ဝက်နားရွက်ပြာ ရန်ကုန် နဲ့ ဝက်သား စားသုံးမှု

Friday, June 17, 2011

ယုယမိုး
ဝက်နားရွက်ပြာ ပြဿနာက ၀က်သားတုတ်ထိုးဈေးကွက်ကို တိုက်ရိုက် ထိခိုက်နေပါပြီ (Mike-christelle photo)

ဝက်နားရွက်ပြာ ရောဂါ ရန်ကုန် ရောက်လာတဲ့အတွက် ရန်ကုန်သူ ရန်ကုန်သားတို့ရဲ့ ၀က်သားစားသုံးမှု သိသာစွာပဲ လျော့ကျသွားပြီ၊ ၀က်သားဈေးလည်း ကျနေပါတယ် တဲ့။
ရန်ကုန်က အိမ်ရှင်မတွေရဲ့ အသံကို နားထောင်ကြည့်ကြရအောင်-

သာကေတက အိမ်ရှင်မ
“အခုဆို ၁၀ သားကို နှစ်ရာ၊ သုံးရာပဲ ပေးရပေမယ့် ၀ယ်မစားရဲဘူး၊ ရောင်းတဲ့လူတွေကတော့ ပုံမှန်ရောင်းချနေကြပါတယ်၊
ဈေးသက်သာတယ် ဆိုပြီး ရောဂါဖြစ်မှာ ကြောက်မနေတော့ဘဲ ၀ယ်စားကြသူတွေလည်း ရှိပါတယ်”

ကန်စွန်းရွက်၊ ခရမ်းချဉ်သီး လို ဟင်းသီးဟင်းရွက်တွေနဲ့ ဈေး သိပ်မကွာတော့ဘူးလို့ သူက အခုလို ရှင်းပြပါတယ် -

“၀က်သားစားသုံးသူတွေ နည်းလာတော့ အခြား အသားငါး တွေဖြစ်တဲ့ ကြက်၊ဆိတ်အမဲတို့ရဲ့ ဈေးနှုန်းတွေ မြောက်နေတာပေါ့၊
အသီးအရွက် ဈေးနှုန်းတွေလည်း အကျမရှိဘဲ တက်နေတုန်းပါပဲ။ အခုဆို တရုတ်ကန်စွန်းကြီးတွေဆို ကျပ် ၁၅၀နဲ့ ၂၀၀ ဈေးရှိတယ် ၀က်သားဈေးနဲ့တောင် သွားတူနေတာပေါ့”

တောင်ဥက္ကလာ နန္ဒ၀န်ဈေးမှ အိမ်ရှင်မ
တောင်ဥက္ကလာ၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်တွေမှာ ၀ယ်သူ မရှိသလောက် ဖြစ်နေပါပြီ တဲ့။

“အရင်တုန်းကဆို အသားချည်း သက်သက် ၁ ပိသာကို ၈၀၀၀ ဈေးလောက် ရှိတယ်၊ အခုဆို အသားချည်း သက်သက်ကို ၅၀၀၀နဲ့ ၆၀၀၀ ကျပ် အကြား ရောင်းချတဲ့အပြင်
အသားချည်း ၀ယ်တဲ့သူတွေကိုတောင်မှ သုံးထပ်သားတို့ အခြား အပိုအဖြစ် အသားတွေ ထည့်ပေးတာတို့ရှိတယ်၊ ဒါပေမယ့် ဆယ်ယောက်မှာ တစ်ယောက်လောက်ပဲ ၀က်သားစားသူရှိတော့တယ်”

ရွှေပြည်သာမြို့နယ် အိမ်ရှင်မ
ဝက်နားရွက်ပြာရောဂါကြောင့် ၀က် သေဆုံးမှု များနေတယ်၊ ၀က်သားမစားကြပါနဲ့ ဆိုပြီး လှိုင်သာယာ၊ ရွှေပြည်သာတို့မှာ စည်ပင်က သတိပေး ကြေညာနေပါတယ် တဲ့။

world vision photo

ဘယ်က စသလဲ
ဝက်တွေမှာ ဒီရောဂါဖြစ်တာ အနှစ် ၃၀ ၀န်းကျင်တော့ ရှိပါပြီ။
thepigsite.com မှာ ဖော်ပြချက်အရဆိုရင်တော့ ၁၉၈၅ လောက်မှာ အမေရိကန်မှာ ဖြစ်နေပြီ။

နောက်ပိုင်းနှစ်တွေမှာတော့ ဟိုမှာ ဖြစ်လိုက် ဒီမှာ ဖြစ်လိုက်ပါပဲ လို့ သတင်းတွေမှာ တွေ့ရပါတယ်။ ဒီနှစ် အလှည့်ကျတာက မြန်မာပြည်ပေါ့။

မန္တလေး၊ မကွေး၊ ပဲခူး ဒီ တိုင်းဒေသကြီး ၃ ခုမှာ စဖြစ်တာက - ဒီနှစ် ဖေဖော်ဝါရီ
နေပြည်တော် - ဧပြီ
ရန်ကုန်ဝန်းကျင် - ဇွန်

ရန်ကုန် - လှည်းကူးမြို့နယ် ၀က်မွေးမြုရေးခြံတွေမှာ နေ့စဉ်နီးပါး ၀က်တွေ သေနေတာကို သွားရောက်စစ်ဆေးရာကနေ ရန်ကုန်ဒေသ ၀က်နားရွက်ပြာရောဂါ ကျပြီ ဆိုတာကို သိလိုက်ရတယ်၊
ပြီးတော့ နိုင်ငံတော်အဆင့်ရောဂါ တိုက်ဖျက်ရေး စီမံချက်နဲ့ လှည်းကူး မြို့နယ် ၀က်သား စီးဆင်းမှုကို ပိတ်လိုက်ပါတယ် တဲ့။

ရန်ကုန်မှာ ၀က်သား စားသင့်သလား
လောလောဆယ်တော့ ရန်ကုန်သူ ရန်ကုန်သားတွေ ၀က်သား မစားဘဲ နေတာ အကောင်းဆုံးပဲ လို့ တိ/မွေးကုဌာန အရာရှိတယောက်က ဧရာဝတီကို ပြောပါတယ်။
ပိုးရှိတဲ့ ၀က်သား စားမိရင် အော့အန်ခြင်း၊ ၀မ်းသွားခြင်း၊ မူးမော်ခြင်းများ ဖြစ်နိုင်တယ်၊ အသက်အန္တရာယ် စိုးရိမ်ရတယ်၊
အပူချိန်ဒီဂရီ များများနဲ့ ချက်လိုက်ရင် အန္တရာယ်ကင်းပြီလို့လည်းမယူဆသင့်ဘူး လို့ သူက ရှင်းပါတယ်။

ရောဂါဖြစ်ပွားတဲ့ ၀က်တချို့ နားရွက်ပြာသွားတတ်လို့ ၀က်နားရွက်ပြာရောဂါ (Porcine Reproductive and Respiratory Symdrome) လို့ ခေါ်တယ်၊
ဗိုင်းရပ်စ်ပိုးတမျိုးကြောင့် ဖြစ်ပွားတယ်၊ မွေးမြုရေးသမားတွေက ရောဂါရှိတဲ့ ၀က်ကို ဈေးကွက်ထဲ ရောက်အောင် မလုပ်သင့်ဘူး တဲ့။
ကလောမြို့က မွေးမြူရေးဝက်တကောင် (kalaw pig by Caramel)

“ကိုယ့် (၀က်) ခြံရဲ့ ဇီဝလုံခြုံမှု စနစ်ကောင်းမွန်အောင် ထိန်းသိမ်းရပါမယ်၊ နေရာသန့်ရှင်းရမယ်၊ အစားအစာသန့်ရှင်းရမယ် ရောဂါဖြစ်ပွားပြီဆိုရင်
ရောဂါဖြစ်တဲ့ အကောင်တွေကို ခွဲခြားထားရပါမယ်” လို့ တိ/မွေးကုဌာန အရာရှိက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၀က်ကောင်ရေ ၉.၂သန်း ရှိပြီး မကွေးတိုင်းဒေသကြီးမှာ မွေးမြူမှု အများဆုံးဖြစ်ကြောင်း မေ ၂၂ ရက်နေ့ အစိုးရ သတင်းစာများက ဆိုပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved