တချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ် (၂)

Thursday, June 16, 2011

ရှစ်လုံး ခေါ် သီဟသူရတင်အောင်မြင့်ဦး

ကျားပေါက်၊ ဇွန် ၁၆၊ ၂၀၁၁

အခုဟာက ဒု သမ္မတ တင်အောင်မြင့်ဦးက တပ်ချုပ်မရှိလည်း ကိစ္စမရှိသူပါ။ ဗကပ တပ်မဟာတွေ ဝိုင်းထားတဲ့ကြားက တပ်ရင်းမှူးလည်း ကျဆုံးချိန်၊ လက်နက်ခဲယမ်းလည်း နည်းနေချိန်၊ ဆက်သွယ်ရေးစက်ကလည်း မော်တာကျည်ဆံမှန်လို့ ဆက်သွယ်ရေး ပြတ်တောက်နေတဲ့အချိန်။ ရန်သူလက်တော့ အကျမခံ၊ လက်နက်မချဘဲ သတ်သေမလို့ လုပ်တုန်း တပ်ကူရောက်လာလို့ တင်အောင်မြင့်ဦး သီဟသူရဘွဲ့ ရခဲ့တယ်။ ရန်သူကို ဒူးမထောက်ဖို့ ပထမ၊ ကိုယ့်ဟာကိုယ် သတ်သေမှာက နောက်ဆုံးလုပ်ရမယ့် အချက်ဆိုပြီး တပ်ထဲမှာ နောက်ပြောင်စရာဖြစ်ခဲ့တယ်။

ဒါကြောင့် တပ်ရင်းမှူး မရှိတဲ့ကြားက တပ်ထိန်းပြီး ရန်သူနဲ့ ဆိုင်ခဲ့ရတာ ဒါလောက်ကတော့ ကျနော့်အတွက် မမှုပါဘူးတဲ့။

ဦးသိန်းစိန်ကို ဗြောင်စိန်ခေါ်ရဲတာကတော့ သူပုန်ဝန်ကြီး ဦကျော်ဆန်း တယောက်ပါပဲ။ မြန်မာ့အလင်းမှာ သမ္မတ မိန့်ခွန်းလည်း မထည့်၊ ကာကွယ်ရေးနဲ့ လုံခြုံရေး (ကာ/လုံ) အစည်းအဝေးကို ၁၁ ဦးနဲ့ ဖွဲ့စည်းပေမယ့် ကိုယ့်ကိုယ်ကို ဒုသမ္မတလောက် အရေးပါတယ်ယူဆပြီး ဦးကျော်ဆန်း အရှက်မရှိ ဝင်တက်နေပါရော။


ကာ/လုံမှာ ပါတဲ့သူတွေက သမ္မတကြီး မျက်နှာကြည့်ပြီး ကြည့်လုပ်ကြပါဦးဆိုတဲ့ မျက်နှာပေးတွေ လုပ်ပြတယ်။ ဒါပေမယ့် သမ္မတကလည်း အရင်တုန်းကတော့ ရွေးကောက်ပွဲပြီးရင် သမီးငယ်ကို အလုပ်ကထွက်ပြီး ကော်ဖီဆိုင်ဖွင့်ခိုင်းမလို့ကနေ ကံဆိုးမိုးမှောင်ကျလို့ ကြံ့ဖွံ့ဥက္ကဋ္ဌဖြစ်၊ ဟော … အခုတခါ သမ္မတ ဖြစ်ပြန်ရောဆိုတော့ ပွဲထဲက သမ္မတကမှ နိပ်သေးတယ်လို့ စဉ်းစားနေလားမသိ။

ဦးကျော်ဆန်းက ဒုသမ္မတ တယောက်လို လုပ်နေလေတော့ မခက်ဘူးလား။ ဦးကျော်ဆန်းက “သမ္မတကြီးခင်ဗျား၊ သမ္မတကြီး အကြံပေးခန့်မယ်ဆိုရင် ကိုကိုလှိုင်တို့၊ နေဇင်လတ်တို့ကို စဉ်းစားစေချင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ တပ်မတော်အတွက် တပ်မတော်သားဟောင်းတွေက သင့်တော်ပါတယ်” တဲ့။ ဦးကျော်ဆန်း အလိုကျ သမ္မတကြီးကလည်း ဘာမှ မဆုံးဖြတ်တတ်နဲ့ ကိုကျော်ဆန်း မှတ်ချက်နဲ့ သူတို့ အကြံပေးများ ဖြစ်လာပါတယ်။

ပြန်ကြားရေးနဲ့ ယဉ်ကျေးမှု နှစ်ဌာနဝန်ကြီး ဦးကျော်ဆန်း (ဓာတ်ပုံ - Popular News)

ကိုကျော်ဆန်းက ထပ်တိုးလာပြီး သမ္မတကြီးက အရင်ဝန်ကြီးချုပ်ပဲ၊ နာမည်ပြောင်းခေါ်တာကလွဲလို့ ကျန်တာ ဘာမှ မပိုပါဘူးလို့ ဆိုပါတယ်။ ကာ/လုံမှာ အရှက်မရှိ လာတက်နေတာ တပ်ချုပ်ကပဲ တက်ခိုင်းထားသလိုလို၊ ရှမ်းကလေး ဒေါက်တာ စိုင်းမောင်ခမ်းကို အားမရလို့ အသွင်ပြောင်းမှာ သူမထိန်းရင် အရည်အချင်းမဲ့ သမ္မတနဲ့ ဖြစ်မှာ မဟုတ်ဘူးဆိုပြီး သူ့တာဝန်တွေကို ဘေးထားပြီး လုပ်ပေးနေရာတာပါလို့ ဆိုပါတယ်။

တပ်ချုပ်အနေနဲ့ ကိုယ်ဖျောက်သိုင်းနဲ့ ပျောက်နေပေမယ့် နအဖအသွင်ပြောင်းအစိုးရကို ပါတီက ဦးဆောင်ဖို့အတွက် လမ်းညွှန်ခဲ့ကြောင်း၊ ဒါကြောင့် ပါတီဦးဆောင်ဖို့အတွက် ပါတီအင်အားရှိမှဆိုပြီး ပါတီတွေ စီးပွားရေး လုပ်ခွင့်ပေးခဲ့တယ် မဟုတ်လား။ ကြံဖွံ့ပုံမှန် လည်ပတ်ဖို့ ဦးသိန်းဇော်က ဦးဌေးဦးကို တယ်လီဖုန်းကတ်ကနေ ပါတီရန်ပုံငွေထုတ်ယူနည်းနဲ့ အနိုင်ယူခဲ့တာပါတဲ့။
ဖြစ်ရတာက ဖုန်းတလုံး ၃ သိန်းခွဲကို ကြံ့ဖွတ်ပါတီ ရန်ပုံငွေထဲ ရောက်စေပါတယ်။ ဆယ်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းဇော်ရဲ့ မဟာဗျူဟာ ငွေရှာနည်းဖြစ်ပါတယ်။

ပြည်သူတွေ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ဆက်သွယ်ရေးအတွက် ဖုန်းတလုံးဝယ်တိုင်း ပြည်ခိုင်ဖြိုးကို ပါတီရန်ပုံငွေ ၃ သိန်းခွဲ (အမေရိကန်ဒေါ်လာ ၃၅၀ နီးပါး)၊ ဆက်သွယ်ရေးကို ၁ သိန်းနဲ့၊ ထူးကို ၅ သောင်းလောက်ပေးရတယ်။

CDMA တွေဖြစ်တဲ့အတွက် ပေါက်ဖော်ဆီက CDMA ဖုန်းခွံတွေကို ဒု သမ္မတအုပ်စုက ချုပ်ထားပါတယ်။

ဒါကြောင့် NLD အနေနဲ့ ကြံ့ဖွံ့ရန်ပုံငွေ ဘယ်လောက် ထည့်နေရသလဲဆိုတာ စဉ်းစားသာကြည့်ပါ။ စားသုံးသူတွေက သိန်း အစိတ်က ဈေးကျလာခဲ့တာ ၅ သိန်းမှာ ရပ်သွားတော့ အုပ်ချုပ်သူတွေ ဘုန်းကြီးလို့ သက်ရှည်ပါစေလို့ ဆုတောင်းနေမလား၊ တခြားနိုင်ငံတွေမှာ ဖုန်းကတ်တခုကို ဘတ် ၅၀ (မြန်မာငွေ ၁၅၀၀ ကျပ်)၊ ကမ္ဘောဒီးယားမှာ မြန်မာငွေ ၃၀၀၀ ကျပ် လောက်တန်တာကို ကြံ့ဖွံ့ရန်ပုံငွေအတွက် ၃ သိန်းခွဲ ရှာပေးနိုင်တဲ့ ဦးသိန်းဇော်ကို တပ်ချုပ်က မင်းလောက်တော်တဲ့သူ မရှိသေးဘူးလို့ ချီးကျူးပါတယ်တဲ့။

ဦးသိန်းဇော်ကလည်း အခုချိန်အထိ ဝန်ကြီးဟောင်းဖြစ်တာကို မေ့ပြီး ပြီးခဲ့တဲ့လက မြစ်ကြီးနားအသွား တိုင်းမှူးနဲ့ ထိပ်တိုက်တိုးလို့ အရှက်ကွဲခဲ့ရပါတယ်။ VIP အခန်းဖွင့်ပေး မပေး အာဏာပြကြရင်း ဖြစ်တဲ့ အဖြစ်အပျက်ပါ။

ဦးသိန်းစိန်ရဲ့ ဝေလေလေဦးဆောင်မှုနဲ့ ဒုသမ္မတ အစစ်နဲ့ ဒုသမ္မတ အတုလုပ်နေတဲ့ ကျော်ဆန်းတို့ရဲ့ အာဏာပြမှုတွေအကြား တပ်ချုပ်အနေနဲ့ ဒီလိုတော့ ပစ်မထားသင့်ပါဘူးလို့ ဗိုလ်ချုပ်ဟောင်းများ ငြီးတွားနေကြတယ်။ တပ်ချုပ်က မင်းတို့ဘာလုပ်နေလဲ၊ ဘယ်သူက နောင်အစိုးရထဲ ပါသင့် မပါသင့်ကို စောင့်ကြည့်နေတာလား၊ စည်းကမ်းပြည့်ဝပြီထင်လို့ ကျောခိုင်းသွားတာလား၊ အခြေအနေ မကောင်းရင် အရန်အင်အားကနေတဆင့် ပြန်ဝင်လာပြီး သူ့အာဏာရဲ့ ဆန့်ကျင်ဘက်တွေကိုရှင်းဖို့ အချိန်မရွေးပါပဲ။ ဒုသမ္မတ တင်အောင်မြင့်ဦးကလွဲလို့ ကျန်တပ်မှူးများ ဆရာမရှိရင် ဘာမှ မလုပ်တတ်ဘူးလို့ ဆိုပါတယ်။

(ပြီး)

3 comments :

  1. Anonymous said... :

    တော်စမ်းပါကျော်ဆန်းရာလို့ ပြောမယ့်သူမရှိတော့ဘူးထင်ပါတယ်။
    ဒီ Websites တွေကို မြန်မာနိုင်ငံမှာလူကြီးတွေကလွဲရင် နေပြည်တော်ရော၊ ရန်ကုန်မှာရော ဖတ်လို့မရပါ။
    တိုက်ရိုက်သွားလို့မရပါ။ လှည့်ပတ်သွားရင်တော့ရနိုင်ပါတယ်။
    အစိုးရရုံးက၀န်ထမ်းတွေသွားလို့သိသွားရင် Official Secrets Act အရ အရေးယူခံရနိုင်ပါတယ်။
    ဒါဟာ Wiki-Myanmar-Leaks ပါ။
    ဒီလိုအတွင်းရေးတွေကိုပြောမယ့်သူကိုကြိုဆိုပါတယ်။

  1. Anonymous said... :

    (အပေါ်က ကော်မန့်ကို ဖတ်မရမှာစိုးလို့ ဇော်ဂျီနဲ့ ကွန်ဗာ့ လုပ်ပေးလိုက်ပါတယ်။)


  1. Anonymous said... :

    FaceBook ကနေ copy & paste လုပ်ပီ share တာကတော့ ပြည်တွင်းကလူတွေပါ ဖတ်လို့ရတာပေါ့ဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved