BG အဖွဲ့ရဲ့ သွေးအကူအညီ စစ်ဆေးရုံကိုလည်း ရောက်ပါတယ်

Tuesday, June 7, 2011


ဟိန်းသူ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် သွေးလှူကြဖို့ လှုံ့ဆော်နေတဲ့ BG သွေးကူညီပေးရေးအဖွဲ့က ရန်ကုန်စစ်ဆေးရုံတွေကိုလည်း သွေး ထောက်ပံ့နေရတယ်လို့ ဆိုပါတယ်။

“အစောပိုင်းက အာဏာပိုင်တွေ တောက်လျှောက်လိုက်တယ်။ နှောက်ယှက်ဟန့်တားတာတွေ အများကြီး ကြုံခဲ့ရတယ်။ ကျနော်တို့က ပုံမှန် သွေးလှူမှုတွေ ပြုလုပ်လာခဲ့တော့ နောက်ပိုင်းမှာ အမှတ် ၁ စစ်ဆေးရုံတို့၊ အမှတ် ၂ စစ်ဆေးရုံတို့ကပါ သွေးလှမ်းတောင်းတဲ့ အဆင့်ထိ ဖြစ်လာခဲ့တယ်” လို့ အဖွဲ့ခေါင်းဆောင် ကိုညီညီက ပြောပြပါတယ်။

လာမယ့် ၁၉ ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့အတွက် သွေးလှူတဲ့အစီအစဉ် ဒီကနေ့ အစပြုပါပြီ တဲ့။ သင်္ကန်းကျွန်း၊ စံပြဆေးရုံမှာပါ တဲ့။

“အမေစုကို အသက်ရာကျော်ရှည်စေချင်တဲ့အတွက် ကျနော်တို့က အခုလို့ ရည်ရွယ်ပြီး သွေးလှူဒါန်းပွဲ ပြုလုပ်ပေးတာပါ။ အမေစု မွေးနေ့ အထိ လှူဒါန်းသွားမှာပါ” လို့ ကိုညီညီက ရှင်းပြပါတယ်။

BG အဖွဲ့ နဲ့ အတူ ပုံမှန် သွေးလှူနေကျဖြစ်တဲ့ အသက် ၄၅ နှစ် ၀န်းကျင် ရှိပြီဖြစ်တဲ့ အမျိုးသမီးတဦးက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ရည်ရွယ်ပြီး သွေးလှူခဲ့တာ ဒါဟာ သူ့အတွက် အကြိမ် ၄၀ မြောက်ဖြစ်တယ်လို့ ဆိုပါတယ်။

“ပြည်သူအတွက် အများကောင်းကျိုးအတွက် ဆောင်ရွက်နေတဲ့ အန်တီစုကို ဂုဏ်ပြုတဲ့အနေနဲ့ ရည်ရွယ်ပြီး လှူဖြစ်တာပါ” တဲ့။

BG က မန္တလေး၊ မကွေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ် တို့မှာလည်း အဖွဲ့ခွဲတွေ ရှိတယ်၊ သွေးလှူဒါန်းပွဲတွေ တပြိုင်နက် လုပ်မယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံး၊ တကမ္ဘာလုံးမှာ ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးသူ အားလုံး သွေးလှူဒါန်းကြဖို့လည်း သူတို့က တိုက်တွန်းထားပါတယ်။

BG ကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့ရဲ့ တိုက်တွန်းမှုကြောင့် ၂၀၀၆ မှာ ဖွဲ့ခဲ့တယ်၊ သွေး အကူအညီပေးဖို့ စာရင်းပေးထားသူ သွေးလှူရှင် အရေအတွက်ဟာ ရန်ကုန်တိုင်းအတွင်းမှာ ၃ သောင်း ကနေ ၄ သောင်းကြား ရှိတယ်လို့ သိရပါတယ်။

သွေးလှူဒါန်းလိုသူများ ဆက်သွယ်ရန်

ကိုညီညီ 09 4932 8055
ဒေါ်သီတာ 01 396 476

ကိုလင်းထက် 09 7312 5885
ကိုကောင်းထက်ကျော် 09 992 7082

ကိုသီဟန် 09 4930 8433
မထိုက် 09 7317 0165

4 comments :

  1. မျိုးချစ် said... :

    ရည်ရွယ်ချက်နဲ့ စေတနာမှန်သော သူများ ခေါင်းဆောင်ပြုလုပ်တဲ့ မွန်မြတ်သော အလုပ်ဖြစ်မြောက် အောင်မြင်လာတာ မြင်ရလို့ လေးစား ဂုဏ်ယူ သာဓု ခေါ်ပါတယ်။

    မျိုးချစ် (ဘူမိ)

  1. Anonymous said... :

    သူတပါးကို တိုက်ခိုက်ချင်လို့မဟုတ်ပါဘူး၊ အဖွဲ့ကိုလဲလေးစားပါတယ်၊ ဒါပေမယ့် ဗိုလ်ကြီးဟောင်းကတော့ မနေ့တနေ့ကမှ ဒီအဖွဲ့နဲ့ ဆက်သွယ်မိတာပါ၊ ဒါပေမယ့် သူ့မှာတော့......။
    ထားပါတော့ဗျာ ၊၊၊ ကိုညီညီတို့က လုပ်လာတာလဲကြာပါပြီ ၊ ဒါပေမယ့် ဘာသတင်းမှ မကြားဖူးလို့ပါ ....ဟဟဟဟ
    တခုခုတော့ရှိမလားလို့ ထင်မိတာပါ။ ။ ဘာပဲပြောပြောလေ ပြည်သူကို ကူုညီနေတယ်ဆိုတော့ လေးစားဂုဏ်ယူမိပါတယ်

  1. Anonymous said... :

    တကယ် ကိုယ်တွေ့ပါ အမျိုးတယောက် သွေးလိုလို့ စံပြဆေးရုံကြီး မှာ BG ကကိုလင်းထက် နဲ့ ဆက်သွယ်ပြီးသွေးတောင်း ခဲ့ပါတယ် အစစ အရာရာ စေတနာနဲ့ ကူညီပေးပါတယ် ကားကြုံတင်လည်း မလိုက် ဘာကြွေးကြွေး မစား ဆေးရုံ တရုံနဲ့ တရုံ လမ်းလျှောက် လိုင်းကားစီးပြီးတော့ အပင်ပန်းခံ ပြီးလူနာတွေ ကို ကူညီနေတာကို တွေ့ခဲ့ရပါတယ်

  1. Anonymous said... :

    တကယ်ကို မွန်မြတ်လှသော အလုပ်ကိုလုပ်နေသူများ
    ကျွန်တော် အရမ်းလေးစားမိပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved