လအပြည့်ကြတ်ခြင်း

Thursday, June 16, 2011







ဇွန် ၁၅ ရက် ၂၀၁၁ ခုနှစ် ဒေသစံတော်ချိန် ၁၁း၃၀ မိနစ်ကနေ စပြီး အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကနေ တွေ့မြင်လိုက်ရတဲ့ လ အပြည့်ကြတ်တဲ့ ပုံတွေပါ။ တိမ်ထူတာကြောင့် လကြတ်ပြီး ပြန်ထွက်တဲ့ပုံတွေကိုတော့ မရိုက်လိုက်နိုင်ပါဘူး။

နေ ကမ္ဘာနဲ့ လတို့ တတန်းတည်း ကျတဲ့အချိန်မှာ လကြတ်မှု ဖြစ်ပေါ်လေ့ရှိတာမှာ တနှစ်မှာ အနည်းဆုံး ၂ ကြိမ်ဖြစ်ပေါ်လေ့ရှိပါတယ်။ အခု ဇွန်လမှာ ဖြစ်တာကတော့ ဒီနှစ်အတွက် ပထမဆုံး အကြိမ်ပါ။ ဒုတိယ တကြိမ်ကတော့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဖြစ်နိုင်သေးတယ်လို့ ပညာရှင်တွေကတွက်ဆပါတယ်။

အခုလို အချိန် အကြာမြင့်ဆုံး လအပြည့်ကြတ်တာမျိုးကတော့ ရှားပါးပါတယ်။ အခု လကြတ်ချိန်ဟာ ၅ နာရီနီးပါး ကြာမြင့်ပါတယ်။


ဒီ၂ ကြိမ်ပြီးရင်တော့ လအပြည့်ကြတ်ပြီး လ အနီရောင်ဖြစ်သွားတာကို လာမယ့် ၂၀၂၂ မှာမှ ပြန်ကြုံကြရမှာဖြစ်ပေမယ့် အခုလို ကမ္ဘာ့အရိပ်ရဲ့ အလယ်ဗဟိုအထိ လကို ဖုံးလွှမ်းသွားမှာတော့ မဟုတ်ဘူးလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

အခု ကြုံရတဲ့ ကမ္ဘာ့အရိပ်အလယ်ဗဟိုအထိ လကို ဖုံးလွှမ်းသွားတဲ့ လအပြည့်ကြတ်တာမျိုးဟာ လွန်ခဲ့တဲ့ နှစ် ၁၀၀ အတွင်းမှာ ၃ ကြိမ်ပဲ ရှိခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အခုတကြိမ် မတိုင်ခင် နောက်ဆုံးမြင်တွေ့ရတဲ့ လအပြည့်ကြတ်ခြင်းက ဂျူလိုင် ၁၆၊ ၂၀၀၀ ပြည့်နှစ်တုန်းက ဖြစ်ခဲ့ပြီး လကြတ်ချိန်ဟာ ၁၀၇ မိနစ် ကြာမြင့်တယ်ခဲ့တယ်လို့ သိရပါတယ်။

နေနဲ့ လကြားကို ကမ္ဘာက ရောက်သွားပြီး ကမ္ဘာရဲ့ အရိပ်၊ လပေါ်ကျတဲ့ အချိန်မှာ လကြတ်တာဖြစ်ပေါ်လေ့ရှိပြီး အများအားဖြင့်ကတော့ ကမ္ဘာရဲ့ ဘေးက အရိပ်ထဲမှာသာ လက ကျရောက်လေ့ရှိပါတယ်။ အဲ့ဒီလို ဖြစ်တဲ့ လကြတ်ခြင်းကို တစိတ်တဒေသ လကြတ်ခြင်းလို့ ခေါ်ပါတယ်။ လအပြည့်ကြတ်ခြင်းမှာ ကမ္ဘာ့အရိပ်က လပေါ်ကျရောက်တဲ့ နေရောင်ချည်တွေကို ကာလိုက်တဲ့အချိန်မှာ လကိုလာတဲ့ နေက ရောင်ခြည်တွေထဲက အနီရောင် ရောင်ခြည်တွေပဲ လဆီကို ရောက်သွားတာကြောင့် လရဲ့အရောင်ဟာ အနီရောင်ဖြစ်သွားပါတယ်။ ဒီလိုလကြတ်တာကို Red Blood Moon သွေးနီရောင် လ လို့ ခေါ်ကြပါတယ်။

ရှေးရိုးစွဲ ဘာသာရေး အယူသည်းမှုတွေများတဲ့ အိန္ဒိယနိုင်ငံမှာကတော့ လကြတ်တဲ့ညကို လောကရဲ့ အမှောင်မိုက်ဆုံးညလို့ ဆိုပါတယ်။ လကြတ်တာဟာ ကံဆိုးတယ်၊ မကောင်းတဲ့ လက္ခဏာဖြစ်တယ်လို့ ယူဆကြတဲ့ ဟိန္ဒူဘာသာဝင်တွေ အများစုဟာ ဂင်္ဂါမြစ်ကမ်းနံဘေးမှာ စုဝေးကြပြီး လကြတ်တာကို စောင့်ကြည့်ကြရင်း လကြတ်ချိန်မှာ ပူဇော်ဝတ်ပြုတာတွေ၊ ဂင်္ဂါမြစ်ထဲ ရေဆင်းချိုးပြီး မကောင်းတာတွေ ပပျောက်အောင် ၀တ်ပြုဆုတောင်းတာတွေ လုပ်ကြပါတယ်။

နယူးဒေလီမှာကတော့ လကြတ်တဲ့အချိန် အစားအသောက် မစားမသောက်ရဘူး၊ အပြင်မထွက်ရဘူးလို့ သတ်မှတ်ထားတဲ့ အယူသည်းမှုကို တိုက်ဖျက်ဖို့အတွက် လူငယ်တစုဟာ နယူးဒေလီအနောက်၊ ဂျနက်ပူရီက အာကာသ လေ့လာရေးစင်တာမှာ လကြတ်တာကို စောင့်ကြည့်ရင်း အစားအသောက်တွေ ဝေမျှစားသောက်ကြတယ်လို့ သိရပါတယ်။

ဇာနည်မာန်
(ဓာတ်ပုံ - ဇာနည်မာန်)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved