ပြောင်းပြန်ဆိုလို့ ...

Tuesday, July 12, 2011

(ကျွန်ုပ်တို့၏ ကာတွန်းဆရာ ကိုဟန်လေးက ကာတွန်းဆွဲရုံတင်မက သူ ဟာသကို စာနဲ့လည်း ရေးမယ်ဆိုတာနဲ့ ရေးပါလို့ မြှောက်ပေးထားပါတယ်။ အခု သူရေးလာတဲ့ တပုဒ်ပါ။ နောက်တပတ်ကျမှ နောက်တပုဒ်ရေးမယ်တဲ့။ အချိန်သိပ်မရတာနဲ့ သူကိုယ်တိုင်ရေးတဲ့ သရုပ်ဖော်တော့ မတောင်းလိုက်တော့ပါဘူး။)


ထိုင်းနိုင်ငံ ဘန်ကောက်ရှိ အဆင့်မြင့် ဟော်တယ်တခုတွင် မြန်မာပြည်မှ စစ်ဗိုလ်ချုပ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ သားတစု ရောက်လာကြသည်။ ဟော်တယ်တွင် တည်းခိုသူများ အဆင်သင့် ငှားရမ်းနိုင်ရန် အတွက် အဆင့်မြင့်ကားများကို ရပ်ထားသည်။ ယင်းလူငယ်အုပ်စုက နောက်ဆုံးပေါ် မာစီးဒီးကား အမျိုးအစား ကားတစီးကို ငှားလိုကြောင်း ခရီးရောက်မဆိုက် မန်နေဂျာဖြစ်သူကို ပြောသည်။

ဟော့ဟော့ ရမ်းရမ်း ပုံပန်းများကို ကြည့်၍ မန်နေဂျာက မငှားရမ်းလိုချေ။ သို့သော် ဒေါ်လာငွေ သောင်းထုပ်ကို စပေါ်အဖြစ် ထုတ်ပေးလိုက်ရာ မန်နေဂျာဖြစ်သူမှာ မတတ်သာ၍သာ ငှားရမ်း လိုက်ရသော်လည်း ကားထွက်ချိန်အထိ ...

“ကျနော်တို့ ဆီမှာ ကားမောင်းတာ ခင်ဗျားတို့နဲ့ မတူဘူးနော်၊ ပြောင်းပြန်တွေပဲ၊ သတိထားမောင်းနော်” ဟု မန်နေဂျာက စိတ်ပူပန်စွာဖြင့် တတွတ်တွတ် ပြောကြားနေသည်။

“စိတ်ချစမ်းပါ၊ ကျုပ်တို့က ကားမျိုးစုံ မောင်းလာခဲ့တာ” ဟု ဆိုကာ ၀ူးခနဲ ကားကို မောင်းထွက်သွားလေသည်။

လမ်းထိပ်သို့ အရောက် ဂျိမ်းခနဲအသံကြောင့် မန်နေဂျာက အပြေလိုက်ကြည့်ရာ ကားတခုလုံးမှာ ရစရာမရှိ ပျက်စီးသွားသော်လည်း ကား၏ စိတ်ချ ယုံကြည်ရမှုကြောင့် လူငယ်များမှာ ဒဏ်ရာပြင်းထန်စွာ မရကြပေ။

“ကျုပ်ပြောသားပဲ ကြည့်မောင်းကြပါဆိုတာ” ဟု မန်နေဂျာက ပြောရာ ယာဉ်မောင်းသူ လူငယ်က “ကြည့်မောင်းတာပဲဗျ။ ခင်ဗျားပဲ ပြောင်းပြန်မောင်းဆိုတော့ ကျုပ်လည်း မီးနီတာနဲ့ စထွက်လိုက်တာပဲ” ဟု ချေပလိုက်လေသတည်း။

ဟန်လေး

1 comments :

  1. Anonymous said... :

    မောင်ကောင်းထိုက် စာအုပ်ထဲက နယူးရပ်ရှင် အကြောင်းဖတ်ဖူးပါတယ်။ ခေတ်သစ်ရုရှား လန်ဒန်သွား ဟာသဖြစ်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved