ပြောချင်လွန်းလို့ - တဦးချင်း အမြင်နဲ့ သမိုင်းအမြင်

Saturday, June 11, 2011


(ဆရာ မောင်ဝံသ၏ ဖေ့စ်ဘုတ် စာမျက်နှာမှ ကူးယူ ဖော်ပြပါသည်။)

ကျွန်တော် ပြည်ပလေ့လာရေးခရီး မသွားခင် လွန်ခဲ့တဲ့ ခြောက်လကျော်အထိ ပြည်တွင်း ဂျာနယ် မဂ္ဂဇင်းတွေမှာ ပင်တိုင်ဆောင်းပါးတွေ လက်သွက်သွက်နဲ့ အားရပါးရ ရေးခဲ့ပါတယ်။ ပြန်ကြည့်တော့ တစ်ပတ် တစ်ပတ် ဂျာနယ် ရှစ်စောင် ကိုးစောင်လောက်နဲ့ လစဉ်မဂ္ဂဇင်း လေးငါးစောင်လောက်မှာ ပုံမှန်ရေးဖြစ်ခဲ့တာ တွေ့ရတယ်။ ရေးခဲ့တာတွေကို ပြန်ဖတ်တဲ့အခါ အချိန်အခါအလျောက် ရေးသင့်တာတွေကို ရေးခဲ့တာပဲလို့ ပြောနိုင်ပါတယ်။

အခု ခရီးက ပြန်ရောက်လို့ နားနားနေနေ ရှိတုန်း အိမ်မှာရှိနေတဲ့ ဂျာနယ်တွေ တစ်ပုံကြီးကို ၀မ်းသာအားရ မြည်းစမ်းကြည့်ရင်း အရင်လို စာတွေ ပြန်ရေးဖို့ ကီသွင်းနေရတယ်ဗျ။ ဂျာနယ်တွေကလည်း ဖတ်လို့ အလွန်ကောင်းဗျာ။ ပြည်တွင်းသတင်းတွေ၊ ပြည်သူတွေကြားက သတင်းတွေ အရင်ကထက် ပိုစုံအောင် ဖော်ပြလာနိုင်ကြတယ်လို့ သတိထားမိပါတယ်။ ဆောင်းပါးတွေကလည်း ပိုပြီး ပွင့်ပွင့်လင်းလင်း ရေးလာကြတာ တွေ့ရတယ်။ ထူးခြားချက်ကတော့ ဆရာမောင်စူးစမ်း၊ ဆရာသခင်တင်မြ၊ ဆရာ ကိုကိုမောင်ကြီးတို့ဟာ သူတို့ရဲ့ မူလဘူတ ခံယူချက် အမြင်တွေကို စာမျက်နှာတွေပေါ် တင်လာကြတာ တွေ့ရသဗျ။

ပေါ်ပြူလာနယူးစ်ဂျာနယ် (၁၀ မတ် ၂၀၁၁) က “တစ်ခေတ် တစ်ခါက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ” ခေါင်းစဉ်နဲ့ ဆရာကိုကိုမောင်ကြီးနဲ့ တွေဆုံမေးမြန်းခန်း ဒုတိယပိုင်းကို ကျွန်တော် ဖတ်မိပြီး ပြောချင်တာလေးတွေ ရှိလာပြန်တယ်ဗျာ။

“ရှိလာပြန်တယ်”လို့ ရေးရတာက အရင်တစ်ခါလည်း လျှပ်တစ်ပြက် သတင်းဂျာနယ် (၆ မတ် ၂၀၀၉) မှာ ကိုကိုမောင်ကြီးက “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဘာမှားသလဲ” ခေါင်းစဉ်နဲ့ ရေးလို့ ကျွန်တော်က “မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ မှားခဲ့သလား” ခေါင်းစဉ်နဲ့ သစ္စာဂျာနယ်(True News) မှာ ပြန်ရေး၊ နောက်တော့ ကျွန်တော့်ရဲ့ နိုင်ငံရေးဆောင်းပါးပေါင်းချုပ် “ရှာမှ ရှားတဲ့ နိုင်ငံရေးသမား” (မေ ၂၀၁၀) စာအုပ်မှာ ထပ်မံ ဖော်ပြခဲ့ပါတယ်။ နိုင်ငံရေး စိတ်ဝင်စားသူတွေ အတော် သတိထားမိပြီး စိတ်ဝင်စားခဲ့ကြတယ်ဗျ။


အဲဒီဆောင်းပါးတုန်းက ဆရာကိုကိုမောင်ကြီးက လမ်းစဉ်ပါတီက ဆိုရှယ်လစ်လမ်းစဉ်ကို သွားတဲ့အချိန်ဟာ မြန်မာနိုင်ငံဟာ အထွေထွေ ခေတ်နောက်ကျမှုကြီး ဆိုတဲ့ သမိုင်းဘ၀မှာ ရှိနေခဲ့တယ်လို့ ဆိုတယ်။ အတတ်ပညာ နည်းပညာအဆင့်အတန်းတွေ နိမ့်ကျနေသေး တယ်လို့ဆိုတယ်။ လမ်းစဉ်ပါတီ ကေဒါတွေ ညံ့ဖျင်းလို့လို့ ဆိုတယ်။ ကျွန်တော်က အဲဒါတွေကြောင့် မဟုတ်ကြောင်း ငြင်းဆိုတယ်ဗျာ။

လမ်းစဉ်ပါတီကျဆုံးရခြင်းဟာ ဆိုရှယ်လစ်စနစ်ကို တကယ်တမ်း မယုံကြည်သူတွေက လူကြားကောင်းအောင် ဆိုရှယ်လစ်ခဲ့ကြတာကြောင့် ဖြစ်တယ်။ ဆိုရှယ်လစ် ဒီမိုကရေစီဆိုတာ စကားလုံးသာရှိပြီး အောက်ခြေတွေက တင်ပြတာကို နားမထောင်၊ ရေဘူးပေါက်တာ မလိုချင်၊ ရေပါလာ အောင်ယူခဲ့ ဆိုသူတွေရဲ့ ခေါင်းဆောင်မှုကြောင့် ဖြစ်တယ်လို့ ကျွန်တော်က တင်ပြခဲ့တယ်။ ကျွန်တော်ရေးခဲ့တာကို ဆရာကိုကိုမောင်ကြီး ဖတ်မိပုံမရဘူး။ အဲဒီနောက်ပိုင်း သူနဲ့ ကျွန်တော် ၃-၄ ခါထက်မနည်း လူချင်းဆုံမိတယ်။ ဘာမှ ပြောသံမကြားဘူး။ ဆရာ့ရဲ့ မျက်စိအခြေအနေကလည်း စာဖတ်လို့ မရလောက်အောင် ဆိုးနေတယ်လို့ သိရတယ်ဗျာ။ ကျွန်တော်က တစ်ချိန်က ကျွန်တော်တို့ ခင်မင်လေးစားခဲ့ရသူတွေကို ချောင်ပိတ် မေးတာမျိုးလဲ မလုပ်ချင်ဘူး။ ဒါကြောင့် ကျွန်တော်က စပြီး မမေးခဲ့ပါဘူး။

အထက်မှာ ကျွန်တော် နာမည်ဖော်ပြခဲ့တဲ့ ဆရာ သုံးယောက်စလုံးဟာ ကျွန်တော်နဲ့ ပုဂ္ဂိုလ်ရေး အင်မတန် ခင်မင် ရင်းနှီးတယ်။ သူတို့က ကျွန်တော့်ကို ချစ်ခင်ကြတာလည်း သိပါတယ်။ ကျွန်တော်ကလည်း သူတို့ အပေါ် ခုထိ ချစ်ခင်တွယ်တာပါတယ်။

ဆရာကိုကိုမောင်ကြီးအပါအ၀င် သူတို့ သုံးယောက်စလုံးဟာ ဦးနေ၀င်းနှင့်လည်း ခင်မင်ရင်းနှီးသူတွေ ဖြစ်ပါတယ်။ ဦးချမ်းအေး (ဆရာမောင်စူးစမ်း) ဆိုရင် တစ်ခါသားမှာ မူးမူးနဲ့ ဦးနေ၀င်းကို ငတုံးငအလို့ ပြောပြီး ချဲခဲ့ဖူးတဲ့အကြောင်း၊ ဦးနေ၀င်းက ဗွေမယူဘဲ အိမ်ပြန်ပို့ခိုင်းကြောင်း ဆရာဦးသက်ထွန်း (အငြိမ်းစားသံအမတ်ကြီး) ရေးခဲ့ဖူးတယ်။

သူတို့တွေ ပုဂ္ဂိုလ်သံယောဇဉ် ကြီးကြတဲ့အကြောင်းတွေ သိရတာ မုဒိတာ ပွားစရာပါ။ ဒါပေမယ့် တိုင်းပြည်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောကြမယ်ဆိုရင်ဖြင့် ပုဂ္ဂိုလ် သံယောဇဉ် ကင်းကင်းနဲ့ ဓမ္မဒိဌာန်ကျကျ ပြောဖို့ ရေးဖို့ လိုမယ်ထင်တယ်ဗျာ။

ခုတော့ အထက် ကိုးကားပါ ပေါ်ပြူလာနယူးစ်က ပြောဆိုချက်တွေမှာ ကိုကိုမောင်ကြီးက-

- ဦးနေ၀င်းသဘောကလည်း ငါဥက္ကဌကြီး၊ ငါသမ္မတကြီး၊ ငါဗိုလ်ချုပ်ကြီးဆိုပြီး ဘယ်တော့မှ ဖင်ခေါင်းမကျယ်ဘူး၊ ဘယ်တော့မှ မာန်မာန မထားဘူး၊ ဘယ်သူ့ကို မဆို ဖက်လဲတကင်း၊ ပွင့်ပွင့်လင်းလင်း၊ ဆဲစရာရှိဆဲ၊ ဆိုစရာရှိဆို၊ ပြောစရာရှိပြော၊ ရယ်စရာရှိရယ်၊ အဲဒီလိုမျိုး ပေါင်းတယ်။ သူနဲ့ပေါင်းရတာ စိတ်ချမ်းသာတယ်။

- တစ်ခေတ်ပြောင်းရင် ကောင်းမှာပဲဆိုပြီး ခေတ်ပြောင်းအောင် သူလုပ်လိုက်တာ၊ ဒီခေတ် ဒီမိုကရေစီခေတ်ကြီး ပြောင်းသွားတာ ဦးနေ၀င်းက လမ်းဖွင့်ပေးလိုက်တာ။ သူကိုယ်တိုင်က မလုပ်ချင်တော့ဘူး။

- အရေးအခင်းမှာ လူထုခေါင်းဆောင်တွေ ညံ့ဖျင်းလို့၊ ဒေါက်တာ မောင်မောင် ကမ်းလှမ်းတာကို လက်ခံလိုက်ရင် ပြီးပြီ၊ လူထု လက် အာဏာရောက်သွားပြီ။ _ _ _ အဲဒီအခွင့်အရေးဟာ အကြီးမားဆုံး အခွင့်အရေး၊ သူတို့ ပထမဆုံး ဆုံးရှုံးတာ။

- ဒုတိယဆုံးရှုံးတာက ဘာလဲဆိုတော့ ရွေးကောက်ပွဲ နိုင်ရဲ့သားနဲ့ ၁^ ၉၀နဲ့ စစ်တပ်က ခေါ်တာကို မယူလိုက်တာ၊ ယူလိုက်ရင် ခုလောက်ဆို သူတို့လက်ထဲ အာဏာ ရောက်နေပြီ...

စတဲ့ အရေးကြီးသော မှတ်ချက်များကို ထုတ်ဖော်ပြောသွား တယ်ဗျ။

သည်အချက်တွေဟာ ဆရာကိုကိုမောင်ကြီးရဲ့ ကိုယ်ပိုင်အာဘော် များ ဖြစ်တယ်။ သူ့ကိုယ်ပိုင်အယူအဆကို သူပြောခွင့်ရှိပါတယ်။ ကျွန်တော်တို့ကတော့ အဲဒီအချက်တွေဟာ ဘယ်လောက် အတိုင်းအတာအထိ မှန်သလဲ၊ ဘယ်လောက်အထိ လွဲချော်နိုင်သလဲဆိုတာ ထပ်ဆင့် စောကြောသင့်သေးတယ်ထင်ပါတယ်။

သည်လို ပြောကြကြေးဆိုရင် ဆရာတက်တိုး မကွယ်လွန်ခင်က ကျွန်တော့်ကို ပြောဖူးတာမျိုးတွေလည်း ပေါ်ထွက်လာနိုင်တယ်ဗျ။

ဆရာတက်တိုးက-

“ဦးနေ၀င်းဟာ ငါ့အပေါ် အလွန်ကောင်းခဲ့တယ်။ ငါ့ရဲ့ ကျေးဇူးရှင်တစ်ယောက်လို့တာင် ပြောနိုင်တယ်။ ငါ့ကို ညွှန်ကြားရေးဝန်၊ ဦးဆောင်ညွှန်ကြားရေးမှူး စတဲ့ ရာထူးကြီးတွေ ပေးပြီး ချီးမြှောက်ခဲ့တာပဲ။ ဒါပေမယ့် တိုင်းသူပြည်သားတွေဘက်က စာနာစိတ်နဲ့ ကြည့်ရင် ငါ သူ့ကို ကျေးဇူးမတင်နိုင်တော့ဘူး။ သူ့ကြောင့် တိုင်းပြည်မှာ အင်မတန်မှ နစ်နာခဲ့တယ်” လို့ ပြောခဲ့ပါတယ်ဗျာ။

ဒါကြောင့် အကောင်းဆုံးကတော့ အလားတူ တစ်ဦးချင်း အာဘော်များကို ပေါင်းစုပြီး တိုက်ဆိုင် စစ်ဆေးကာ သမိုင်းပြုစုနည်းနဲ့ ပြုစု မှတ်တမ်းတင်ခြင်းပါပဲ။

အမျိုးသားပညာဝန် ဦးဖိုးကျားရေးတဲ့ ခေတ်မီမြန်မာရာဇ၀င် အကျဉ်းကို ကျောင်းမှာလည်း သင်ခဲ့ရတယ်။ အခုထိလည်း လက်တစ်ကမ်းအမီထားပြီး သတိရတိုင်း ပြန်ဖတ်နေပါတယ်။

“ဤ ရာဇ၀င်ကျမ်းငယ်တွင် ပါဝင်သော များစွာသော အကြောင်း အချက်တို့မှာ ထိုငယ်ရွယ်သူတို့သည် အမှားနှင့်အမှန်၊ အဆိုးနှင့် အကောင်း တို့ကို ခွဲခြားသိမြင်ရေး၌ များစွာ အကူအညီ ရစေနိုင်ရန် ရည်သန် ရေးထားပေသည်။ သို့ကြောင့်လည်း ထိုလူငယ်တို့၏ စိတ်နေသဘောထား၊ အကျင့်စာရိတ္တ ကို ပြုပြင်နိုင်သော နှလုံးရည်ပညာ သို့မဟုတ် ကိုယ်ကျင့်ပညာအတွက်လည်း ပါသွားလေသည်” လို့ ဆရာကြီး ဦးဖိုးကျားရဲ့ စကားချီးမှာ ဖော်ပြထားပါတယ်။

ဆရာကြီးဟာ ရာဇ၀င်ကျမ်းပြု ဆရာတစ်ယောက်ထားရှိရမယ့် ရည်ရွယ်ချက်ကို အရှင်းလင်းဆုံး ပြောပြခဲ့တာ အလွန်ကျေးဇူးများပါတယ်။ “ထိုငယ်ရွယ်သူတို့သည် အမှားနှင့်အမှန်၊ အဆိုးနှင့် အကောင်းတို့ကို ခွဲခြားသိမြင်ရေး၌ များစွာ အကူအညီ ရစေနိုင်ရန်” ဆိုတဲ့ ရည်ရွယ်ချက်ကို နှောင်းခေတ်မှာ စာပေများ ရေးသားနေကြသူတွေ၊ ရှေးဟောင်းနှောင်းဖြစ် ပြန်ပြောသူတွေအနေနဲ့ ဆက်လက်ကိုင်စွဲထား ကြရမှာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ အနာဂတ် ကို သွားနေကြရာမှာ အတိတ်ကို ပြန် မကြည့်လို့ မဖြစ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေခေတ်က အဖြစ်အပျက်တွေကို ပြန်ကြည့်ပြီး သင်ခန်းစာတွေ ယူကို ယူရမှာပါ။ သမိုင်းကို မုန်းလို့ မဖြစ်ဘူး။ သမိုင်းကို ပစ်ပယ်လို့ မဖြစ်ဘူး။ သမိုင်းကို ပစ်ပယ်တာ သမိုင်းကြောင်း မကောင်းသူတွေပဲ ဖြစ်ပါလိမ့်မယ်။

ယနေ့ခေတ် ရှင်သန်နေကြတဲ့ ကျွန်တော်တို့ဟာ သမိုင်းကို ဖြတ်သန်းနေ ကြတာပါ။ တစ်ခါတရံ ကျွန်တော်တို့ဟာ ကိုယ်တိုင် သမိုင်းဇာတ်ကောင်တွေဖြစ်ပြီး တစ်ခါတရံ ကျွန်တော်တို့ဟာ သမိုင်း ဖြစ်ရပ်တွေရဲ့ သက်သေတွေ ဖြစ်ပါတယ်။

နောင်အနှစ်ငါးဆယ် အနှစ် တစ်ရာ ကြာမြင့်သွားချိန်မှာ ကျွန်တော်တို့ ကြီးပြင်း ရှင်သန်တဲ့ခေတ်ဟာ သမိုင်းထဲ ရောက်သွားပါပြီ။ နှောင်းလူတွေက ကျွန်တော်တို့ရဲ့ သမိုင်းကို ပြန်လေ့လာ ကြလိမ့်မယ်။ အဲဒီအချိန်မှာ သူတို့ခေတ်ရဲ့ စံပေတံနဲ့ ကျွန်တော်တို့ကို တိုင်းတာမှာပဲ။ ဥပမာ ဒီနေ့ခေတ် ကျွန်တော်တို့က ဒီမိုကရေစီစနစ်ကို ဦးထိပ်ထက် ရွက်ပန်ဆင် ထားကာ ဒီမိုကရေစီသာလျှင် အလိုလား အပ်ဆုံး နိုင်ငံရေးစနစ်လို့ ယုံကြည်နေကြပေမယ့် နောင် အနှစ် ၁၀၀ မှာ ရှိနေမယ့် လူသားတွေက သူရဲကောင်း ဘုရင်တစ်ပါးကို စကြ၀တေးမင်းအဖြစ် တင်မြှောက် ကိုးကွယ်ကောင်း ကိုးကွယ်နေကြလိမ့်မယ်။ အဲသလို မဖြစ်ရဘူးလို့ ယနေ့ခေတ် လူသားတွေဖြစ်တဲ့ကျွန်တော်တို့က အမိန့် ပေးလို့ မရပါဘူး။ သေတမ်းစာ ရေးခဲ့လို့ မဖြစ်ပါဘူး။ သူတို့ခေတ် သူတို့အသိဥာဏ် က စေစားရာကို သူတို့ လုပ်ကြမှာပါပဲ။

သို့ပေမယ့် သမိုင်းသင်ခန်းစာ ဆိုတာကိုတော့ ကျွန်တော်တို့က နှောင်းလူတွေအတွက် ချန်ထားခဲ့မှာ ဖြစ်တယ်။ ယူတာမယူတာ သူတို့အလုပ်ပါ။

အလားတူပဲ ယနေ့ခတ် အသက်ရှင်သန်နေတဲ့ ကျွန်တော်တို့ ကလည်း နောက်ကြောင်းကို ပြန်ကြည့်ကြပြီး ကျွန်တော်တို့ ခေတ်ရဲ့ စံပေတံနဲ့ တိုင်းတာ ကြဖို့လိုတယ်။ ကျွန်တော်တို့ ဘိုးဘေးတွေ ဆီက ကောင်းတာတွေကို ယူ၊ မကောင်း တာတွေကို ကျွန်တော်တို့ခေတ်မှာ ထပ် မဖြစ်အောင် ရှောင်ကြဖို့ပဲပေါ့။

မောင်ဝံသ

၁၁ မတ် ၂၀၁၁

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved