ချင်းမိုင်မြို့က ဒီလို စားသောက်ဆိုင်

Saturday, May 28, 2011


ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်ပြီ၊ မြန်မာ အစားအစာ စားချင်တယ် ဆိုရင်တော့ သွားရမယ့် ဆိုင်တခုက "ဒီလို" မြန်မာစားသောက်ဆိုင် ဖြစ်ပါတယ်။ ဒီမနက် ကျနော် ရောက်သွားတော့ လူရှင်းနေတယ်။ စောသေးလို့ စားသုံးသူတွေ မလာကြသေးတာ ဖြစ်နိုင်တယ်။ ဆိုင်က မနက် ၈း၀၀ နာရီဖွင့်တယ်လို့ ဆိုင်ကလူတယောက်က ပြောတယ်။

နေမြင့်လာတာနဲ့ ရွှေတွေ တဖြည်းဖြည်း ရောက်လာပါလိမ့်မယ်လို့ ရောက်ဖူးတဲ့ ဖောက်သည်တယောက်က ဆိုတယ်။

ချင်းမိုင်မှာ မြန်မာဆိုင်တွေ သုံးလေးဆိုင် ရှိတယ်။ ဒီဆိုင်ရဲ့ အားသာချက်တွေက ဘာလဲ ဆိုပြီး ဧရာဝတီဝိုင်းတော်သား တယောက်ကို မေးတော့ မြန်မာရနံ့ရတယ် လို့ သူက ဆိုတယ်။

(အသံခပ်ကျယ်ကျယ် ငြင်းခုန်တာမျိုးကို ဆိုလိုတာပါ တဲ့။ အင်း - ဒါ မြန်မာရနံ့ပေါ့)

နောက်ထပ် အားသာချက်တွေက - ရွေးစရာ ဟင်းအမယ် များတယ်၊ ကိုယ်စားချင်တဲ့ပုံစံကို ချက်ပေးတယ် ဆိုပဲ။ စားဖိုမှူးများက မြန်မာပြည်ကလို့ သိရပါတယ်။
ပြီးတော့ အ၀ စားလို့ ရတယ် (ထမင်းကို အများကြီး လာထားပေးတာကို ပြောတာ)။ သူပြောတာတွေ ဟုတ်မဟုတ် နောက်နေ့တွေမှ ထပ်သွားရအုံးမယ်။

ဆိုင်က အကြီးကြီး မဟုတ်ပေမယ့် လူ ၅၀ တော့ တပြိုင်တည်း ထိုင်လို့ရနိုင်မှာပါ။


ယမကာ မျိုးစုံလည်း ရတယ်
စားသုံးသူများက သောကြာစနေညမျိုးတွေဆို သန်းခေါင်းအထိ စည်ကား သောက်စားတတ်။
ကံကောင်းရင် နောင်ဂျိန်ချတာတောင် ကြုံရနိုင်တယ် ဆိုပဲ။ သောက်စရာပါတဲ့ စကားဝိုင်းတွေက ပဋိပက္ခအသွင်ဆောင်တတ်သလို၊ မြန်မာယမကာဝိုင်းတွေက တခါတရံ ဒီလိုလေး ပွဲသိမ်းတတ်ကြတာမို့ မထူးဆန်းပါဘူး။ ဒါဟာ ကမ္ဘာဆန်တယ်လို့လည်း ပြောနိုင်ပါတယ်။


မုန့်ဟင်းခါးက စနေ တနင်္ဂနွေတွေမှာပဲ ချက်ပါတယ် တဲ့

ဒီမနက် ဘာကြော်တွေ ရသလဲ မေးတော့ ဗူးသီးကြော်၊ ငါးဖယ်၊ ဘဲဥ လို့ ဆိုတယ်။ ဗူးနဲ့တပွဲ မှာတယ်။ ဘတ် ၃၀ (၁ ဒေါ်လာ) ပါ။

မုန့်ဟင်းခါးနဲ့အတူ ဟင်းရည် တပန်းကန် ရောက်လာတယ်။ သံပုရာသီး၊ ငရုတ်သီးမှုန့်၊ နံနံပင် နဲ့ ပဲသီး၊ ရေနွေးကြမ်း နဲ့ သောက်ရေလည်း ချပေးတယ်။


အချိုတည်းစရာ ထညက်ခဲ (ထန်းလျက်ခဲ) တပုလင်းလည်း တွေ့ရတယ်


စားစရာ စာရင်းမှာ အသုတ်မျိုးစုံရှိတယ်


ကြိုးမဲ့အင်တာနက် (wifi) ကို အင်္ဂလိပ်ကော်ဖီဆိုင်တွေလို မဟုတ်ဘဲ အခမဲ့ ပေးသုံးတယ် ဆိုတဲ့ ဆိုင်းဘုတ်လည်း ချိတ်ထားတယ်။
ဆိုင်က ဘယ်မှာ ရှိသလဲ ဆိုတော့
Holiday Garden Hotel ရှေ့မှာ ရှိပါတယ်။ (အထူး မှတ်ချက် - Holiday Inn မဟုတ်ပါ)။

ဒီလို D Lo စားသောက်ဆိုင်ကို ကျော်ပြီးမှ ဟိုတယ်ကို ရောက်မှာပါ။

စားသောက်ဆိုင် facebook မှာ ရေးထားတဲ့ လိပ်စာက -
1 Huay Kaew Road, Ampur Muang, Chiang Mai, Thailand 50300

စာ+ဓာတ်ပုံ=ဇာနည်ဝင်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved