တရုတ်ပြည်က ပန်းသီးဆိုင် အတု

Friday, July 22, 2011


တရုတ်က ကြက်ဥ အတုကနေ ဒလိုင်းလားမား အတုအထိ စွမ်းနိုင်တဲ့သူ ဖြစ်ပါတယ်။ အခုလည်း တရုတ်ပြည် ကူမင်းမှာ ပန်းသီးဆိုင်အတု ဖွင့်ထားတယ်လို့ ဘလော်ဂါတယောက်က စပြီး ဖွလိုက်ပါပြီ။

ယူနန်ပြည်နယ်မှာ နေတဲ့ အမေရိကန်နိုင်ငံသား ဘလော်ဂါက သူ့ရဲ့ Bird Abroad ဘလော့ဂ်ကနေ ပုံတွေနဲ့ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ပန်းသီးက စားလို့ရတဲ့ ပန်းသီးတော့မဟုတ်၊ အဲဒီထက် ဈေးကြီးတဲ့ Apple အိုင်တီ ပစ္စည်းတွေပါ။

အဲဒါနဲ့ သတင်းဌာနတွေကလည်း သတင်းလိုက်ပြီး ရေးကြတာ ဖတ်ရပါတယ်။ AP သတင်းဌာနကတော့ iFraud ဆိုပြီး ရေးပါတယ်။ အယ်လ်ဂျာဇီးယားကတော့ “ပန်းသီးဆိုင်အတု တရုတ်မှာ ရှာတွေ့” ဆိုပြီး ရေးပါတယ်။

Bird Abroad က ပုံတွေအရတော့
အဲဒီ Apple Store ဆိုပြီး နာမည်တပ်ထားတဲ့ ဆိုင်မှာ အရောင်းဝန်ထမ်းတွေကအစ ကတယ့် ပန်းသီးစတိုးဆိုင်က အတိုင်းပါပဲ။ လိုဂိုတွေလည်း အတူတူပဲ။ ကမ္ဘာတလွှားက Apple ကွန်ပြူတာဆိုင်တွေ အတိုင်းပါပဲတဲ့။

ကူမင်းက တရားဝင် ရောင်းခွင့်ရဆိုင် ၁၃ ဆိုင်ရှိပေမယ့် ဘယ်ဆိုင်ကမှ ဆိုင်နာမည်ကို Apple Store လို့ နာမည် မတပ်ကြပါဘူးတဲ့။

အမေရိကန် ကယ်လီဖိုးနီးယားအခြေစိုက် Apple ကုမ္ပဏီက ပြောခွင့်ရသူကတော့ ဒီ တရုတ် ပန်းသီးဆိုင် အတုအပေါ် တစုံတရာ မှတ်ချက်မပေးပါဘူး။ Apple တရားဝင် အရောင်းဆိုင်တွေကို ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုဒ်မှာ ကြည့်ကြပါလို့ပဲ ပြောပါတယ်။

တခြား ကွန်ပြူတာ အရောင်းဆိုင်က တဦးက အဲဒီဆိုင်အတုကို တကယ့် Apple တရားဝင်ဆိုင် မဟုတ်မှန်း ဖောက်သည်တွေက မသိကြဘူးလို့ ဆိုပါတယ်။ ကူမင်းမှာ ဒီလို ဆိုင်အတုတွေ များလာကြောင်း၊ အဲဒီဆိုင်တွေက ရောင်းတဲ့ Apple ထုတ်ကုန်တွေက စစ်ကောင်းစစ်မယ်၊ ဒါပေမယ့် တရားမဝင် တင်သွင်းလာတာတွေဖြစ်ပြီး ဈေးလည်း ပိုကြီးကြောင်း အဲဒီ ကွန်ပြူတာ အရောင်းဆိုင်က ပြောပါတယ်။

အခု တွေ့ရတဲ့ ပန်းသီးဆိုင်အတုမှာရောင်းတဲ့ Apple ထုတ်ပစ္စည်းတွေက အတုလား အစစ်လားတော့ မသိရသေးပါဘူး။

Ref: Bird Abroad Blog , Aljazeera
ဓာတ်ပုံ - Bird Abroad Blog

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved