အလှူ

Monday, May 23, 2011

သရုပ်ဖော် ပန်းချီ စံမင်း

"အမေပေးတဲ့ လယ်တစ်ကွက် ထွန်လို့ယက်လို့ ကောင်းပါ့ကွာ" တဲ့
မွေ့ယာထက်က အဝတ်ဗလာနဲ့ ငနဲက
အဆီပြန်နေတဲ့ မျက်နှာမှအားမနာ
ပါးစပ်အရသာခံတတ်သေးတယ်။

"ညီမလေးလိုလည်း ချစ်ပါတယ်၊ ချစ်သူလိုလည်းချစ်ပါတယ်"
အကိုအရွယ် တယောက်ကလည်း အဝတ်အစားဝတ်ရင်း
သူ့ရည်းစားမှ အားမနာ သံယောဇဉ် အရော် ဇယားခင်းချင်သေးတယ်။။

"အကိုကြီးလို့ ခေါ်ကွာ"
အဖေအရွယ် အန်လကယ်ကြီးက အဖေမရှိတဲ့ ကျမကို
သူ့အရွယ်ကြီးမှ အားမနာ သူငယ်ပြန်ပြနေသေးတယ်။

"ရှုပ်ရှုပ် ယှက်ယှက်နဲ့ ဇယား မရှုပ်နဲ့နော်"
ဒါက ကျမတို့ရဲ့ ကျွေးမေမေ မာမီကြီးရဲ့
တခါခါ ကျမတို့လို ဇယားဆိုသူတွေကို မှာတဲ့စကား။

"ဪသူကလဲ ရေမီးအစုံပါဆို"
ရေမလာ၊ မီးမရှိတဲ့ အရပ်မှာကြီးတဲ့
ကျမပါးစပ်က တခါတခါ ထွက်တတ်တဲ့ စကား။

"အကျော်ဇယားတော့ မခင်းနဲ့
အပျော်သမားတော့ ပျင်းသေးတယ်
ဒီမှာက အရော်အစားတော့ ပြင်းတယ်"
ဒါမျိုးတွေပြောရတာ ကြာတော့ ကျမပျင်းလာတယ်။

"တနေရာရာမှာ အေးဆေးသွားပျော်ရအောင်လေ"
ဒီလို စကားတွေမှာ အရည်မပျော်တတ်ပေမဲ့
ဝမ်းရေးလှမယ်ဆို ကျွန်မလည်း ... အပျော်ပေါ့။

"ငါတို့လောကမှာ အချစ်မရှိဘူး" တဲ့
လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းအချို့ရဲ့ အသံပါ၊
ကျမကတော့ မိသားစုကို ဘဝနဲ့ ရင်းပြီးချစ်ခဲ့သူပါ။

တခါတခါ အထင်သေးတဲ့ မျက်လုံးတွေကို ပြောပြခဲ့ချင်ရဲ့
ကျမလည်း မွေးအမေရဲ့ ကျေးဇူးကို
ဒီနည်းနဲ့ ဘယ်ဆပ်ခဲ့ချင်မှာလဲလို့ ..... ။

မရှိလို့ မလှူ၊ မလှူလို့မရှိ ဆိုလို့
ကျမလေ တဘဝလုံးပါ လှူခဲ့ပါတယ် ...... ။

မောင်ရင်ငဇေ
ကောင်းကင် မဂ္ဂဇင်း facebook မှ

1 comments :

  1. Than Oo said... :

    ကဗျာအတွက် ကဗျာဆရာကို ကျေးဇူးတင်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved