တချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ် (၁)

Tuesday, June 14, 2011

ကျားပေါက်၊ ဇွန် ၁၄၊ ၂၀၁၁

တပ်ချုပ်က နောက်ဆုတ်နေပြီလား။ တပ်ချုပ်တကယ်ပဲ အစိုးရသစ်ကို မျက်နှာလွှဲပြီလားဆိုပြီး နအဖ ထိပ်တန်းတွေ ခြေအကိုင်မိ လက်မကိုင်မိ ဖြစ်နေပါတယ်လို့ ဆိုပါတယ်။ အာဏာလွှဲပြီးတဲ့ အချိန်ကစပြီး တပ်ချုပ်က မြန်မာနှစ်သစ်ကူးမှာ ထိပ်တန်းတွေကို ကန်တော့ခံတာကလွဲလို့ သူနဲ့ နအဖ ထိပ်တန်းများ အလိုကျ တွေ့ဆုံရာ ဆုံဆည်းရာ ရုံးခန်းကိုတောင် မလာပါဘူးဆို ဆိုပါတယ်။

ဖြစ်နိုင်တဲ့ အချက် ၂ ချက်ရှိပါတယ်။ ပထမဦးဆုံးကတော့ တပ်ချုပ် အမှတ်ပေး ဆုံးဖြတ်ဖို့ ဒု ခေါင်းဆောင်များရဲ့ ခြေလက်ရာတွေကို အသံမပေးဘဲ ချောင်းကြည့်တာ ဖြစ်နိုင်သလို နေရာတကာ စွက်ဖက် ဆုံးဖြတ်ခဲ့တာ နှစ် ၂၀ အကြာ အဖေမရှိတော့လို့ အမွေခွဲရမှာလည်း မလုပ်ရဲသေး၊ တယောက်နဲ့ တယောက် ခြေသွက်လက်သွက်တာကို စောင့်ကြည့် အချိန်ကုန်စေပါတယ်တဲ့။

ကြိုက်တဲ့စံနဲ့ ချိန်ကြည့်၊ တပ်ချုပ်ရဲ့ ခြေရာဖျောက်နည်းကို ဘယ်သူမှ နားမလည်နိုင်ကြပါ။


အစိုးရသစ်ရဲ့ အဓိက ရင်ဆိုင်နေရတာက ကိုလူအေး (သို့) သမ္မတ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက် အားနည်း၊ တပ်ချုပ် ခိုင်းတာပဲ လုပ်ခဲ့ရတဲ့ ဗိုလ်ချုပ်ကြီးဟောင်းများ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေချိန်မှာ တစခန်းထနေသူ ၂ ဦးကတော့ ဒုသမ္မတ ရှစ်လုံးနဲ့ ပြန်ကြားရေး ဝန်ကြီးလို့ သိရပါတယ်။

တပ်ချုပ်က ဘယ်သူ့မျက်နှာကိုမှ ထောက်သူ မဟုတ်လို့ အာဆီယံနဲ့ နိုင်ငံတကာ အစိုးရတွေကို ဘာကြောင့် မျက်လှည့်ပြမှာလည်းလို့ ငြင်းစရာ ရှိပါတယ်။ ထင်ရာလုပ်ခဲ့တာ၊ ကောင်မလေး (ဒေါ်အောင်ဆန်းစုကြည်) ကို မလွှတ်နဲ့ဦးကွဆိုတဲ့ တပ်ချုပ် ခြေရာဖျောက် စစ်ဆင်ရေးကို ဘယ်သူမှ ခန့်မှန်းလို့ မရပါလို့ ဆိုပါတယ်။
တပ်ချုပ်ရဲ့ မွေးစားသား ဦးဌေးဦးတောင် တပ်ချုပ်ဆီက အမိန့်မရသေးလို့ မလုပ်နိုင်သေးတာတွေ ရှိနေသေးလို့ ဝန်ကြီးဟောင်းနဲ့ ပြည်ခိုင်ဖြိုး ဆရာ ဦးသိန်းဇော်တို့ ခဏစောင့်နေရသေးတယ်လို့ သိရပါတယ်။

ဦးနေဝင်းနဲ့ နဝတအကြား ဆက်ဆံရေးက အနောက်နိုင်ငံတွေ အပေါ် ကသိကအောက် ဖြစ်စေတာလည်း စဉ်းစားစရာပါပဲ။ ဒါကြောင့် ဒီအစိုးရသစ်ဟာ နအဖနဲ့ မဆိုင်တော့ပါလို့ အမွေပြတ် ကြေညာစေချင်တာလား ဆိုတာလည်း စဉ်းစားစရာ ဖြစ်ပါတယ်။

ဒုတိယ အချက်ကတော့ လိုတာလည်းရပြီ၊ ဒီမိုကရေစီလည်း မင်းတို့ကို ငါလုပ်ပေးခဲ့ပြီ၊ ငါ့ဟာငါ နေပရစေ စဉ်းစားလေသလား။ ဗုဒ္ဓဂယာ ခရီးစဉ်မှာ တရားများရပြီး ငါ့ရဲ့ အကုသိုလ်တွေကို နောက်ဆုံး အချိန်မှာ တရားထိုင်ပြီး ရှုမယ်လို့ စဉ်းစားနေပြီလား။ ဒါပေမယ့် ဇာတ်လမ်းက မဆုံးသေးပါဘူး။ တလခွဲအတွင်း အဖြူအမည်း မကွဲနိုင်သလို တပ်ချုပ် ဒီလောက်တော့ မညံ့ပါ။

တပ်ချုပ်က ဘယ်မှသွားစရာမလို၊ တွေ့စရာမလိုတော့ပါ။ သူ့ရဲ့အိမ် စာကြည့်တိုက်အတွင်း Video Link ရှိနေလို့ပါပဲ။ ပြည်ထောင်စု လွှတ်တော်ထဲက အဖြစ်အပျက်တွေကို အိမ်က တီဗီကနေ ရှုစားနေပါတယ်တဲ့။ လွှတ်တော်ခေါင်မိုးမှာ CCTV တွေ တပ်ထားပြီး ၂၁ ရာစု တပ်ချုပ် လုပ်နေတာပါတဲ့။

အပြင်မှာတော့ တပ်ချုပ်က တကယ်ပဲ အနားယူသလို ကိုယ်ဖျောက်နည်းဗျူဟာ သုံးလိုက်တဲ့အတွက် နအဖ အာဏာမလွှဲခင် သတင်းအစုများ ခြေရာမခံနိုင် ဖြစ်ရပါတယ်။ လူတွေအားလုံးအတွက် ပဟေဠိ အဖြေညှိရအောင်ဆိုပြီး အများနဲ့တယောက် ကစားလိုက်တာပါ။

ရွေးကောက်ပွဲပြီးတော့ အာဆီယံ ဥက္ကဋ္ဌ ရာထူးအတွက် ဦးသိန်းစိန်၊ တိုင်းပြည်ကို စေတနာထား မြင်လိုသူတွေအတွက် သန့်ရှင်းတဲ့အစိုးရ၊ နအဖလက်ထက်မှာ ဝန်ကြီးချုပ် လုပ်ခဲ့သူ၊ နအဖလက်ထက် မသန့်ရှင်းတာ ဘာကြောင့် သန့်ရှင်းအောင် မလုပ်တာလည်းဆိုတာလည်း မေးစရာမေးခွန်း ဖြစ်လာပါတယ်။

အဆိုးဆုံးတခုက သမ္မတ ဦးသိန်းစိန်ကို ဝန်ကြီးချုပ် သိန်းစိန်အဖြစ် သတ်မှတ်သူတွေထဲမှာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ထိပ်တန်းက ပါပါတယ်။ သမ္မတ ဦးသိန်းစိန်ကို အခုအချိန်အထိ ဝန်ကြီးချုပ်လို့ ခေါ်တုန်းပါတဲ့။ နှုတ်ကျိုးတာပါလို့ ဆင်ခြေပေးတယ် ဆိုပါတယ်။

သူတကယ် တာဝန်ခံရမှာက တပ်ချုပ်ဖြစ်ပါတယ်။ တပ်ချုပ်က ကိုသိန်းစိန်ကို အုပ်ချုပ်ရေး အာဏာပေးလိုပ်ပေမယ့် ဦးကျော်ဆန်းက သူပုန်ဝန်ကြီးအဖြစ် ရပ်တည်လိုက်ပါတယ်။ သမ္မတ မိန့်ခွန်း ကောက်နှုတ်ချက် မပေး၊ သမ္မတ လမ်းညွှန်ချက် သတင်းစာထဲမှာ မဖော်ပြရဘူးလို့ မိန့်ကြောင်း သိရပါတယ်။

(ဆက်လက် ဖော်ပြပါမည်)




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved