နိုင်ငံရေးအကျဉ်းသားဟောင်း၊ ကဗျာဆရာ ကိုလူသစ် ကွယ်လွန်

Tuesday, May 24, 2011

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမင်းသူလွင် ခေါ် ကဗျာဆရာ ကိုလူသစ်သည် မေလ ၂၂ ရက်နေ့ နံနက် ၃ နာရီ ခွဲခန့်က ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် အသက် ၅၀ ရှိပြီ ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေး ဌာန အရာရှိတဦးဖြစ်ခဲ့သူ ကိုလူသစ်သည် ၁၉၈၈ ခုနှစ် ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကာလတွင် အလုပ်သမား သွေးစည်း ညီညွတ်ရေး အဖွဲ့ချုပ် (LS)၏ ဦး ဆောင် ကော်မတီဝင်တဦး အဖြစ် တာဝန်ယူခဲ့သည်။

ထောင်ထဲတွင် ၄ နှစ်ခန့် နေခဲ့ရသည့် ကိုလူသစ်သည် ပြန်လည်လွတ်မြောက်လာပြီးနောက်တွင်လည်း ၇ ကြိမ်ခန့် စစ်ဆေး မေးမြန်း ခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဖြိုးမင်းသိန်းက ဧရာဝတီကို ပြောသည်။ ပြည်တွင်း အလုပ်သမား လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး စစ်ဆေးခံရခြင်းဖြစ်သည်ဟု ဆိုသည်။

ကိုမင်းသူသည် ၂၁ ရက် ညနေက အမှတ် ၄၉၈၊ မာန်ပြေ ၁၂ လမ်း၊ သာင်္ကေတ မြို့နယ် နေအိမ်တွင် ခေါင်းမူးပြီး လဲကျသွားသဖြင့် ဆေးရုံတွင် ကုသမှု ခံယူခဲ့သည်။ ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

နာရေးအစီအစဉ်ကို ယနေ့ နေ့လယ် ၁၂ နာရီက ရေဝေးသုဿန်တွင် ပြုလုပ်ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ LS အဖွဲ့ဝင်ဟောင်းများ၊ နို်င်ငံရေးအကျဉ်း သားဟောင်းများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ တက်ရောက်ကြကြောင်း သိရသည်။

ကွယ်လွန်ချိန်တွင် ဇနီးသည် မနီနီလွင် နှင့် သမီးမိုင်ကဗျာနီ၊ သား သုရသ တို့ ကျန်ရစ်သည်။

လင်းသန့်

1 comments :

  1. Anonymous said... :

    သွားနှင့်တော့ သူငယ်ချင်း လူသစ်ရေ
    လွတ်လပ်မှ အမျှဝေ ပါ့မယ်

    ဇော်ထွန်း (ဗ က သ )

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved