အညတရ စစ်သားတဦးရဲ့ ရုပ်ပုံလွှာ (သို့မဟုတ်) မြန်မာစစ်သား ရုပ်ရှင်ကို ခံစားခြင်း

Wednesday, May 18, 2011

ဒုက္ခသည် စခန်းတွင်းက စစ်သားဟောင်းကြီး ကိုမျိုးမြင့်

ဒုက္ခသည် စခန်းက မထွက်ခွာမီ

ဒုက္ခသည် စခန်းက အထွက်

အမေရိကားသို့




အမေရိကန်မှာ မိသားစုနဲ့ ဆုံရပြီ

အမေရိကန် ပြတိုက်တခုထဲက လင်ကွန်း ပုံတူရှေ့မှာ

လွတ်လပ်ရေးရုပ်တုဆီသို့

အမေရိကန်က မြန်မာ့အရေးအတွက် လူထုလှုပ်ရှား ဆန္ဒပြပွဲတွေမှာ ဒီလို ပါဝင်ခဲ့တယ်

မြန်မာစစ်တပ်ရဲ့ ဂုဏ်သတင်းကတော့ အထူးပြောဖို့ လိုမယ်မထင်ပါဘူး။ ဆယ်စုနှစ်ပေါင်း များစွာ အရပ်သားပြည်သူတွေကို ကြောက်မက်ဖွယ် တိုက်ခိုက် ဆက်ဆံမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်တပ် တခုပါ။ အထူးသဖြင့် ပဋိပက္ခ ဒေသတွေမှာပေါ့။ အရွယ်မရောက်သေးတဲ့ ကလေးတွေကို စစ်တပ်တွင်း အဓမ္မ သွတ်သွင်းတဲ့ စစ်တပ်၊ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ အမျိုးသမီးငယ်တွေကို မုဒိမ်းကျင့်၊ လူသတ်နေတဲ့စစ်တပ်၊ ဒေသခံပြည်သူတွေကို အတင်းအကျပ် ပေါ်တာဆွဲ၊ တချို့အခြေနေမှာဆိုရင် မြေမြှုပ်မိုင်းရှင်းဖို့အတွက်တောင် ဒေသခံပြည်သူတွေကို အသုံးပြုတဲ့ စစ်တပ်လို့ လူသိများပါတယ်။

အဲဒီလို ရက်စက်မှုတွေကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူလည်းဖြစ်၊ မြန်မာစစ်သား (Burma Soldier) ဆိုတဲ့ ရုပ်ရှင်ရဲ့ အဓိက ဇာတ်ကောင်လည်းဖြစ်တဲ့ ကိုမျိုးမြင့်ကတော့ “ဒါတွေဟာ စစ်တပ်အဖို့တော့ သာမန် ထမင်းစား ရေသောက် လုပ်ရပ်ပါပဲ” တဲ့။ အဲဒီ ရုပ်ရှင်ကတော့ မြန်မာစစ်သားဟောင်း တယောက်အဖြစ်ကနေ ဒီမိုကရေစီအရေး လှုပ်ရှားတက်ကြွသူ တဦးအဖြစ် ပြောင်းလဲလာသူရဲ့ ဘ၀ဇာတ်ကြောင်းကို ပုံဖော်ထုဆစ်ထားတဲ့ မှတ်တမ်းတင်ရုပ်ရှင်ကားပါ။

ရုပ်ရှင်က မိနစ် ၇၀ ကြာပါတယ်။ ဘန်ကောက် အခြေစိုက် စာရေးဆရာ၊ ဓာတ်ပုံဆရာ နစ်ခ် ဒန်းလော့ခ်က သူ့ရဲ့ လုပ်ဖော်ကိုင်ဘက် မှတ်တမ်းတင်သမား နှစ်ဦးဖြစ်ကြတဲ့ အန်နီဆန်းဘတ်ခ်ျ၊ ရစ်ကီ စတန်တို့နဲ့အတူ ရိုက်ကူး တင်ဆက်ထားတာပါ။ ဒီရုပ်ရှင်ကို ၂၀၁၁ ဘရိုက်တန်အနုပညာ ပွဲတော်မှာ ပြသခဲ့ပြီးပါပြီ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက် မချီးမြှင့် နိုင်ပေမယ့် သူ့ကို ဒီအနုပညာ ပွဲတော်မှာ ဧည့် ဒါရိုက်တာအဖြစ် အဲဒီပွဲတော်မှာ ခန့်ထားပါတယ်။

ဒါ့အပြင် ကမ္ဘာကျော် HBO ရုပ်မြင်သံကြားကလည်း မေ ၁၉ ရက်မှာတကြိမ်၊ ဇွန် ၁၂ ရက်နေ့မှာတကြိမ် ဒီ ရုပ်ရှင်ဇာတ်ကားကို ပြသပေးမှာ ဖြစ်ပါတယ်။ ဘာသာနှစ်မျိုးနဲ့ ထုတ်လုပ်ထားပြီး မြန်မာဘာသာနဲ့ ရုပ်ရှင် ကားကိုတော့ Vimeo အင်တာနက် စာမျက်နှာမှာ အခမဲ့ ကူးယူနိုင်ပါတယ်။ မြန်မာနိုင်ငံတွင်းက ပရိသတ်တွေအတွက် အင်တာနက်ကနေ ဖြန့်ချိတာလို့လည်း သိရပါတယ်။

“မြန်မာစစ်သား” ဆိုတဲ့ ရုပ်ရှင်ကားဟာ ရာစုနှစ် ထက်ဝက်ကျော် ကြာနေပြီဖြစ်ပေမယ့် မပြီးနိုင်သေးတဲ့ ကမ္ဘာ့ သက်တမ်း အရှည်ဆုံး ပဋိပက္ခတွေထဲက တခုဖြစ်တဲ့ မြန်မာနိုင်ငံ ပြည်တွင်းစစ်ရဲ့ စစ်မြေပြင်တခုမှာ ဘယ်ဘက်လက်ချောင်း၊ ညာဘက်လက်ဖျံနဲ့ ညာခြေတဘက် ဆုံးရှဲုးသွားခဲ့ရတဲ့ စစ်သားဟောင်း တဦးရဲ့ ကိုယ်တွေ့ ပြောဆိုချက်ကို ရိုက်ကူး ထားတာပါ။

ဒီရုပ်ရှင်ကနေ ထွက်ပေါ်လာတဲ့ စိတ်မကောင်းစရာတွေထဲက တခုကတော့ တိုင်းပြည်အုပ်ချုပ်နေ သူတွေက မသန်မစွမ်း ရဲဘော်တွေကို မသိကျိုးကျွန် ပြုနေတယ် ဆိုတာပါပဲ။

သူ့ အသက် ၁၇ နှစ်မှာ စစ်ထဲကို ၀င်ခဲ့တယ်။ အဓိက ၀င်ရတဲ့အကြောင်းရင်းကတော့ လူရိုသေ ရှင်ရိုသေလည်းဖြစ်၊ ၀င်ငွေ ရလွယ်တဲ့ လုပ်ငန်းလည်း ဖြစ်တာကြောင့်လို့ ကိုမျိုးမြင့်က ဆိုပါတယ်။ နောက်ပိုင်း စစ်မြေပြင်မှာ မြေမြှုပ်မိုင်းတွေကို အမှတ်အသား ပြု၊ ရှင်းလင်းရတဲ့ စစ်မြေပြင် အင်ဂျင်နီယာ တဦး ဖြစ်လာခဲ့ပါတယ်။ စစ်တပ်ဟာ ပြည်တွင်းစစ် ဖြစ်တဲ့ဒေသတွေမှာ အရပ်သား ပြည်သူတွေကို သတ်ရဲဖြတ်ရဲ လာအောင်၊ နှိပ်စက်တတ် လာအောင်၊ အနိုင်ကျင့် တတ်လာအောင် စစ်သားတွေကို စနစ်တကျလေ့ကျင့် ပေးနေတယ် ဆိုတာကို သူ တခဏအတွင်း သတိပြုမိခဲ့ ပါတော့တယ်။

စစ်ထဲဝင်ပြီး ၄ နှစ်အကြာမှာတော့ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲကြီးတခုမှာ ကိုမျိုးမြင့် ဒဏ်ရာရခဲ့ပါတယ်။ အစပိုင်းပြောဆိုရာမှာ တည်ငြိမ်နေခဲ့ပေမယ့် သူ မော်တာကျည်ထိလို့ ခြေ၊ လက်နဲ့ လက်ချောင်းလေးတွေ ဆုံးရှုံးရတဲ့အချိန် ဆေးရုံမှာ မိခင် ဖြစ်သူ လာကြည့်တဲ့ အခိုက်အတန့်ကို ပြန်ပြောရာမှာတော့ ကိုမျိုးမြင့် စတင် ငိုကြွေးပါတော့တယ်။

စစ်တပ်က ထွက်ခဲ့ရတဲ့ ကိုမျိုးမြင့်ဟာ နားခိုရာ မိခင် အိမ်ကို ပြန်ခဲ့ပါတယ်။ အစိုးရ တားမြစ်ထားတဲ့ စာအုပ်တွေကို စုစည်းပြီး လျှို့ဝှက် စာကြည့်တိုက်တခု သူထောင်လိုက်ပါတယ်။ သမိုင်းနောက်ခံ စာအုပ်တွေ၊ နိုင်ငံရေး စာအုပ်တွေအပြင် သူ့ဘ၀ကို ပြောင်းလဲထင်ဟပ်စေမယ့် စာအုပ်တွေကိုပါ ကိုမျိုးမြင့် မရပ်မနား ဖတ်ခဲ့ပါတယ်။

စစ်သည်ဟောင်း အဖြစ်ကနေ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး အတွက် ရဲရဲရင့်ရင့် ထုတ်ဖော် ပြောဆိုရဲတဲ့ လှုပ်ရှားတက်ကြွသူ တဦးအဖြစ် ကိုမျိုးမြင့် ပြောင်းလဲခဲ့ပါတယ်။ ၁၉၈၈ လူထု ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီး တခြားသူတွေ ပါဝင် လာစေဖို့ အတွက် လည်း စည်းရုံးလှုံ့ဆော် ခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံ ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ တွေ့ဆုံခွင့် ရရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်တဦး ဖြစ်လာခဲ့ပါတော့တယ်။ အတိုက်အခံ ပါတီတခုအနေနဲ့ ပြည်တွင်းစစ်ကြီးကို ရပ်စဲ ပစ်နိုင်တယ်လို့ သူယုံကြည်တယ် ဆိုတဲ့အကြောင်း ၁၉၈၉ ခုနှစ်တုန်းက ကိုမျိုးမြင့် ပြောခဲ့ဖူးပါတယ်။

အစိုးရဆန့်ကျင်ရေး လုပ်ငန်းတွေမှာ ပါဝင်ခဲ့တဲ့အတွက် သူ အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ထောင်ကျ နေစဉ်အတွင်းမှာလည်း “စစ်အစိုးရကို ကျုပ်မယုံကြည်ဘူး” လို့ ပြောတဲ့အတွက် ရက်ရက်စက်စက် နှိပ်စက်ခံခဲ့ရပါတယ်။ တကြိမ်ကဆို ၄ လကြာ တကိုယ်တော် တိုက်ပိတ် ခံခဲ့ရပါသေးတယ်။

တပ်က သူ့အတွေ့အကြုံက ထောင်ကျစဉ်မှာ အနှိပ်စက်ခံရတာနဲ့ ယှဉ်လိုက်ရင် တကယ့်ကို အသေးအဖွဲ ဖြစ်သွားတယ်လို့ ကိုမျိုးမြင့်က ပြောပါတယ်။

တခြား နိုင်ငံရေးအကျဉ်းသားတွေလို ကိုမျိုးမြင့်လည်း ဆယ်စုနှစ် တခုမက စာရေး၊ စာဖတ်ခွင့် ပိတ်ပင် ခံခဲ့ရပါတယ်။ တခါတလေတော့ နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ်ချင်းစာနာတတ်တဲ့ ထောင်ဝါဒါတွေက တဆင့် နည်းလမ်းတွေ ရတတ်ပါတယ်။

အသက် ၄၁ နှစ်မှာ ကိုမျိုးမြင့် ထောင်က လွတ်လာပါတယ်။ စစ်အစိုးရရဲ့ နှောင့်ယှက် ဟန့်တားမှုတွေကို ထောင်အပြင်မှာလည်း သူဆက် ခံစားခဲ့ရတာပါ။ နောက်ဆုံးတော့ ထိုင်း-မြန်မာ နယ်စပ်မြို့ မဲဆောက်ကို သူထွက်လာဖို့ ဆုံးဖြတ်ခဲ့ ပါတော့တယ်။ အဲဒီမဲဆောက်မြို့မှာ သူနဲ့ ထောင်ကျဖော် ကျဘက် ရဲဘော်တွေက နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကို ထူထောင်ပြီး ဘ၀တူ နိုင်ငံရေး အကျဉ်းသားတွေကို အကူအညီပေး၊ သူတို့နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို စုဆောင်း စတဲ့ အလုပ်တွေ လုပ်နေကြပါတယ်။

ဓာတ်ပုံဆရာ နစ်ခ် ဒန်းလော့က AAPP ရုံးမှာ အတွင်းရေးမှူး ကိုဘိုကြည်ရဲ့ မိတ်ဆက်ပေးမှုကြောင့် ကိုမျိုးမြင့်ကို စသိခွင့် ရခဲ့တာပါ။ ကိုဘိုကြည်က ကိုမျိုးမြင့်ရဲ့ ဘဝဇာတ်ကြောင်းကို ရုပ်ရှင်ရိုက်သင့်တယ်လို့ ပြောခဲ့ပါတယ်။ ခမာနီအကျဉ်းစခန်း ခေါင်းဆောင် ရဲဘော် ဒူ့ခ်ျကို ဘယ်လို ခြေရာခံရှာခဲ့တယ်ဆိုတဲ့အကြောင်း “ပျောက်ဆုံးနေသော အာဏာပါးကွက်သားကြီး” ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့သူ နစ်ခ်ဒန်းလော့က ကိုမျိုးမြင့်ကို တွေ့တွေ့ခြင်းပဲ သဘောကျသွားတယ်လို့ ပြောပါတယ်။

အဲဒီနောက်မှာတော့ ဒန်းလော့က ရုပ်ရှင်ရိုက်ကူးသူတွေဖြစ်တဲ့ ဆန်းဘတ်ခ်ျ၊ စတန်၊ ထုတ်လုပ်သူ ဂျူလီ လီဘရိုကွေ တို့နဲ့ ပူးပေါင်းပြီး မှတ်တမ်းတင်ရုပ်ရှင်ကား ရိုက်ဖို့ အားထုတ်ပါတော့တယ်။ အင်္ဂလိပ်ဘာသာနဲ့ ပြသတဲ့ တချို့ စကားပြောခန်းတွေမှာ ဟောလိဝုဒ် အကျော်အမော် ရုပ်ရှင်မင်းသား ကော်လင်း ဖာရဲလ် (Colin Farrel) က ကူညီ အားဖြည့် ပေးထားပါတယ်။

ရုပ်ရှင်မှာ ထည့်သွင်းအသုံးပြုထားတဲ့ သမိုင်း အထောက်အထားတွေကတော့ စစ်သားတဦးရဲ့ ဘ၀ဖြစ်စဉ် တခုကနေ မြန်မာစစ်တပ်အကြောင်းကို နားလည်စေလိုတဲ့ ပညာပေးသဘော ထည့်သွင်းထားတာ ဖြစ်ပါတယ်။ လိုအပ်ချက်အရ တချို့စစ်တပ်နဲ့ အကျဉ်းထောင်ပြကွက်တွေကို အားကောင်းတဲ့ မှန်ဘီလူး အရှည်ကြီးတွေ အသုံးပြုထားတာ တွေ့ရပြီး တိုင်းရင်းသားဒေသတွေက ရွာသားတွေကို စစ်မြေပြင်မှာ အနိုင်အထက် ပြုတဲ့ စစ်သားတွေရဲ့ စက်ဆုပ်ဖွယ် မြင်ကွင်းတွေလည်း ရုပ်ရှင်ထဲမှာ ပါဝင်ပါတယ်။

ဒါပေမယ့် ရုပ်ရှင်ကို ပျော်ရွှင်ဖွယ်တပိုင်း လွမ်းမောဆွတ်ပျံ့ဖွယ် တပိုင်းနဲ့ အဆုံးသတ်ထားပါတယ်။ ရုပ်ရှင်ရဲ့ နောက်ဆုံးအပိုင်းက ကိုမျိုးမြင့် အမေရိကန်ကို ရောက်ပြီး သူ့ညီရယ်၊ ညီမဖြစ်သူရယ်နဲ့ ပြန်လည်ဆုံစည်းခွင့်ရခဲ့တဲ့ အပိုင်းဖြစ်ပါတယ်။ ကိုမျိုးမြင့်ဟာ အခုဆိုရင် အမေရိကန် ပြည်ထောင်စုက မြန်မာလူမျိုးတွေ အများဆုံးနေထိုင်တဲ့ ဖို့ဝိန်းမှာ နေနေပါတယ်။
အမေရိကန် တလွှားမှာလုပ်တဲ့ ဆန္ဒပြပွဲတွေ၊ လှုံ့ဆော်ပွဲတွေမှာ ကိုမျိုးမြင့် ပူးပေါင်းပါဝင်ခဲ့ပြီး သူ့ရဲ့ မပြီးသေးတဲ့ တော်လှန်ရေး တာဝန်ကို ဆက်လက် သယ်ပိုးနေဆဲပါ။ အချိန်တို တခုအတွင်း၊ ဒါမှမဟုတ် သူ့ဘ၀ သက်တမ်း အတွင်းမှာ စစ်အစိုးရ ပြိုလဲသွားမှာ မဟုတ်ဘူးဆိုတဲ့အချက်ကို သူလက်ခံပေမယ့် မြန်မာစစ်တပ်ထဲမှာ ဆက်လက် အမှုထမ်းနေတဲ့ အညတရ စစ်သည်တော်များစွာကို ကိုယ်စားပြုပြီး အသံမဲ့သူများအတွက် အသံတခု ထုတ်ဖော်ပေးဖို့ သူ့မှာ တာဝန်ရှိတယ်လို့ ကိုမျိုးမြင့် ယုံကြည်ထားပါတယ်။

လန်ဒန်အခြေစိုက် ဂါးဒီယန်း သတင်းစာမှာ မနှစ်ကပါခဲ့တဲ့ သူ့ ဆောင်းပါးတပုဒ်မှာ ကိုမျိုးမြင့်က “ဒီ ရုပ်ရှင်ဇာတ်ကားကနေ တဆင့် စစ်အစိုးရအောက်မှာ အမှုထမ်းနေကြတဲ့ စစ်သားတွေက အရပ်သား ပြည်သူတွေအပေါ်မှာ ပြုမူခဲ့တဲ့ လုပ်ရပ်တွေ၊ ဆက်ဆံပုံတွေကို ပြန်စဉ်းစား လာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ရုပ်ရှင် ကြည့်ပြီးတဲ့ အခါမှာလည်း အရပ်သား ပြည်သူတွေအပေါ် ထားရှိတဲ့ သူတို့အပြုအမူတွေ ကောင်းတယ်၊ ဆိုးတယ်၊ တရားတယ်၊ မတရားတယ် ဆိုတာကို သူတို့ကိုယ် သူတို့ ပြန်မေးနိုင်လိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်” ဆိုပြီး သူ့အမြင်ကို ရေးသားခဲ့ပါတယ်။

ဧရာဝတီ

(ဆောင်းပါးမူရင်းကို အင်္ဂလိပ်ဘာသာနဲ့ ဒီမှာဖတ်ရှုနိုင်ပါတယ်။)

2 comments :

  1. "ကိုမျိုးမြင့်ဟာ အခုဆိုရင် အမေရိကန် ပြည်ထောင်စုက မြန်မာလူမျိုးတွေ အများဆုံးနေထိုင်တဲ့ ဖို့ဝိန်းမှာ နေနေပါတယ်။"

    This is not correct statement. It may be correct if you say Ft. Wayne is a city with highest settlement of Burmese refugees (all ethic groups). I believe San Fransisco is still largest Burmese community.

  1. Anonymous said... :

    What do you call the Burmese living in SF? not refugees? we are all refugees. Most of the people living in SF are not real Burmese (Chinese..they're kicked out by Ne Win's)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved