ငတိသန်းရွှေ (အပိုင်း - ၁)

Thursday, May 19, 2011

ဗိုလ်ဖိုက်တာ

(အိုင်ဗရီကို့စ်၊ တူနီးရှား၊ အီဂျစ်၊ လစ်ဗျား၊ ဆီးရီးယားအစရှိတဲ့ နိုင်ငံများက သမ္မတတွေနဲ့ ဘင်လာဒင်တို့ရဲ့ ဖြစ်ရပ်ဆိုးတွေက တရမန်းကြမ်း, တရစပ်, ဖြစ်ချင်သလို ဖြစ်နေလေတော့ တရားယူတတ်သူများအတွက် တရားရှုစရာတွေပါ့ဗျာ..။ နောက်တမျိုး တရားရှုနိုင်စေဖို့ရာ ဘယ်မီဒီယာကမျှ ဖော်မပြသေးတဲ့ ကျုပ်တို့ မြန်ပြည်က အာဏာရှင် သန်းရွှေအကြောင်း တစေ့တစောင်းကို ကန့်ကာ, ပိုင်းကာ ထောက်ပြပါမည်။)

ငတိ ရှင်းတမ်း

စစ်အာဏာရှင် ဗိုလ်သန်းရွှေက တိုင်းရင်းသားပြည်သူ တရပ်လုံးရဲ့ ကျေးဇူးရှင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကိုတောင် “ငတိ” လို့ ရိုင်းပြစွာ ခေါ်ဝေါ်စော်ကားခဲ့တယ် ခင်ဗျ။ ဒီစော်ကားမှုကို အကြောင်းပြုလို့ ကျွန်ုပ် ဗိုလ်ဖိုက်တာက ဗိုလ်သန်းရွှေအား “ငတိ” ဘွဲ့ထူး အပ်နှင်းလိုက်ပါတယ်။ “ငတိသန်းရွှေ” လို့ အမည်နာမတွင်စေဗျ။

သူလိုကိုယ်လို ငတိသန်းရွှေမိသားစု

ငတိသန်းရွှေမိသားစုမှာ သားသမီးတွေက မနည်းလှတော့ ထမင်းကို ရက်သတ္တတပတ်မှာ နှစ်ရက်ပဲသားနဲ့, ငါးနဲ့, စားနိုင်တယ်။ ကျန်ငါးရက်မှာ ဟင်းသီးဟင်းရွက်နဲ့ ပဲနဲ့ ပြီးပါတယ်။ အ၀တ်ကျပြန်တော့လည်း အများနည်းတူ ပုံမှန်မျှသာပါပဲ။ နေတာကတော့ တပ်ထဲကအိမ်မို့ အထူးတင်ပြစရာမလိုပါ။ ဒါကြောင့် ငတိသန်းရွှေမိသားစုဟာ ကိန်းကြီးခမ်းကြီး လူစားမျိုးမဟုတ်။ သူလိုကိုယ်လိုပါပဲလို့သာ ပြောရမှာပါ့ခင်ဗျာ။

အောက်သက်ကျေတဲ့ ဒေါ်မကြိုင်

ဒေါ်မကြိုင်ဟာ အပျိုဘ၀ကတည်းက အောက်သက်ကျေခဲ့သူပါ။ မိတ်ဆွေဆီကငွေချေးပြီး အိမ်ဆိုင်ကလေးဖွင့်လို့ ဆန်သည်တောင် လုပ်လိုက်သေး..။ ငတိသန်းရွှေနဲ့ ပေါင်းဖက်လာရင်း မိသားစုဦးရေက မနည်းလှတော့ ဒေါ်မကြိုင်ကိုယ်တိုင် အပ်ချုပ်စက်ကိုနင်းပြီး အင်္ကျီ အငှားချုပ်လို့ အပိုဝင်ငွေရှာခဲ့ပြန်တယ်။ တနိုင်တပိုင် မွေးမြူရေးလုပ်ငန်းကိုလည်း လုပ်ခဲ့သေးတယ်ခင်ဗျ။ ဒေါ်မကြိုင်တို့များ အောက်ခြေမှာ အောက်သက်ကျေခဲ့တာ ချီးကျူးစရာပေါ့ဗျာ။

အောက်သက်ကျေတဲ့ ငတိသန်းရွှေ

အဲ.. ငတိသန်းရွှေကိုယ်တိုင်ကလည်း အောက်သက်ကျေပါ့ဗျာ။ ဒါကို အပီပြင်ဆုံး သရုပ်ဖေါ်ပေးတာက ခွေးသားစားတဲ့ ဇာတ်လမ်းပါခင်ဗျာ။


ဇာတ်လမ်းစသူက ဗိုလ်စောဖြူ။ ရခိုင်ဖြစ်လို့ ရခိုင်သံနဲ့ဆို “ဗိုလ်စောဖရူ”။ ဗိုလ်စောဖြူက တရုပ်ဖြူတွေကို တိုက်ထုတ်တုန်းက တိုက်လေယာဉ်အုပ်များကို ခေါင်းဆောင်ခဲ့တဲ့ ဒိတ်ဒိတ်ကျဲ လေသူရဲခင်ဗျ။ မော်ကွန်းဝင်သူရဘွဲ့နဲ့ သူရဲကောင်းမှတ်တမ်းဝင်ဘွဲ့ အတော်များများကိုရရှိပြီး လေတပ်ဦးစီးချုပ် ဖြစ်လာသူခင်ဗျ။ ခေတ်စကားနဲ့ ဘွဲ့ထူးဂုဏ်ထူးထပ် ပြီးပေးရရင် ခပ်မိုက်မိုက်ဗိုလ်စောဖြူပေါ့ဗျာ။

ခပ်မိုက်မိုက် ဗိုလ်စောဖြူက ငတိသန်းရွှေနေတဲ့ ကိုးမိုင်မှာပဲနေတာ။ အနေနီးတော့ နေညိုချိန်ရောက်လာရင်
ဗိုလ်စောဖြူက ငတိသန်းရွှေကို သောက်ဖော်အဖြစ် လှမ်းလှမ်းခေါ်တတ်သဗျ။ ငတိသန်းရွှေခမျာ သောက်ချင်, ချင်၊ မသောက်ချင်, ချင်၊ မလှန်နိုင်တော့ သွားသွားနေရတာပေါ့။ ဒီအကြောင်းကိုထည့်ပြီး ပြောရတာက စစ်ရာထူးကြီးသူနဲ့ စစ်ရာထူးငယ်သူတို့ရဲ့ အနေအထားကို ပေါ်လွင်စေချင်လို့ပါခင်ဗျာ။

အဲ..ခွေးသားစားတဲ့ ဇာတ်လမ်းကို ပြန်ကောက်ရရင် တညနေမှာပါ့။ ခပ်မိုက်မိုက် ဗိုလ်စောဖြူ မြို့ထဲကအပြန် ရှစ်မိုင်လမ်းဆုံကို လွန်လာပါလေရော။ သူ့မျက်စိရှေ့မှာပဲ အရှိန်ပြင်းလှတဲ့ကားက တိုက်လိုက်လို့ ပွဲချင်းပြီးသေပြီး လမ်းမ ကြီးရဲ့အစပ်နားကို လွင့်သွားတဲ့ ခွေးတကောင်ကို လျှပ်တပျက်မြင်ခဲ့တယ်ခင်ဗျ။ ဒီမှာတင်.. ဗိုလ်စောဖြူက တပည့်ကျော်ကားဒရိုင်ဘာကို အိမ်အမြန်ရောက်အောင်မောင်းခိုင်း..။ အိမ်ဝရောက်တာနဲ့ ကားပေါ်က သုတ်ခနဲဆင်းပြီးနေရစ်ခဲ့..။

ကားဒရိုင်ဘာက သူ့ဆရာကားပေါ်ကမဆင်းခင်,မှာ ကြားစေခိုင်းထားတဲ့အတိုင်း ကားကိုနောက်ကြောင်းပြန်ပြီး
သွက်သွက်နှင်..။ ခွေးသေကိုတယောက်ယောက်က ရှင်းမပစ်မီ လက်ဦးမှုယူပြီး ကောက်ယူ..။ ကိုးမိုင် တရုတ်သင်းချိုင်းထဲက ဂူတခုရဲ့ရင်ပြင်မှာ ခုတ်,ထစ်,ဖျက်..။ လက်ရွေးစင် ခွေးသားတွေကို
အိမ်ပြန်သယ်..။

ဘာပြောကောင်းမလဲဗျာ၊ ပြဿနာကတက်တော့တာ။ ဗိုလ်ကတော် မဒမ်စောဖြူက `ဟိတ်.. မင်္ဂလာမရှိတဲ့ခွေးသားတွေကို ငါ့အိမ်ထဲသယ်မလာနဲ့´ တဲ့..။ ဒီတော့ ဒရိုင်ဘာတပည့်ကျော်က မျက်စိ ပေကလပ် ပေကလပ်နဲ့အကြံအိုက် သွားတော့တာပေါ့။ အဲ.. လိုရင်းကိုပြောရရင် မဒမ်စောဖြူက အိုးစုတ်ခွက်စုတ် ပန်းကန်စုတ်ထုတ်ပေးပြီး ပြောလွှတ်လိုက်တာက `နင့်ဘာသာနင်၊ ဝေးဝေးသွားချက်။ ငါ့အိမ်ထဲကို ဘာမျှယူမလာနဲ့။ အိုးစုတ်ခွက်စုတ်တွေကိုလည်း ပြန်ယူမလာနဲ့။ လွှင့်သာပစ်လိုက်´ တဲ့။

အဲဒီတုန်းက ဗိုလ်စောဖြူရဲ့မျက်နှာထားက လက်အောက်ငယ်သားတွေ ရှေ့မှာလို မဟုတ်တော့ဘူး။ ငြိမ်လို့၊ ကုတ်လို့။ ဟဲ..ဟဲ.. မျက်နှာသေလေးနဲ့ခင်ဗျ..။ ရေချိုးအ၀တ်လဲ၊ ပုလင်းနဲ့ဖန်ခွက်တွေဆွဲပြီး အိမ်နောက်ဘက် ကွက်လပ်က ဇိမ်ယစ်နေကျနေရာကိုလာ..။ ခြေထောက်စကောစက စားပွဲပေါ် ပုလင်းနဲ့ဖန်ခွက်တွေကိုတင်..။ ထန်းဖလက်နဲ့ လုပ်ထားတဲ့ ပက်လက်ကုလားထိုင်မှာ ငြိမ့်ခနဲထိုင်..။ ပြီးတော့မှ.. နောက်ဘက်ကို ကျောရောခေါင်းရော မှီချလိုက်တယ်ခင်ဗျ။

အဲဒီအချိန်မှာပဲ ငတိသန်းရွှေက နံ့သာရောင် စပို့ရှပ်ကလေးဝတ်ပြီး ရောက်လာပါလေရော။ ရောက်ရောက်ချင်းပါပဲ သတိဆွဲပြီး ဗိုလ်စောဖြူကို အလေးပြုလိုက်တယ်ခင်ဗျ။ ပြီးတော့မှ ဗိုလ်စောဖြူ လက်နဲ့ ဆတ်ခနဲညွှန်ပြလိုက်တဲ့ နှောသား ခေါက်ကုလားထိုင်လေးပေါ်မှာ ရိုရိုကျိုးကျိုးလေး ထိုင်လိုက်တယ်။ ဗိုလ်စောဖြူက ပက်လက်ကုလားထိုင်မှာ..။ စမတ်ကိုကျလို့..။ ငတိသန်းရွှေကတော့ ခေါက်ကုလားထိုင်မှာ..။ ဘယ်ကလာ စမတ်ကျပါ့မလဲဗျာ။

ဒါမျိုးဟာ အဆင့်အတန်းခွဲတာ၊ လူပါးဝတာပဲလို့ အရပ်သားတွေက မြင်တယ်ဗျ။ ဒါပေမယ့်
စစ်သားလောကမှာတော့ `ကြီးသူနှံ၊ ငယ်သူခံ´ ပေါ်လစီနဲ့ အသားကျနေလို့ အရပ်သားတွေလို မမြင်ဘူး။ ရာထူးငယ်တုန်း ကုန်းခံမယ်။ ရာထူးကြီးရင်တော့ အသားကုန်နှံမယ်။ ဒါဟာ ဒီတိုင်းဒီပြည်မှာ အမြစ်တွယ်နေတဲ့ စစ်သားအကျင့်ပေပါ့။ ဒါတွေပြောရတာပါးစပ် `သန´ လို့ ထားလိုက်ပါတော့ဗျာ။

ခွေးသားစားတဲ့ဇာတ်လမ်းဘက်ကို ဒုတိယံပိ နောက်တကြိမ်ထပ်ပြီး ပြန်ကာလှည့်ရရင် ခွေးသားဟင်းခွက်လည်း
စားပွဲပေါ်ရောက်..။ အရက်ခွက်ထဲမှာလည်း အရက်ကအသင့်..။ တယောက်တခွက်ယူပြီး ခွက်နှုတ်ခမ်းချင်းတိုက်..။ သောက်ရင်းသောက်ရင်း အရက်ရှိန် အတော်မြင့်လာချိန်မှာ သောက်ရေက ကုန်သွားပါရောဗျာ။ ဒီတော့ငတိသန်းရွှေက ဒရိုင်ဘာတပည့်ကျော်ဆီ သောက်ရေတောင်းလိုက်တယ်။

တပည့်ကျော်က အိမ်ဘက်ကို လှမ်းကြည့်လိုက်တယ်။ အိမ်နောက်ဘက်တံခါးတွေ အကုန်ပိတ်..။ လျှပ်စစ်မီးပွင့်တွေ အကုန်မှိတ်..။ ဒီအခက်အခဲကို တပည့်ကျော်က မရဲတရဲပြောပြတော့ ငတိသန်းရွှေက လက်ညှိုးထိုးညွှန်ပြပြီး မိန့်လိုက်တာက “ဟောဟို ကျောက်စည်ပိုင်းထဲမှာ ရေရှိတယ်လေကွာ” တဲ့။

ဟုတ်ပါတယ်..။ အချင်းလေးပေ ဇောက်တစ်ပေရှိတဲ့ ခပ်နိမ့်နိမ့်ကျောက်စည်ပိုင်းကြီးနှစ်ခု..။ အထဲမှာ ရှိတဲ့..ရေက ဗိုလ်စောဖြူမွေးထားတဲ့ ငန်းဘဲကြီးတွေ.. သောက်တဲ့ရေ။ အဲဒီဘဲငန်းကြီးတွေ ရေကူးကစားမြူးတူး ပျော်ပါးတဲ့ရေ။ ဒါကို တပည့်ကျော်က အကျိုးအကြောင်း ပြန်လည်တင်ပြတော့ “စစ်သားပဲကွာ၊ ကျွဲလူးအိုင်ထဲကရေကိုတောင် သောက်ခဲ့သေးတာ” တဲ့။ ကိုင်း …။

(အပိုင်း - ၂ ကို ဆက်လက်ဖော်ပြပါမယ်။)

6 comments :

  1. Anonymous said... :

    တစ်ကယ်အားတယ်ဗျာ။ တစ်ခြားအရေးကြီးတဲ့ စာတမ်းလေးတွေကို ပြည်သူတွေကို ချပြရင် လူထုလည်း အသိပညာတိုးမယ်။ ဒီဟာမှာ လည်း သံဝေဂရစရာတွေပါပါတယ်။ ဒါပေမဲ့  အရေးကြီးတဲ့ အကြောင်းအရာတွေအများကြီးရှိသေးတယ်လေဗျာ။ ဘာမှအသုံးမ၀င်တော့တဲ့ လူတစ်ယောက်အတွက်နဲ့  အချိန်တွေအကုန်မခံပါနဲ့ ။

  1. Anonymous said... :

    ဟိဟိ

  1. Anonymous said... :

    သိသင့် သိထိုက်သော ဖြစ်ပျက်မှုများကို တင်ပြပေးသည့်အတွက် ကျေးဇူးတင်ပါသည်။

  1. အတိုက်ခံပီပီ တစ်ဖက်ကိုတိုက်ခိုက်ေ၇းသားတာလဲရေးသားတာပဲပေါ့..နို့ပေမယ့်ပေါ့လေ တစ်ချို့စာသားဖော်ညွှန်းချက်တွေက တပ်မတော်သားတွေ ရှေ့တန်းမှာ အခြေနေအရေ အနေဆင်းရဲ အစားဆင်းရဲလို့စားရတာ ပင်ပန်းခံပြီးစားရတာမျိုးကို အခုလိုေ၇းသားတဲ့နေရာမှာ အစားထိုးရေးသားပုံဖော်ထားတော့ စစ်သားတွေေ၇ှ့တန်းမှာ ကျွဲလူးအိုင်ရေသောက်ရတာ လယ်ကစဉ်းချောင်ရိုးကေ၇သောက်ရတာ ငှက်ပျောအူပြုတ်စားသောက်ရတာမျိုးက အောက်တန်းကျသလိုလိုပါ ရောထင်စရာဖြစ်နေပြီ။ ရည်ညွှန်းသည်ဖြစ်စေ မရည်ညွှန်းသည်ဖြစ်စေ ၀ါးလုံးသိမ်းကြုံးရေးထားသလိုဖြစ်နေတယ်ဆိုတာ စာအသွားလာကို နားလည်တဲ့သူတွေဖတ်မိရင်သိသာလွန်းတယ်။ဒါမျိုးတော့မဖြစ်သင့်ဘူး။ မီဒီယာက မီဒီယာနဲ့မတူတော့ပဲ Rapperတွေ အချင်းချင်းအပုတ်ချတိုက်ခိုက်သလို မိန်းမပါးစပ်နဲ့အတင်းအပုပ်ချသလိုဖြစ်နေပြီ။ စာဖတ်ပရိတ်သတ်ကလဲ ဒီမီဒီယာရဲ့အဆင့်တန်းကို တစ်မျိုးသတ်မှတ်သွားနိုင်ပါတယ်။

  1. Anonymous said... :

    မင်းညိုရေ လဲသာသေလိုက်ကွာ။

  1. Anonymous said... :

    ပြောစရာက ရခိုင်နာမေဖြစ်လို့ စောဖရူ ဆိုတာပဲ။တကယ်က ရခိုင်နာမေပေမာယ့်စောဖြူက စောဖြူပါပဲ။စောဖရူမဟုတ်ပါဘူး။ရခိုင်တွေက ရရစ်သံကို ရရစ်သံပီအောင်ဖတ်တတ်တယ်။ဖဦးထုတ်ရရစ်သံကို Phru၊ဖဦးထုတ်ယပင့်ကို Phyu ပေါ့။
    ဦးစောမြအောင်ကို ဦးစောမရအောင်လို့ ရေးလို့ တခါ ရှင်းခဲ့ပြီးပြီး။ဗမာတွေ ကိုယ်စကားမပီတိုင်းလူများကိုနာမေကိုမဖျက်ကြနှင့်လေဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved