ဘယ်ဒင်းက အရေးအကြီးဆုံးလဲ

Friday, June 17, 2011


“အီရတ်၌ ကားဗုံးခွဲမှုနှင့် တိုက်ခိုက်မှု ဖြစ်ပွား ရှစ်ဦးသေဆုံး အများအပြား ဒဏ်ရာရ”

“အာဖဂန်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွား”

“မြွေကိုက်ခံရလျှင်”

“ပြန်ကြားရေးဝန်ကြီးဌာန ၂၀၁၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ”



အထက်မှာ ဖော်ပြခဲ့တာတွေကတော့ အခုရက်ပိုင်းအတွင်း အစိုးရ သတင်းစာထဲက နိုင်ငံတကာသတင်း၊ ကြေညာချက်နဲ့ ပြည်တွင်း သတင်း ခေါင်းစဉ်တွေပါ။

အီရတ်မှာ ဗုံးကွဲ တိုက်ခိုက်တာက အခု ကချင်ဒေသမှာ ဖြစ်နေတဲ့ အစိုးရတပ်တွေနဲ့ ကေအိုင်တို့ရဲ့ တိုက်ပွဲထက် အရေးကြီးပါသလား …

အာဖဂန် ဗုံးကွဲမှုက ကချင်ဒေသမှာ တံတားတွေ ဖျက်ဆီး၊ အမြောက်ဆံတွေ ကျနေတာထက် အရေးပါ ပါသလား ...

မြွေကိုက်ခံရခြင်းနှင့် သေနတ်နှင့်ပစ်၊ အမြှောက်နှင့် ထုခံရခြင်း ဘယ်ဒင်းက အရေးကြီးပါသနည်း ...

ပြန်ကြားရေးက သစ်ပင်ပဲ စိုက်စိုက် လယ်ပဲ ထွန် ထွန် ပြဿနာ မရှိပေမယ့် ပြည်တွင်းစစ်မီးလို့ ပြောလို့ရတဲ့ ကချင်ဒေသတိုက်ပွဲတွေ အကြောင်း သတင်းမှောင်ချပြီး မယောင်ရာ ဆီလူးနေတာ အစိုးရသစ် လက်ထက်ရဲ့ စာနယ်ဇင်း တိုးတက်ဖြစ်ထွန်းမှုလား …


သမ္မတ ဦးသိန်းစိန်ကတော့ မတ်လ ၃၁ ရက်နေ့ သမ္မတ အိမ်တော်မှာ လုပ်တဲ့ ပြည်ထောင်စု ဝန်ကြီးတွေကို ပြောတဲ့ မိန့်ခွန်းမှာ “စတ္တုထ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းများရဲ့ အခန်းကဏ္ဍကို အလေးထားဖို့ လိုပါတယ်၊ စာနယ်ဇင်းများက တဆင့် ပြည်သူတွေကို သိသင့်တဲ့ အချက်များကို အသိပေးသွားဖို့ လိုပါတယ်” ဆိုပြီး ရွှန်းရွှန်းဝေအောင် ပြောသွားပါတယ်။

ဆိုတော့ကာ … သမ္မတ ဦးသိန်းစိန်က ရှေ့က ပြောသွား၊ နောက်က ပြန်ကြားရေးဝန် ဦးကျော်ဆန်းက ချိုမိုင်မိုင် လိုက်ကသလို ဖြစ်နေပါတယ်။ ဦးသိန်းစိန် စကားနဲ့ ပြန်ကောက်ရရင် ကချင်ဒေသတိုက်ပွဲတွေ၊ ဒေသခံ လူထု သောင်းနဲ့ ချီ ထွက်ပြေးရတာ၊ တရုတ်-မြန်မာ နယ်စပ်မှာ ပိတ်မိနေတာ၊ တောထဲမှာ ပြေးလွှားပုန်းအောင်းနေရတာတွေဟာ “ပြည်သူတွေ သိသင့်တဲ့အထဲ မပါ” လို့ သတင်းစာထဲ မထည့်တာပါလား …

ဒီရက်ထဲမှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့ အစိုးရ သတင်းစာ စာမျက်နှာပေါ်က ပျောက်နေပြီး ခေါင်းမာပြီး စစ်ဗိုလ်စိတ်မပျောက်သေးသူတွေလို့ လူပြောများတဲ့ ဒု သမ္မတ ဦးတင်အောင်မြင့်ဦးနဲ့ ပြန်ကြားရေးဝန် ဦးကျော်ဆန်းတို့ကသာ သတင်းစာထဲမှာ အခမ်းအနား ဘန်းပြပြီး နေရာယူနေတာ သတိထားမိပါတယ်။

သတင်းစာကလည်း သတင်းမှောင်ချထားတယ်။ ပြည်တွင်းမီဒီယာတွေကလည်း ဒီကိစ္စမျိုး အရင်ကလည်း ရေးခွင့်မရ၊ အခုလည်း မရေးဝံ့ကြတာတော့ မဆန်းပါဘူး။ လိုသလို အဓိပ္ပာယ် ဖွင့်နိုင်တဲ့ ဒို့တာဝန် အရေးသုံးပါးတည်းဟူသော ဓားမကြီးက စာနယ်ဇင်းသမားများရဲ့ ဂုတ်ပေါ် ဝဲနေတာကိုး။

ဘာပဲဖြစ်ဖြစ် သမ္မတ ဦးသိန်းစိန်က ရွှေမန်းတင်မောင် ရှုံးအောင် ရှေ့ကပြောသွား၊ နောက်က ပြန်ကြားရေးဝန် ဦးကျော်ဆန်းတို့က ချိုမိုင်မိုင် လိုက်ကနေတော့ တိုင်းပြည်မှာ ဘယ်သူက အရေးပါနေတာလဲ၊ ဘာတွေက အရေးအကြီးဆုံးလဲလို့ မေးခွန်း ထုတ်ချင်ပါတယ်။

ကိုခက်

2 comments :

  1. Anonymous said... :

    တော်တော်လေးကောင်းပါတယ် ဒီလိုနှိင်းယှဉ်ပြတာ

  1. Anonymous said... :

    တော်တော်မှန်လွန်တဲ့ နိုင်းယှဉ်ဖော်ပြချက်မို့  အားပေးပါတယ်။ အခုလို ထောက်ပြလိုက်တော့ စစ်အာဏာရှင် နောက်လိုက်တွေ မကြာခင် စပ်စပ်လူးနေအောင် နာကြတော့မယ်။ အခံရ ခက်လို့  တုန်ပြန်သံတွေ ရေးတော့မယ်ထင်တယ်။ များများအမှန်တရားကို ထောက်ပြနိုင်ပါစေ။ ပြည်သူအတွက် တိုင်ပြည်အတွက် အဖိုးတန်ပါတယ်။ ကချင်ဆိုတာလည်း ကျွန်တော်တို့ သွေးပါ။ ကရင်ဆိုတာလည်း ကျွန်တော်တို့ သွေးပါ။ တိုင်းရင်းသားတွေ အားလုံးဟာ ကျွန်တော်တို့  ဗမာသွေးမြန်မာသွေးပါ။ ကျွန်တော် ဗမာပြည်ဖွား တစ်ယောက်ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved