မောင်းနေတဲ့ရထားပေါ် တက်တဲ့နည်း

Saturday, July 9, 2011



ဘော်လကန်ဒေသ မက်စီဒိုးနီးယား နိုင်ငံက Jonas ဆိုတဲ့ ခရီးသည် ရိုက်ကူးထားတာပါ။ ရန်ကုန်နဲ့ တခြားမြို့တမြို့ကို ပြေးတဲ့ ရထားက ဘူတာ တခုမှာ မရပ်ဘူး။ ဒါပေမယ့် တက်မယ့် ခရီးသည်က ရှိနေတယ်။ အထုပ်အပိုးတွေလည်း ပါပါတယ်။
ရထားပေါ်ကို အဲဒီ အမျိုးသမီး ခရီးသည် ဘယ်လို တက်သွားသလဲ ဆိုတာကို မှတ်တမ်းတင်ထားတာပါ။ ဟုတ်ကဲ့ - အထုပ်အပိုးတွေလည်း ပါသွားပါတယ်။


ဒီ ၅၁ စက္ကန့်ကြာ မှတ်တမ်းကားကို ကြည့်ပြီး -
မယုံနိုင်စရာပဲဟေ့။
မြန်မာပြည်သားတွေဟာ အရမ်း ကူညီတတ်တယ်။
ရထားဝန်ဆောင်မှုက ညံ့လိုက်တာ။
မြန်မာပြည်သားတွေက တကယ် အံ့သြစရာပဲ။
ခြေလှမ်းတချက်မှားပြီး သံလမ်းပေါ်ရောက်သွားရင်တော့ အသားတုံးတွေဖြစ်သွားမှာ။
နင်ဂျာတွေနဲ့ တူလိုက်တာ။
စသဖြင့် စသဖြင့် မှတ်ချက်ပြုကြသလို -

အာဏာရှင်တွေလက်အောက်မှာ နေထိုင်ရသူတွေကို ဘုရားသင် ကြည့်ရှု စောင့်ရှောက်ပါစေ။
ဟုတ်ပ - သူတို့ကတော့ ခပ်ပြုံးပြုံးပဲနော်။
ဒီ ဗီဒီယိုကို လူတွေဘာကြောင့် ဒီလောက်တောင် ကြည့်ကြတာလဲ။
the girl looks really sexy
အာဂျင်တီးနားမှာလည်း တချို့ ရထားတွေ ဒီလိုပါပဲ လို့ ဆိုသူတွေလည်း ရှိပါတယ်။

Myanmar Railways Company: We Will Pick you Up. လို့ ပြောင်ထားတဲ့ မှတ်ချက်ကတော့ သဘောကျစရာပါ။ ဒီလို ပြောင်ထားတာကို နှစ်သက်ကြောင်း တို့ထိထားသူက ၅၆ ယောက် ရှိပါတယ်။



ဒါကတော့ တိုကျိုက ရထား ဖြစ်ပါတယ်။ ရုံးဆင်းရုံးတက်ချိန် လူကျပ်လွန်းရင် ရထားပေါ် ခရီးသည် ပါသွားဖို့ ဘယ်လို ကူညီသလဲ ဆိုတာ တွေ့ရမှာပါ။ ၂၈ စက္ကန့်ပဲ ကြာတဲ့ ရိုက်ချက် ဖြစ်ပါတယ်။

မှတ်သားဖို့ ကောင်းပါတယ်။ မြန်မာပြည်မှာလည်း ဒါမျိုး ရထားတွေ ပေါ်လာနိုင်တာမို့ ဒီလို ကူညီပုံတွေကို အတုယူသင့်ပါတယ်။ ရထားတွဲတခုကို ၀န်ထမ်း တဦးနှုန်း ခန့်ထားပုံ ရပါတယ်။


ဒါလည်း ဂျပန်ရထားဖြစ်ပါတယ်။ ခရီးသည်များလွန်းလို့ တိုးတက်ကြရတဲ့အချိန်မှာ ရထားထွက်ဖြစ်အောင် ဘယ်လို ၀န်ဆောင်မှု ပေးတယ် ဆိုတာ ဒီ တမိနစ်စာ မှတ်တမ်းရုပ်သံမှာ တွေ့ရမှာပါ။

အပေါက်ဝ တွယ်စီးသူတွေကို နောက်ရထားစောင့်ဖို့ နားချပေမယ့် မရပါဘူး။ အမျိုးသမီး အမျိုးသား ၀န်ထမ်းတွေ ပြေးလာပြီး သူတို့ကို ရထားတွဲထဲ ရောက်သွားအောင် ကူညီပုံကတော့ မှတ်ဖွယ်မှတ်ရာပါပဲ။

ဒီမှတ်တမ်းကို ကြည့်မိသူ ဦးရေက မူရင်းစာမျက်နှာမှာတင် ၂ သန်းကျော် ရှိပါတယ်။ မှတ်ချက်ပေးသွားသူ အရေအတွက်က လေးထောင်ကျော်ပါတယ်။

2 comments :

  1. Anonymous said... :

    သည်ပို့စ်နဲ့ပတ်သက်လို့ ကွန်မန့်ပေးချင်ပါတယ်။ အရမ်းဟော့ဖြစ်သွားခဲ့ရင် အာဏာပိုင်တွေက ရထားပေါ်တင်ပေးတဲ့ မီးရထားဝန်ထမ်းတွေနဲ့ အခြား သူတွေကို စစ်ဆေးအရေးယူတာမျိုးလုပ်လာနိုင်ပါတယ်။ အဲဒါကြောင့် သည် ပို့စ်ကို တင်တဲ့သူ သတင်းဌာန အနေနဲ့ တင်ပြီး ပြီးရော သဘောမထားပဲ အခြေအနေကို ဆက်လက်စုံစမ်းစေချင်ပါတယ်။

  1. တိုကျိုသား said... :

    မမ ကို မြင်မှ မီးရထားလို့ တချို့ ကခေါ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်အချိန်လာမယ်။ ဘယ်အချိန်ရောက်မယ်ဆိုတာ အတိအကျမရှိလို့။ ဘူတာကိုဝင်လာတာကို မြင်မှသာ ရထားလာပြီးလို့ သေချာသိရလို့ပါတဲ့။ ဂျပန်က ရထားဝန်ထမ်းတွေ ၀န်ဆောင်မှုကောင်းတာတော့ မပြောပါနဲ့။ တဘူတာစာ ရထားလက်မှတ်ပိုဝယ်မိရင်တောင် ပြန်ပေးတယ်။ အကယ်၍ နောက်ဆုံးရထားနဲ့အိမ်ပြန်မယ့်သူဆို ရထားလက်မှတ်ဝယ်ဖို့အချိန်မမှီတော့ရင် ဒီအတိုင်းစီးသွား။ ရောက်တဲ့ဘူတာကျမှ ကိုယ်ဘယ်ကစီးလာတယ်ဆိုတာပြောပြီး ကျသင့်ငွေကို ရှင်းလို့တောင်ရတယ်။ ကောင်းချက်တွေကတော့ အများကြီး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved