Yes or No

Thursday, April 28, 2011





လိင်တူချစ်သူတွေလို့ ပြောလိုက်ရင် အများစုက ယောက်ျားချင်း လိင်တူချစ်သူတွေကိုသာ ပြေးမြင်တတ်ကြပါတယ်။ ယောက်ျားလျာလို့ ခေါ်တဲ့ မိန်းမချင်း လိင်တူချစ်သူတွေကတော့ မြန်မာပြည်မှာကော တခြားနိုင်ငံတွေမှာပါ ရှိပေမယ့် (လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေအပါအဝင်) သူတို့အကြောင်းကို သိပ်ပြောတာ၊ ဆွေးနွေးတာ မတွေ့ရပါဘူး။ သူတို့ဟာ ယောက်ျားချင်း လိင်တူ ချစ်သူတွေလို မဟုတ်ဘဲ အေးအေးဆေးဆေး သိုသိုသိပ်သိပ်နေတတ်ကြလို့လည်း ဖြစ်မယ် ထင်ပါတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံတွေမှာပေါ့။



အခုတော့ ထိုင်းအမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ ဆရတ်ဆဝပ်ဒီး ဝန်ဆွန်ဖတ် (Saratsawadee Wongsomphet) က မိန်းမချင်း လိင်တူချစ်သူ ဇာတ်ကားတကားဖြစ်တဲ့ “Yes or No” ဆိုတဲ့ ယောက်ျားလျာ ဇာတ်ကားတကားကို ဖန်တီးလိုက်ပါတယ်။ ဒီဇာတ်ကားကို ဖန်တီးရာမှာ တော်တော်လေး စွန့်စားရတယ်၊ ၅ နှစ်လောက် အချိန်ယူရတယ်လို့ ဒါရိုက်တာက ပြောပါတယ်။ အဓိကက ရုပ်ရှင် စိစစ်ရေးကို ကျော်ဖြတ်ဖို့ စွန့်စားရတာကို ဆိုလိုတာပါ။

“ဒါပေမယ့် အခုအချိန်မှာ လူတွေဟာ သူတို့ဖြစ်ချင်တာ၊ ပြောချင်တာတွေကို လွတ်လွတ်လပ်လပ် ဖော်ထုတ်ရဲလာ ကြပါပြီ” လို့ ဝန်ဆွန်ဖတ် က ပြောပါတယ်။

မြန်မာ၊ ထိုင်း အပါအဝင် အရှေ့တောင်အာရှက အမျိုးသမီးတွေဟာ အနောက်နိုင်ငံက အမျိုးသမီးတွေနဲ့ မတူဘဲ ယဉ်ကျေးတယ်၊ သိမ်မွေ့ကြပါတယ်။ အမျိုးသမီးချင်း လိင်တူချစ်တဲ့ ယောက်ျားလျာတွေဟာလည်း အနောက်နိုင်ငံတွေက ယောက်ျားလျာတွေလို သူတို့ အခွင့်အရေးကို တောင်းဆိုနေတဲ့ တက်ကြွလှုပ်ရှားသူတွေ မဟုတ်ကြပါဘူး။ အများသောအားဖြင့် သူတို့ဟာ သူတို့ရဲ့ ဖက်ရှင်၊ ပုံပန်းသဏ္ဍန်နဲ့ လူနေမှုဘဝကို ပိုတန်ဖိုးထား၊ ပိုစိတ်ဝင်စားသူတွေဖြစ်ပါတယ်။

“Tom Act” ဆိုတဲ့ မဂ္ဂဇင်းဟာ ထိုင်းနိုင်ငံရဲ့ ပထမဆုံးသော ယောက်ျားလျာတွေအတွက် ဘဝနေနည်း စာအုပ်တအုပ်ဖြစ်ပါတယ်။ ဒါ့အပြင် ဘန်ကောက်မြို့မှာ ဆိုရင်လည်း ယောက်ျားလျာတွေအတွက် သီးသန့် ဖက်ရှင်ဆိုင်တွေ ရှိနေပါပြီ။ ယောက်ျားလေး တွေလို ဝတ်စား၊ ပြုမူနေထိုင်ကြတဲ့ ထိုင်းနိုင်ငံရဲ့ ယောက်ျားလျာ အစုအဖွဲ့ဟာလည်း တဖြည်းဖြည်း ကျယ်ပြန့်ကြီးမားလာပါပြီ။ ထိုင်းနိုင်ငံရဲ့ Pop အဆိုတော်တွေထဲက နာမည်ကြီး တယောက်ဖြစ်တဲ့ Zee ဟာ သူ့ကိုယ်သူ ယောက်ျားလျာလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သူဖြစ်ပါတယ်။ သူ့ကို မိန်းကလေးတွေက ယောက်ျားလေးဆန်ဆန် ချောတယ်လို့ မှတ်ချက်ပေးကြပါတယ်။

ဒါရိုက်တာ ဝန်ဆွန်ဖတ်က သူ့အနေနဲ့ သူ့ကားကို ရုံတင်ဖို့ စိုးရိမ်စိတ်တွေရှိနေပါတယ်။ ဘာလို့လဲဆိုတော့ သူ့ဇာတ်ကားထဲမှာ မိန်းကလေး အချင်းချင်း ချစ်ကြိုက်ခန်း၊ နမ်းတဲ့အခန်းတွေ ပါနေလို့ပါလို့ ဆိုပါတယ်။ လူတွေက သူ့ဇာတ်ကားကို အတွေးတမျိုး ပေါက်သွားမှာ၊ သူပေးချင်တဲ့ သတင်းစကား လွဲချော်သွားမှာ စိုးရိမ်နေတယ်လို့လည်း ဆိုပါတယ်။ သူက ဒီဇာတ်ကားနဲ့ ယောက်ျားလျာ ဆိုတာလည်း လူမှု အဝန်းအဝိုင်းထဲမှာ ရှိနေတဲ့ သာမန်လူတွေလိုပဲ၊ သီးခြားအမျိုးအစားတခု မဟုတ်ဘူး ဆိုတာကို ပြောချင်တာပါ။ အခု စိစစ်ရေးကနေတော့ ကျော်ဖြတ် နိုင်ခဲ့ပါပြီ။ ဒီကားကို ဒီဇင်ဘာလမှာ ရုံတင်မှာ ဖြစ်ပါတယ်။

မြန်မာပြည်မှာကတော့ ယောက်ျားလိင်တူချစ်သူတွေ အနေနဲ့ အထိုက်အလျောက် ပွင့်လင်းပြီး တချို့ စီးပွားရေးနယ်ပယ်၊ လူမှုရေး နယ်ပယ်၊ အနုပညာနယ်ပယ်တွေမှာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်တဲ့အထိ အသိအမှတ်ပြု ခံနေရပေမယ့် အမျိုးသမီး လိင်တူ ချစ်သူတွေရဲ့ အခန်းကဏ္ဍကတော့ မမြင်ရသလောက်လို့ ဆိုရမှာပါ။

ကိုးကား - (AP သတင်း)

2 comments :

  1. Anonymous said... :

    ဧရာဝတီ အနေနဲ့ သဘာဝကို လွန်ဆန်ချင်နေကြသူတွေကို သတင်းလုပ်ပြောနေတာ မကောင်းပါဘူးဗျာ။

  1. Anonymous said... :

    သဘာဝကို လွန်ဆန်တယ်ထားဦးတော့...အဲဒီလူတွေကလဲ..လူတွေပါဘဲ..လူတွေအကြောင်းသတင်းကို...လူတွေကြည့်တဲ့စာမျက်နှာမှာဖော်ပြတာဆန်လို့ လား... :)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved