ပေးစာ - တပ်နေပျော်လို့ စစ်တိုက်တော်ရမည် ဆိုသော်လည်း …

Wednesday, June 29, 2011


မင်းလွမ်းနောင် (ပန်းတနော်)


“တပ်နေပျော်လို့ စစ်တိုက်တော်ရမည်”

တပ်မတော် တပ်ရင်းများတွင် တွေ့မြင်နိုင်သော ဆောင်ပုဒ်ဖြစ်ပြီး တပ်မတော်သားများနှင့် တပ်ရင်းတပ်ဖွဲ့များနှင့် နီးစပ်သူများ အများစုကြားဖူးသော ဆောင်ပုဒ်ဖြစ်ပါတယ်။ တပ်ရှေ့ကို ဖြတ်သွားကြဖူးသူတိုင်း ထိုဆောင်ပုဒ်ကို တွေ့မြင်ဖတ်ရှုမိမှာပါ။ တပ်မတော်သားတို့သည် အမှန်ပင် တပ်နေပျော်လို့ စစ်တိုက်တော်ကြရဲ့လား။ သူတို့ရဲ့ဘ၀တွေနဲ့ သူတို့ရဲ့ ခံစားချက်တွေက ထိုဆောင်ပုဒ်နဲ့ညီပါရဲ့လား တွေးတောမိပါတယ်။

တပ်နေပျော်ရန် ဆိုရာတွင် စားဝတ်နေရေးနှင့် တာဝန်ယူ ဆောင်ရွက်ပေးမှုသည် ကဏ္ဍတခုအနေနှင့် ပါဝင်ပါတယ်။ အရာရှိအရာခံ အကြပ်စစ်သည်များအား စားဝတ်နေရေး ဖူလုံစေရန် အထက်မှအမိန့်အရ တပ်တွင်းသက်သာဆိုင်၊ ဆယ်မျိုးဆယ်ဘောင် တပ်တွင်းထောက်ပံ့ရေးများကို လုပ်ဆောင်ပေးနေသည်ဆိုသော်လည်း ထိထိရောက်ရောက် လုပ်ဆောင်ပေးမှုမရှိပါ။

ဆယ်မျိုးဆယ်ဘောင် ဆိုရာဝယ် မိမိတို့ရရှိထားသော လိုင်းခန်းများတွင် ပါရှိသော မြေလွတ်များတွင် ရာသီ အသီးအနှံ ဆယ်မျိုးကို ဘောင်ဆယ်ဘောင် ပြုလုပ်လျှက်စိုက်ပျိုးပြီး ဟင်းသီးဟင်းရွက် ၀ယ်စားခြင်း အပိုကုန်ငွေများကို သက်သာစေရန် ဖြစ်ပါတယ်။ သို့သော် ရေရှားသောအရပ်ဒေသများတွင် တာဝန်ကျသော စစ်သည်များမှာ မိမိစိုက်ပျိုးထားသော အပင်များအတွက် လောင်းရန်ရေကို အသာထားလို့ မိမိတို့ သုံးရန် ချိုးရန် ရေကိုပင် အနိုင်နိုင်ပင်။ တပ်မှ ရေပေးဝေသည်ဆိုသော်လည်း အချိန်ပိုင်းမျှသာ ပေးသည့်အချိန်တွင်လည်း စစ်သည် ရဲမေများမှာ အလုအယက် တိုးဝှေနေရလေ့ရှိသည်မှာလည်း ပွဲလမ်းသဘင်ကဲ့သို့ပင်။


ရိက္ခာ ထုတ်ယူရာတွင် ထောက်ပို့ တပ်မှစပြီး အဆင့်ဆင့် ခေါင်းပုံဖြတ်လာကြသည်မှာ စစ်သည် ရဲမေများ၏ လက်တွင်းသို့ ရောက်လာသည်မှာ လေးဖက်လေတန် ပိန်လိမ်နေသော ဟန်ကောချိုင့်ဖြင့် လည်းကောင်း၊ မပြည့်သော ပြည်တောင်းများဖြင့် လည်းကောင်း မလောက်မငသော ဆန်မျှသာ။ တခြားသော ရိက္ခာများသည်လည်း ထို့အတူပင်။ မပြည့်သည်က ပိုပြီးများလေ့ရှိသည်။ မပြည့်မီသော ရိက္ခာအတွက် ဖြည့်တင်းရန် တပ်တွင်းသက်သာဆိုင်ကို ပြေးဝယ်သော်လည်း ပြင်ပဈေးနှင့် ထူးမခြားနား။ ထို့အပြင် ဖွင့်ရက်ထက် ပိတ်ရက်ကများ၊ ပစ္စည်းက ကုန်နှင့် တပ်တွင်းသက်သာဆိုင်လည်း ခြောက်ကပ်ကပ်နိုင်ပါတယ်။

စစ်သည်များ၏လစာ တိုးသည်ဟုဆိုတွင် တရိပ်ရိပ်တက်လာသော ကုန်ဈေးနှုန်းများကြောင့် မျက်ကလဲ ဆံပြာဖြစ်နေကြရသည်မှာလည်း အောက်ခြေအရာရှိ/ အရာခံ/ အကြပ်/ စစ်သည်များပါပေ။ လစာတိုးမည် ဆိုသည်နှင့် ကုန်ဈေးနှုန်းက ကြိုပြီးခုန်တက်လေ့ရှိသည်မှာ မြန်မာပြည်၏ ထုံးစံကဲ့သို့ပင်။ တချို့စစ်သည်များဆိုလျှင် လိုင်းခန်း မရရှိသည့်အတွက် နေရေးကြပ်တည်းမှုများလည်း အမြောက်အများပင်။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးချေ။ တပ်တွင်း လုပ်အားပေးကလည်း သွားလိုက်ရသေးသည်။ ဒါကလည်း တပ်မတော်၏ မူဝါဒတရပ်ဖြစ်သော “စစ်တိုက်ရန်၊ စစ်တိုက်ရန်မရှိက လေ့ကျင့်ရန်၊ စစ်တိုက်ရန်နှင့် လေ့ကျင့်ရန်မရှိက ပြည်သူ့အကျိုးပြုလုပ်ငန်း လုပ်ရန်” ဆိုသည်နှင့် ကိုက်ညီသည်ဟု မဆိုနိုင်ပါ။ မိမိတပ် သန့်ရှင်းလှပရန်သာ ဖြစ်ပါတယ်။ သို့သော် နေ့စဉ်နှင့်အမျှပါပေ။ မပြီးဆုံးသော ဖက်ထိပ် (လုပ်အားပေး) ဖြစ်ပါတယ်။ တပ်တွင်းမှ အိမ်ထောင်စုဝင် အချို့နှင့် စစ်သည်အချို့မှာ မိမိ အားလပ်ချိန်လေးများတွင် ပြင်ပသို့ထွက်ပြီး ပန်းရံ အလုပ်ကဲ့သို့သော နေ့စားလုပ်ငန်းများကို လုပ်ကိုင်နေကြရပါတယ်။

စစ်သည်တော်ကျင့်ဝတ်တွင် ပါရှိသော “မိမိဝင်ငွေနှင့် ထွက်ငွေ ညီပါစေ” ဆိုသည့်အချက်မှာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ မိသားစုဝင်များခြင်း အောက်မှာ ပျောက်ကွယ်သွားရပါတယ်။ ယခုကဲ့သို့ တပ်မတော်သားများ၏ စားဝတ်နေရေး မပြေလည်ခြင်းကို အထက်အကြီးအကဲများ မသိမဟုတ်၊ အသိပင်ဖြစ်ပါတယ်။ ထို့ကြောင့် တပ်နေပျော်နိုင်ပါမည်လား။ နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်ယူထားရသော တပ်မတော်သားများကို စားဝတ်နေရေး ဖူလုံစေပြီး တပ်နေပျော်ရန် အလေးထား ဆောင်ရွက်သင့်ပါတယ်။

စစ်တိုက်တော်ရန် ဟုဆိုရာတွင် အခြေခံလေ့ကျင့်ရေး တပ်မှစလို့ တပ်သားသစ်များကို လုံလောက်သော အချိန်ကာလအတွင်း တတ်ကျွမ်း နားလည်သင့်သော စစ်ပညာနှင့် အတွေးအခေါ်/စာရိတ္တ ဆိုင်ရာများကို အဓိက သင်ကြားခြင်း ပြုသင့်သည့်အစား သင်တန်းမှူးနှင့် သင်တန်းဆရာများ၏ နေအိမ်များတွင် အစေခံများကဲ့သို့ ခေါ်ယူစေခိုင်းခြင်းများ ရှိနေပါတယ်။ သင်တန်းကာလ (၃) လ အတွင်း အဓိကပညာရပ်များကို သင်ကြားလေ့ကျင့်ခြင်း မပြုသည့်အပြင် တပ်ရင်းတပ်ဖွဲ့များသို့ သွားရောက် တာဝန်ထမ်းဆောင်ရာတွင်လည်း စိုက်ပျိုးရေးလုပ်ငန်း/ မွေးမြူရေးလုပ်ငန်းနှင့် တပ်ခွဲမှူး အပါအ၀င် တပ်ရင်းမှူး အိမ်များတွင် သွားရောက်ကာ အစေခံပမာ လုပ်ဆောင် ပေးနေရသည်မှာလည်း စစ်တိုက်မတော်သည့် အချက်များထဲမှ တချက်ပင်ဖြစ်ပါတယ်။

တပ်မတော်သားများ နေထိုင်မကောင်းဖြစ်သည့်အချိန်တွင် လုံလောက်သောဆေးဝါးများနှင့် ထိရောက်သောကုသပေးခြင်း၊ ဂရုစိုက်မှု လျော့နည်းခြင်းကြောင့် အသက်ဆုံးရှုံးသွားကြသော တပ်မတော်သားများ ရှိခဲ့ပါတယ်။ တပ်တွင်းဖက်ထိပ် (လုပ်အားပေး) စေခိုင်းမှုမှာလည်း လိုသည်ထက်ပိုကာ အစေခံများပမာ ခိုင်းစေခံရခြင်း၊ အထက်အရာရှိများအိမ်တွင် အစေခံများ လုပ်ကိုင်ရခြင်း၊ ခွဲခြားဖိနှိပ် ဆက်ဆံကြခြင်းတို့ကြောင့် စစ်သည်များ၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ/အတွေးအခေါ် ဆိုင်ရာများကို ကျဆင်းစေသည်မှာလည်း စစ်တိုက်မတော်ရန် အကြောင်းတချက်ပင်။

တချို့သော စစ်သည်များမှာ စိတ်ဓာတ်ကျဆင်းပြီး တပ်မှ ခွင့်မဲ့ပျက်ကွက်မှု ဖြစ်ပွားနေသည်မှာ တပ်ရင်းတပ်ဖွဲ့တိုင်းတွေ့ ကြုံနေကျဖြစ်ပါတယ်။ အထက်မှအောက်သို့ ဖိနှိပ်ခြင်း၊ လုပ်အားပေးများအား မညှာမတာခိုင်းစေခြင်း၊ စစ်သည်များ၏ ရသင့်သည့်ခံစားခွင့်များ မရရှိခြင်း၊ သင်တန်းကျောင်းမှ စပြီး တိုက်/စည်းသင်တန်း ၊ အကြပ်ငယ် သင်တန်း၊ အရာခံ/အကြပ်ကြီး သင်တန်းများသည် သင်တန်းကျောင်းများအတွက် လုပ်အားပေး ခိုင်းစေရန် ခေါ်ယူခြင်းကဲ့သို့ ဖြစ်နေတာကိုလည်း သင်တန်းတက်ရောက်ဖူးသူ တပ်မတော်သားတိုင်း သိပါတယ်။ အောက်ခြေ စစ်သည်များအားလုံး စားဝတ်နေရေးခက်ခဲမှုနှင့် လေ့ကျင့်သား မပြည့်ဝမှု၊ စိတ်ဓာတ်များကို အချိုးနှိမ်ခံလိုက်ရမှုကြောင့် ယခု အောက်ခြေ စစ်သည်များသည် တပ်နေပျော်ပြီး စစ်တိုက်တော် နိုင်ပါမည်လား။ နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို စိတ်ရောကိုယ်ပါ ထမ်းဆောင်နိုင်ပါမည်လား၊ မိမိတို့ ရှေ့တန်းတွင် ကာကွယ်ရေးတာဝန် ထမ်းဆောင်နေစဉ် မိမိတို့၏ မိသားစုဝင်အတွက် စိတ်အေးရပြီလားဟု မေးခွန်းထုတ်စရာသာ တွေ့လာပါတယ်။

အထက်အကြီးအကဲများ အနေနှင့် မိမိတို့၏ ဘ၀ရှေ့ရေး ကောင်းစားဖို့ရာ စည်းစိမ် ရာထူး အာဏာကိုသာ တိုးပွားရေး တစိုက်မက်မက် လုပ်ဆောင်ခြင်းမှ ရှောင်ကျဉ်ပြီး တပ်မှူးကောင်း တယောက်အဖြစ် ပြောင်းလဲသင့်ပါတယ်။ ထို့အပြင် တပ်တွင်း စည်းရုံးရေး/တပ်ပြင် စည်းရုံးရေး များကိုလည်း မှန်ကန်သော စိတ်ထားဖြင့် ဖြောင့်မတ်စွာ ကျင့်ကြံကြပြီး ပြည်သူချစ်သောတပ်မတော်၊ ပြည်သူ့ တပ်မတော် ဖြစ်စေချင်သည်မှာလည်း တပ်မတော်သားတိုင်း၏ ရင်တွင်းဆန္ဒအမှန်ပင် ဖြစ်ပါတယ်ခင်ဗျာ။

2 comments :

  1. Anonymous said... :

    ယခုလိုအချိန်မှာ တိုင်းပြည်က ပြည်ပရန် ကြောက်စရာသိပ်မရှိဘူး အဲဒါကြောင့် အခုတပ်အတွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့တပ်သားတွေလည်း တိုင်းပြည်ကာကွယ်ဖို့ အတွက်မဟုတ်ဘဲ ကိုယ့်ပြည်သူတွေကို ပြန်ပြီးညင်းပမ်းနှိပ်စက်ဖို့နဲ့ ကိုယ်ကျိုးအတွက်ကြည့်တတ်တဲ့ အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်သက်သက်ဖြစ်နေတယ်... တပ်မတော်သားတွေဟာ..သူတို့ကိုသူတို့အာဇာနည်၊ သူရဲကောင်းကဗည်းတင်စေချင်တယ်ဆိုရင်တော့ လက်ရှိအခြေအနေကိုလဲ ကောင်းကောင်းနားလည်ပြီး ပိုင်းခြားတတ်မှာပါ.. မပိုင်းခြားတတ်ရင်တော့ တပ်မနေပျော်ရင်လည်း သူ့အမှုနဲ့သူဖြစ်သွားပြီ၊ စစ်တိုက်မတော်လို့ လူပျောက်နာမည်ပျောက် သေပါလိမ့်မယ်..

  1. Anonymous said... :

    တပ်ဆိုတာက အရင်က စစ်တပ်
    အခု တပ်စစ် ဖြစ်နေပြီ။ အထက်အကြီးအကဲတွေက
    တပ်ကောင်းဖို့ဆိုပြီး တစ်ချိန်လုံးတပ်တွေစစ်ဖို့ဘဲအားသန်
    နေတော့ တပ်ထဲကလူတွေကိုထောင်းဖို့ဘဲဖြစ်နေတော့
    တာပေါ့။ တပ်ကိုတပ်နဲ့တူအောင် မဆိုင်တာတွေ မလုပ်
    ခိုင်းဘဲ တပ်လိုထားရင် တပ်နေမပျော်စရာ မရှိဘူးထင်
    ပါတယ်။ သူများနိုင်ငံကတပ်တွေ ဘယ်လိုနေလဲ ပြန်
    ကြည့်သင့်ပါပြီ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved