မြန်မာ ၁၇၀ ကျော် ထိုင်းမှာ အဖမ်းခံရ

Thursday, June 16, 2011

သန်းထိုက်ဦး၊ ဇွန် ၁၆၊ ၂၀၁၁

ထိုင်းမှာ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေအတွက် အလုပ်သမား လက်မှတ်တွေ မနေ့ကနေ စတင်ပြီး တလတာ အတွင်း လုပ်ပေးနေပါပြီ။ ဒီလို လုပ်ပေးနေတုန်း အလုပ်သမား လက်မှတ်ရဖို့ ထိုင်းနိုင်ငံထဲ ခိုးဝင်တဲ့ မြန်မာနိုင်ငံသားတွေ၊ ပြည်နယ် တခုကနေ တခုကို ကူးတဲ့ မြန်မာအလုပ်သမားတွေ အဖမ်းခံကြရတာ ဒီရက်ထဲ ခဏခဏ ကြားနေရပါတယ်။

အခုလည်း အလုပ်သမားလက်မှတ် ရဖို့ ထိုင်းနိုင်ငံထဲ ဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၇၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

(ဓာတ်ပုံ - Manager Online)

ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ကနေတဆင့် ဘန်ကောက်မြို့ကို သွားရောက် အလုပ်အကိုင် ရှာဖွေမယ့်သူတွေကို တာ့ခ်ခရိုင်နဲ့ အယုဒ္ဓယခရိုင်တို့မှာ ဖမ်းဆီးလိုက်တာ ဖြစ်ကြောင်း ထိုင်းဘာသာနဲ့ ရေးထားတဲ့ မန်နေဂျာ အွန်လိုင်း အင်တာနက် သတင်းမှာ ဖော်ပြထားပါတယ်။

“မြန်မာနိုင်ငံသား အားလုံးက မဲဆောက်ကနေ ဘန်ကောက်ကို သွားပြီး အလုပ်သမား လက်မှတ် အသစ် စာရင်းပေးဖို့ အတွက် မြန်မာနဲ့ ထိုင်းပွဲစား အကူအညီနဲ့ သွားတာ ဖြစ်တယ်” လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အလုပ်သမား တဦးကို အရောက် ဘတ်ငွေ ၁၅၀၀၀ (လတ်တလော မြန်မာငွေ ပေါက်ဈေးနဲ့ဆို ၃ သိန်း ၇ သောင်း ၅ ထောင်) ခန့် ပွဲစားကို ပေးရကြောင်း သိရပါတယ်။

အဖမ်းခံရတဲ့ အလုပ်သမားတွေကို ထိုင်း ဥပဒေအရ အရေးယူပြီး လူဝင်မှုကြီးကြပ်ရေး (လ၀က) ကတဆင့် မြန်မာနယ်စပ်ကို ပြန်ပို့လေ့ရှိပါတယ်။

ဧပြီ ၂၇ ရက်နေ့ ထိုင်းအစိုးရ ၀န်ကြီးအဖွဲ့ အစည်းအဝေးရဲ့ အတည်ပြုချက်အရ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေမှ ရောက်လာတဲ့ တရားမဝင် အလုပ်သမားတွေကို ဇွန်လ ၁၅ ရက်နေ့က စတင်ပြီး အလုပ်လုပ်ခွင့် လက်မှတ် လုပ်ပေးနေပါတယ်။

အရင်က အလုပ်သမားလက်မှတ် ပြုလုပ်ရေးအတွက် နောက်ဆုံးရက် သတ်မှတ်ပေးစဉ် စာရင်းသွင်းရန် ပျက်ကွက်ခဲ့သူတွေ၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်း လုံးဝ မပြုလုပ်ရသေးသူတွေ အကျုံးဝင်တယ်လို့ သိရပါတယ်။

မှတ်ပုံတင်လက်မှတ်ရှိတဲ့ မိဘများဟာ အသက် ၁၅ နှစ် အောက်ကလေးတွေကို မှီခိုသူအဖြစ် ခေါ်ထားနိုင်ကြောင်း၊ ၁၅ နှစ်အထက် ကလေးများအတွက် သီးခြားလက်မှတ် ပြုလုပ်ရမှာ ဖြစ်ကြောင်း သိရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved