လည်ချောင်းကင်ဆာ ဝေဒနာကို ခံစားနေရရှာတဲ့ ပန်းချီဆရာကြီး ရာဟုလာ (အသက် ၆၇နှစ်) ဟာ ဒီကနေ့ ၃၁ ရက် ၇ လ ၂၀၁၁ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်မှာ ကွယ်လွန်သွားပါပြီ။ မင်းကွန်းမှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားတာပါ။ သြဂုတ်လ ၁ ရက်နေ့ နေ့လည် ၃နာရီမှာ သင်္ဂြိုလ်ပါမယ်။
တိုက်တိုက်ဆိုင်ဆိုင် ဇူလိုင်လ ၂ ရက်နေ့တုန်းကပဲ ဧရာဝတီက ပန်းချီဆရာကြီး ရာဟုလာနဲ့ သွားရောက်တွေ့ဆုံပြီး သူ့အကြောင်း ဆောင်းပါး တပုဒ် ရာဟုလာ သို့မဟုတ် ဝေဒနာများနဲ့ ပန်းချီဆရာဆိုပြီး ရေးခဲ့ပါသေးတယ်။
သူပန်းချီဆွဲတာနဲ့ ပတ်သက်ပြီး “လူတွေကတော့ ရူးတယ်ပြောကြတယ်။ ရောင်းရမယ့် ကားတွေ မရေးဘူး၊ ဘာတွေ လျှောက်ရေးမှန်း မသိဘူးလို့ အမြဲပြောတယ်။ ကျနော်က အခုအချိန်ထိ စိတ်ထဲ ရှိတာပဲ ရေးတယ်။ လူတွေက ကျနော့်ကို ပန်းချီဆရာ အဖြစ်တောင် အသိအမှတ်မပြုပါဘူး။ အရူးပဲ လို့တောင်ပြောကြတယ်” ဟုပြောရင်း ရယ်သည်လို့ ဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။
“ဒီကြားထဲမှာ ဆိုက်ကားနင်းရင်း၊ ဈေးရောင်းရင်း ပင်ပန်းပါတယ်ဗျာ။ ကုန်ကုန်ပြောရင် အရက်တောင် ချက်ရောင်းခဲ့ရတဲ့ ဘဝတွေ။ အဲဒါက ဒီဘက်က ဘဝပေးတဲ့ ဝမ်းစာလို့သတ်မှတ်ပါတယ်။ ကျနော်တို့မှာ စားစရာမရှိလို့ ကျောင်းတွေ၊ ဘုရားပွဲတွေက အိမ်သာ တွေမှာ ကျား၊ မ လို့လည်း လိုက်ရေးရပါတယ်” ဟု သူက ပြောခဲ့ပါတယ်။
အမည်ရင်း ဦးအောင်မြင့် ဖြစ်ပြီး ရွှေဘို ဇာတိဖြစ်ပါတယ်။ သူဟာ ၁၉၅၇ ခုနှစ် ၅ တန်း ကျောင်းသား ဘ၀ကတည်းက နိုင်ငံရေးကို စိတ်ပါဝင်စားခဲ့ပြီး ကွန်မြူနစ်ဝါဒကို သက်ဝင်ယုံကြည်သူ သခင်စိုးရဲ့ တပည့်ဖြစ်ခဲ့ပါတယ်။
၁၉၆၂ ခုနှစ်မှာ နိုင်ငံရေးမှုနဲ့ အင်းစိန်ထောင်တွင် ၄ နှစ်၊ ကိုကိုးကျွန်းတွင် ၃ နှစ်နှင့် ၂ လ ကြာ နေထိုင် ခဲ့ရပါတယ်။
မြန်မာပြည်မှာ ဆင်းရဲပင်ပန်းစွာနဲ့ ဘဝနိဂုံးချုပ်သွားကြတဲ့လူတွေ မရေတွက်နိုင်အောင်များပြားတယ်။
ကောင်းရာသုဂတိလားပါစေ။