ထိုင်းသတင်းစာ၊ ထိုင်းရွေးကောက်ပွဲ နဲ့ မြန်မာပြည်သားတို့ ဆင်ခြင်စရာများ

Friday, June 3, 2011


မနေ့က ထိုင်းမှာ ထုတ်တဲ့ The Nation မျက်နှာဖုံးပါ။

နီးကပ်လာတဲ့ ထိုင်းရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်လောင်းတွေ ဘယ်လို မဲဆွယ်နေသလဲ ဆိုတာတွေ ရေးထားတယ်။
လက်ရှိဝန်ကြီးချုပ် အဖိဆစ်ဝေ့ချာချီဝရဲ့ဓာတ်ပုံတွေဖော်ပြပြီး အစားအသောက်၊ ဆုတောင်းမှု၊ အချစ် လို့ စာတန်းထိုးတယ်။


အဖိဆစ်က သူ့ကို လူကြိုက်နည်းတဲ့ ထိုင်းမြောက်ပိုင်းခရိုင်တွေဘက် ခရီးလှည့်နေတာပါ။

(အစိုးရဆန့်ကျင်တဲ့ ရှပ်နီတို့ရဲ့ အမာခံမြို့တော် ချင်းမိုင်ကိုလည်း သူ မနေ့က ရောက်လာတယ်။ ရဲတွေလည်း လုံခြုံရေးပေးရတာ အတော် အလုပ်ရှုပ်သွားတယ်။)

အဖိဆစ် ဆုတောင်းနေတဲ့ပုံအောက်မှာ - သူ မလုပ်ချင်တာ တွေ အများကြီး လုပ်နေရတယ်။ အဲဒါတွေကတော့
-- အရင်က မစားဖူးတာတွေ စားတယ်၊
-- လန်ဖွန်း ခရိုင်က ဘုန်းကြီးကျောင်းမှာ သူ့လူတွေလုပ်တဲ့ အန္တရာယ်ကင်း ဆုတောင်းပွဲကို တက်ရတယ်၊
-- သူ့ပြိုင်ဘက် ရှပ်နီတွေနဲ့ သွားတွေ့ရတယ် ဆိုတာတွေပါပဲ လို့ ရေးထားတယ်။

ဝန်ကြီးချုပ်အကြောင်းကို လွတ်လပ်စွာ ရေးနေကြ၊ ကလိနေကြတာပါပဲ။ မြန်မာပြည်မှာ သတင်းစာထုတ်ခွင့်ရရင် ဦးသိန်းစိန်တို့က ဒီလို ရေးတာတွေကို ခွင့်ပြုပါ့မလား စဉ်းစားစရာပါ။

ဒီအချိန်မှာ အဖိဆစ်ရဲ့အဓိကပြိုင်ဘက် ရင်လပ် ရှင်နာဝပ်က ဘန်ကောက်ဝန်းကျင်မှာ မဲဆွယ်နေတယ်။
Siriraj ဆေးရုံက ထိုင်းဘုရင်အတွက်ဆုတောင်းမေတ္တာပို့ရေးသားတဲ့ စာအုပ်မှာလည်း လက်မှတ်သွားထိုးတယ်လို့ ဆိုတယ်။ သတင်းကတော့ ဒါပါပဲ။

ရင်လပ် ရှင်နာဝပ်ဟာ ပြည်ပရောက်ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ နှမပါ။ ဒီရွေးကောက်ပွဲအကြိုကာလမှာ သူက သူ့အစ်ကိုနောက်လိုက်တွေရဲ့ ခေါင်းဆောင် ဖြစ်လာတယ်။

ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတွေ စိုးရိမ်စရာတွေ ရှိနေတယ်။

ကြိုတင်မဲပေးရတဲ့ ဒီလ ၂၄-၂၅-၂၆ ရက်နေ့တွေ၊ ရှေ့လ ၃ ရက်နေ့ ရွေးကောက်ပွဲနေ့တွေမှာ အရက်ရောင်းခွင့် ပိတ်မယ်လို့ သတင်းတချို့မှာ ရေးထားတယ်။ ယမကာလုလင်တွေ အခက်အခဲ ကြုံနိုင်ချေပါပဲ။

ရွေးကောက်ပွဲကာလ ဆူပူမှု၊ အကြမ်းဖက်မှု ဖြစ်နိုင်တဲ့ ခရိုင် ၁၀ ခုမှာ လုံခြုံရေးတိုးမြှင့်မယ်လို့
မေ ၂၆ ဘန်ကောက်ပို့စ်က ဆိုတယ်။

ဘန်ကောက်၊ ခွန်ခန် (Khon Kaen)
ချွန်ဘူရီ၊ ချင်းမိုင်
နခွန်ရာချစီမာ၊ ဘူရီရမ်
Roi Et (ဘယ်လိုအသံထွက်ရမှန်း မသိ)၊ ဥဒေါင်းဌာနီ
စမွတ်ပရာကန်၊ ဥဘွန် ရချဌာနီ
တို့ ဖြစ်ပါတယ်။

ဒီဒေသတွေမှာ မြန်မာပြည်သား အများအပြား တရားမ၀င် နေကြတာတွေ ရှိတယ်။ လုံခြုံရေးကို အနီရောင်အဆင့် သတ်မှတ်ထားလို့ ယုန်ထောင်ကြောင်မိ ဖြစ်ရပ်တွေ ဖြစ်လာနိုင်တယ်။ ရွေးကောက်ပွဲကာလမှာ အနေအထိုင် ဆင်ခြင်ပါမှ အန္တရာယ်ကင်းကြမှာပါ။ ။

1 comments :

  1. Anonymous said... :

    Roi Et ကို လွိုက် အက် ဆိုပြိး အသံထွက်ပါတယ်။ လွိုက် မှာ အသံရှည်ပါတယ်။
    မြန်မာပြည်သားအားလုံး မင်္ဂလာပါ လို့ နှုတ်ဆက်ပါတယ်ခင်ဗျား။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved