ပြောရတာ မောတယ် ... စာပေစိစစ်ရေးရယ် ...

Monday, June 6, 2011


မြန်မာနိုင်ငံ စာပေစိစစ်နဲ့ မှတ်ပုံတင်ဌာနရဲ့ မူဝါဒတွေ ပြောင်းသွားပြီလား၊ စာပေလွတ်လပ်ခွင့် တကယ်ရနေပြီလား ဆိုပြီး လူတွေ သို့လော သို့လော ဖြစ်နေကြပါတယ်။

ဘာကြောင့်လဲ ဆိုတော့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း မြန်မာပြည်လာတဲ့သတင်းကို ဂျာနယ်တွေမှာ ဖော်ပြခွင့် ပေးလိုက်တာကိုး။ ဒါ့အပြင် ဂျွန်မက်ကိန်းကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့သတင်းကိုပါ ဓာတ်ပုံနဲ့တကွ ဖော်ပြခွင့် ပေးလိုက် ပါသေးတယ်။ ပိုပြီး ထူးဆန်းတာကတော့ နောက်ဆက်တွဲ သတင်းအဖြစ် ခွင့်ပြုလိုက်တာပါပဲ။

ြုမန်မာပြည်က စာပေစိစစ်ရေးက နောက်ဆက်တွဲသတင်းတွေ ခွင့်မပြုတာ ကြာပါပြီ။ အခု ဂျွန်မက်ကိန်း ကိစ္စကို နောက်ဆက်တွဲ ခွင့်ပြုတယ် ဆိုတာကတော့ ထူးဆန်းတဲ့ သတင်းတပုဒ်ပါ။ ဒါတွေကို ကြည့်ပြီး စာပေလွတ်လပ်ခွင့် ရှိလာပြီ၊ ပြောင်းလဲလာပြီ ဆိုပြီး ပြောရင်တော့ ... အင်း ... ထုံးစံအတိုင်း စောပါသေးတယ်လို့ပဲ ပြောရမယ် ထင်ပါတယ်။

ဘာကြောင့်လဲ ဆိုတော့ မက်ကိန်း ကိစ္စ မတိုင်ခင်က ဂျာနယ် ၃၊ ၄ စောင်မှာ အကျဉ်းထောင်တွေက ဆန္ဒပြအကျဉ်းသားတွေ အကြောင်း ဖော်ပြတာ တွေ့လိုက်ရတယ်။ ရုတ်တရက် ကြည့်လိုက်ရင်တော့ အကျဉ်းသားတွေ ဆန္ဒပြတဲ့သတင်း ဖော်ပြခွင့်ပေးတယ် ... တယ်ဟုတ်ပါလားပေါ့ ...။ ဒါပေမယ့် သေချာဖတ်ကြည့်လိုက်မှ သူတို့က ကောင်းကောင်းထား၊ ကောင်းကောင်း ကျွေးထားပါရက်နဲ့ ဒီ အကျဉ်းသားတွေက ဆန္ဒပြနေတယ်၊ မတရားဘူးဆိုတဲ့ အဓိပ္ပာယ်အတိုင်း ရေးထားတဲ့သတင်းကို သူတို့ နိုင်တဲ့ (အပေးအယူ လုပ်ထားတဲ့) ဂျာနယ်တချို့ကို ထည့်ခိုင်းတာပါ။ အခု ဂျွန်မက်ကိန်းသတင်းကလည်း နောက်ကွယ်မှာ တခုခု ရှိပုံရပါတယ် (နိုင်ငံတကာကို စာနယ်ဇင်းလွတ်လပ်ခွင့်ရှိကြောင်း အတင်းကာရော ပြချင်တာမျိုး၊ ဒါမှမဟုတ် ဂျွန်မက်ကိန်းနဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူထားတဲ့ အမေရိကန်ကို ကြောက်တာ မျိုးပေါ့။ နောက်တခု ဖြစ်နိုင်တာကတော့ ဂျာနယ်အခြင်းခြင်း သူတော့ ဟိုသတင်းရတယ်။ သူတော့ ဒီသတင်းပဲရတယ်ဆိုပြီး ဖြစ်အောင် ရန်တိုက်ပေးတာလည်း ဖြစ်နိုင်ရဲ့)

လာမယ့် ဗုဒ္ဒဟူးနေ့ကျရင်တော့ စာပေစိစစ်ရေးက ဂျာနယ်တွေကို စည်းဝေးခေါ်ထားတယ်လို့ ကြားပါတယ်။ မူဝါဒ ပြောင်းမလို့လို့ ပြောတာပဲ။ဂျာနယ်တွေကို စည်းဝေးခေါ်တာကတော့ အမြဲ လုပ်လေ့ရှိပါတယ်။ ခေါ်တိုင်းမှာ ညွှန်ချုပ် ဆိုသူက သူပြောချင်ရာ ပြောပြီး ပြန်လွှတ်တာ ချည်းပါပဲ။ ဂျာနယ်တွေက မေးတာတွေ၊ အကြံပေးတာတွေကို တခါမှ ဖြေကြားတာ၊ လိုက်လျောတာ မရှိခဲ့ပါဘူး။ သိရသလောက်ကတော့ စာပေစိစစ်ရေးရဲ့ မူဝါဒဟာ ဘယ်တုန်းကမှ မပြောင်းခဲ့ဖူးဘူး၊ အခု ပြောင်းတယ်ဆိုရင်တော့ ကျောက်ကျည်ပွေ့ အတက်ပေါက်ကိန်းပဲ။

စာပေစိစစ်ရေးရဲ့ မူဝါဒတော့ ပြောင်းပြီဟေ့ လို့ ပြောဖို့မဆိုထားနဲ့ဦး ... ပြောင်းတော့မှာ လို့ ပြောဖို့တောင် စောသေးသလားလို့ ...။

တာတေ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved