည်း တက်ကြွစွာဖြင့်
ကုသိုလ်အရေး ဘုရားဝေယျာကိစ္စများကို ဆောင်ရွက်နေကြသည်။

ဘုရားစေတီပုထိုးများတွင်သာမက ဘုန်ကြီးကျောင်း၊ တရားရိပ်သာများတွင် တရားစခန်းဝင်ကြသူ အရေအတွက် ယခုနှစ်သင်္ကြန်ကာလတွင် ထူးထူးခြားခြားမြင့်တက်လာပြီး လူငယ်လူရွယ်အများစုပါဝင် လာကြောင်း သိရှိရသည်။

ဒဂုံမြို့သစ်မြောက်ပိုင်း ကိုးဘွဲ့ရဆရာတော် အရှင်အာစာရာလင်္ကာရ ဖွင့်လှစ်ထားသော တရားစခန်းတွင် လူဦးရေ ရာပေါင်းများစွာ တိုးပွားလာပြီး တရားစခန်းဝင်သည့်အတွက် ယာယီကျောင်းဆောင်များဆောက် လုပ်ဖွင့်လှစ်ရသည်အထိ လူများပြားကြောင်း တရားစခန်းဝင်သူများက ပြောသည်။

ဖြူးသာသနာ့ရိပ်သာ၊ ချမ်းမြေ့ရိပ်သာ၊ မိုးကုတ်ဝိပဿနာရိပ်သာ အပါအ၀င် ရန်ကုန်မြို့ရှိ တရားစခန်း ရိပ်သာအများစုတွင် တရားစခန်းဝင်သူများနှင့် ပြည့်နှက်လျက်ရှိသည်။

ယဉ်ကျေးမှုနှင့် မကိုက်ညီသော ၀တ်စားဆင်မှုများ အရေးယူမည်ဟု အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ထားလင့်ကစား ရန်ကုန်မြို့ရှိ သင်္ကြန်မဏ္ဍပ်များပေါ်တွင် မလုံ့တလုံ ၀တ်စားဆင်ယင်ပြီး အနောက်တိုင်း တေးဂီနှင့် ကခုန်နေမြူးတူးနေကြသော မြန်မာမိန်းကလေးငယ် အရေအတွက်က မနည်းလှ။

ကားလမ်းမကြီးများဘေးတွင် အရက်သောက်ပြီး မူးယစ်လဲကျနေသူများကိုလည်း နေရာတိုင်းတွင် တွေ့မြင်ရသည်။

သင်္ကြန်အတက်နေ့ ( ဧပြီလ ၁၆)

ဒေါ်အောင်ဆန်းစုကြည်က သင်္ကြန်အတက်နေ့ညနေ လေးနာရီတွင် သူ၏ တက္ကသိုလ်ရိပ်သာလမ်း ခြံရှေ့မှ တက္ကသိုလ်ရိပ်သာလမ်းကို ဖြတ်သန်းသွားလာကြသည့် ရေပက်ခံထွက်ကြသူ ပြည်သူရာပေါင်းများစွာကို နှုတ်ဆက်ခဲ့သည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီး ပြည်သူလူထုကို ခြံရှေ့မှ ပထမဆုံးအကြိမ် နှုတ်ဆက်ခဲ့ပြီးတဲ့နောက် သင်္ကြန်အတက်နေ့ နှုတ်ဆက်ခြင်းသည်
ဒုတိယအကြိမ်မြောက် ပြည်သူများကို ခြံရှေ့မှ နှုတ်ဆက်ခြင်းဖြစ်သည်။

လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ သင်္ကြန်ကာလ ခါးပိုက်နှိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ ကားတိုက်မှု၊ မူးယစ်ရမ်းကားမှု ကဲ့သို့သော ပြစ်မှုအများအပြား ဖြစ်ပေါ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။

အဲယားပုဂံမဏ္ဍပ်ရှေ့တွင် သင်္ကြန်အကြတ်နေ့က ဓားထိုးမှုဖြစ်ပွားခဲ့ပြီး ဓားထိုးခံရသူတဦး ဗိုက်ပွင့်သေဆုံး သွားခဲ့ကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူတဦးက ပြောသည်။

“ရန်ပွဲတွေက တခြိမ်းခြိမ်းပဲ။ ဘယ်သူတွေမှန်းလည်း မသိဘူး။ ရိုက်ကြ၊ နှက်ကြနဲ့ပဲ။ ဆွဲတဲ့သူလည်း မရှိဘူး။ လုံခြုံရေး တင်းကျပ်တယ်ဆိုပေမယ့် မဏ္ဍပ်တွေနားမှာပဲ လုံခြုံရေးရှိတာ။ ကျန်တဲ့နေရာတွေမှာ ရဲမရှိဘူး။
ရှိတဲ့ရဲကလည်း မူးနေကြတာဆိုတော့ အမှုအခင်းမဖြစ်ခင် တားနိုင်တဲ့အင်အားမရှိဘူး။ ရန်ပွဲဖြစ်ပြီး တိုင်မှ ရဲတွေလာကြတာ” ဟု ရန်ကုန်ပြည်လမ်းရှိ သင်္ကြန်မဏ္ဍပ်တခုတွင် ရေကစားနေသူတဦးက ပြောသည်။

အုပ်စုဖွဲ့ ခါးပိုက်နှိုက်ကြသူများကလည်း သင်္ကြန်မဏ္ဍပ် အနီးအနားပတ်ဝန်းကျင်တွင် ခါးပိုက်နှိုက်မှုများကို ရဲတင်းစွာပင် ကျူးလွန်ကြသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

“ကျနော်က ကနေတုန်း ပိုက်ဆံအိတ် အနှိုက်ခံလိုက်ရတယ်။ အုပ်စုဖွဲ့ဝိုင်းပိတ်ပြီး နှိုက်သွားတာ။ ကျနော်တယောက်တည်းတင် မဟုတ်ဘူး။ မဏ္ဍပ်နားမှာ အဲလိုခါးပိုက်နှိုက်ခံရသူတွေ အများကြီး ရှိတယ်” ဟု ဆယ်ကျော်သက် လူငယ်တဦးက ဆိုသည်။

သင်္ကြန်ကာလ နောက်ဆုံးနေ့အားလျော်စွာ လူငယ်အများစုက အပျော်လွန် သောက်စားမူးယစ်မှု ပိုမိုများပြားလာပြီး မိန်းကလေးငယ်များလည်း အရက်သောက်ပြီး မူးယစ်ကခုန်နေသည်ကို တွေ့ရသည်။

ယမန်နှစ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော ကန်တော်ကြီးပတ်လမ်းတလျှောက်တွင်မူ သင်္ကြန်ကားများက ကြိတ်ကြိတ်တိုးနေပြီး လုံခြုံရေးလည်း အထူးတင်းကျပ်လှသည်။

မြန်မာ့ရိုးရာ သူရိယသိဒ္ဓန္တမဟာသင်္ကြန်စာတွင် ဘာနုရာဇာမည်သော တနင်္ဂနွေဂြိုလ်မင်းသည် ရွှေအဆင်းနှင့်တူသော အ၀တ်တန်ဆာကို ၀တ်ဆင်လျက် သိန္ဓောမြင်းကိုစီးပြီး ရေချမ်းအိုးကိုပိုက်လျက် အနောက်ကသည် အရှေ့မြောက်ထောင့်သို့ ၀င်ကြောင်း၊ နှစ်သစ်တွင် စစ်မက်ဖြစ်ပွားနိုင်ကြောင်း ရာဟုနံနှင့်စသော အရပ်ဒေသကြီးများ ပျက်ကိန်းကြုံရဖွယ်ရှိကြောင်း၊ နိုင်ငံတကာခရီးသွားများ ဘေးဥပဒ် ကြုံတွေ့နိုင်ချေရှိကြောင်း၊ လူများ အနာရောဂါ ထူပြောနိုင်ကြောင်း အစရှိသည့် ဆိုးကျိုးများ ယခုနှစ်သစ်တွင် ကျရောက်နိုင်သည် ဖော်ပြထားရာ ယခုနှစ်သစ်သည် မြန်မာတို့အတွက် သတိထားရမည့် နှစ်တခုဟု ဆိုရပေမည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved