ပေးစာ - လွှတ်တော်ဝန်ထမ်းများ ထမင်းငတ်

Thursday, June 23, 2011

လွှတ်တော်ဝန်ထမ်းတစ်ဦး

လွှတ်တော်စတင်ကျင်းပတဲ့ ၃၁-၁-၂၀၁၁ က ဒေါ်ခင်မြ၀င်းကြောင့် ဦးကျော်စိုး၊ ဦးခင်မောင်ဦးနှင့် ၀န်ထမ်းများ ထမင်းငတ်ခဲ့ရပုံ အဖြစ်မှန်လေး တစ်ခုကို တင်ပြပါရစေ။

ပြည်သူ့ လွှတ်တော် ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးကျော်စိုး (ဗိုလ်မှူးကြီးဟောင်း)၊ ညွန်ကြားရေးမှူး
ဦးခင်မောင်ဦး (ဒုဗိုလ်မှူးကြီးဟောင်း) နဲ့ အခြားသော ပြည်သူ့လွှတ်တော်ရုံးမှ ၀န်ထမ်းများဟာ ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမနေ့က ထမင်းစားချိန်ဖြစ်တဲ့ လွှတ်တော်အစည်းအဝေး ရပ်နားချိန်မှာ ထမင်းစားဆောင်ကို ထမင်းစားဖို့ သွားရောက်ခဲ့ပေမယ့် ပိုက်ဆံ မပေးနိုင်တာကြောင့် ထမင်းငတ်သွားတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ အစည်းအဝေးကနေ ထမင်းစားရပ်နားချိန်မှာ အခမ်းအနားမှူးဖြစ်တဲ့ ဦးကျော်စိုးဟာ
လွှတ်တော် ကိုယ်စားလှယ်ကြီးများ ထမင်းသုံးဆောင်ရန်အတွက် ထမင်းစားဆောင်များမှာ အသင့် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်ခင်ဗျား .. ဆိုပြီး စင်ပေါ်က အသာဆင်းလို့ ဘူဖေးကျွေးနေတဲ့ ခန်းမထဲကို ၀င်ရောက်သွားခဲ့ပါတယ်။ အမှန်ကတော့ အဲဒီ ဘူဖေးက အလကားကျွေးတဲ့ ဘူဖေး မဟုတ်ဘဲ စားသောက်ခန်းအ၀င်ဝမှာ ထမင်းစား လက်မှတ် တစ်စောင်၂၀၀၀ ကျပ်နဲ့ ၀ယ်ပြီးမှ ၀င်စားရတာပါ။ လွှတ်တော်ရုံး ၀န်ထမ်းတွေကို ကျွေးဖို့ ထမင်းစား လက်မှတ်တွေကိုတော့ စီမံရေးရာကိုင်တဲ့ ပြည်ထောင်စုလွှတ်တော်က ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မြ၀င်းထံမှာ ထုတ်ပေးထားပြီးဖြစ်ပေမယ့် ဒေါ်ခင်မြ၀င်းက ထမင်းစားလက်မှတ်တွေကို ထုတ်မပေးဘဲ ထားတာဖြစ်ပါတယ်။

ဦးကျော်စိုးဟာ ခပ်တည်တည်နဲ့ ပန်းကန်တစ်ချပ်ကောက်ကိုင်ပြီး ထမင်းခူးမယ်လဲလုပ်ရော အသင့် ရှိနေသူ ၀ိတ်တာလေးက ရောက်လာပြီး ထမင်းစားလက်မှတ်တောင်းရာ ထမင်းစားလက်မှတ်မရှိလို့ မပေးနိုင်တဲ့အပြင် မဲရွေးပွဲမှာ အိတ်ကပ်ထဲဘာမှ ထည့်မထားရဘူးလို့ ၀န်ထမ်းတွေကို သူကိုယ်တိုင်အမိန့်ထုတ်ထားလို့ သူ့မှာလည်းပဲ ပိုက်ဆံ တစ်ပြားတစ်ချပ်မှ ပါမလာပါဘူး။ ဒီကြားထဲ မသိနားမလည်တဲ့ ၀ိတ်တာလေးကလည်း ထမင်းစားလက်မှတ် မပါရင် မစားရဘူးလို့ အကြောက်အကန် လုပ်နေတာနဲ့ ရှက်ရှက်နဲ့ပဲ ထမင်းပန်းကန်ဘေး ပြန်ချပြီး ထွက်ခဲ့ရပါတယ်။

အပြင်ရောက်တော့ ဦးခင်မောင်ဦးနဲ့ ပြည်သူ့လွှတ်တော် ၀န်ထမ်းအချို့ကို ပက်ပင်း တိုးတာကြောင့် ဒေါသ ထွက်ထွက်နဲ့ မင်းတို့က ဒီမှာ ဘာလာလုပ်နေကြတာလဲ ဆိုပြီးငေါက်လိုက်တော့ စာရေးလေးတစ်ဦးက ကျွန်တော်တို့ အဖွဲ့လည်း ထမင်းစားလက်မှတ်မရှိလို့ ထမင်းစားခွင့်မရဘဲ ပြန်ထွက်လာရတဲ့သူတွေပါ ခင်ဗျားလို့ ပြောပြလိုက် တော့မှ ငြိမ်သွားပါလေရောတဲ့ ခင်ဗျား။

လွှတ်တော်ကြီးကို စစ်အစိုးရအကြိုက် ACE ကုမ္ပဏီကြီးနဲ့ ငွေကုန်ကြေးကျခံပြီး အကျအန ဆောက်ထားပေမယ်လို့ လွှတ်တော်ဝန်ထမ်းတွေကိုတောင် ထမင်းမကျွေးနိုင်တဲ့အတွက် ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးကျော်စိုး၊ ညွန်ကြားရေးမှူး ဦးခင်မောင်ဦးနဲ့ အခြားသော ပြည်သူ့လွှတ်တော်ရုံးမှ ၀န်ထမ်းများဟာ အလွန်ဒေါသထွက်ခဲ့ကြတယ်လို့ သိရပါတယ်ခင်ဗျား။

1 comments :

  1. Anonymous said... :

    ကောင်းတယ် ကိုယ့်ရှူးကိုယ့်ပတ် ၀မ်းသာတယ် ငတ်ငတ်သေသေ မသနားဘူး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved