နော်ဝေ အကြမ်းဖက်၊ အစုလိုက်အပြုံလိုက် သတ်မှု

Saturday, July 23, 2011

အော်စလိုမှာ ဗုံးကွဲပြီးနောက်


သောကြာနေ့ကတော့ နော်ဝေရဲ့ အိပ်မက်ဆိုး မက်တဲ့ နေ့ပါပဲ။ မြို့တော် အော်စလိုမှာ ပြင်းထန်တဲ့ ဗုံးကွဲပြီး တဆက်တည်း ကျွန်းတခုမှာ လူ ၈၄ ယောက်လောက် သေဆုံးတဲ့ သေနတ်ပစ်ခတ်မှု ဖြစ်သွားလို့ပါပဲ။

နော်ဝေနိုင်ငံက Utoya ကျွန်းမှာ လူငယ်စခန်းတခုအတွင်း သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၈၄ ယောက်သေဆုံးပါတယ်။ နော်ဝေရဲ့မြို့တော် အော်စလိုမှာ ဗုံးကွဲပြီး မကြာခင်မှာ အဲဒီလို ပစ်ခတ်မှု ဖြစ်တာပါ။ သေနတ်ပစ်မှုရော ဗုံးကွဲမှုနဲ့ပါဆို လောလောဆယ် သိရသလောက် ၉၁ ယောက် သေပါတယ်။

ဒီအကြမ်းဖက်မှုတွေက ဘယ်သူ့လက်ချက်ဆိုတာ နော်ဝေရဲတပ်ဖွဲ့က သေချာ မပြောသေးပေမယ့် နော်ဝေနိုင်ငံသား တယောက်ကိုတော့ ဖမ်းထားပြီလို့ ဆိုပါတယ်။

တရားရေးဝန်ကြီး Knut Storberget က “ကျနော်တို့ တယောက်ကို ဖမ်းထားပါပြီ။ ဖြစ်ပျက်သွားတာတွေနဲ့ ပတ်သက်ပြီး ဆက်စပ်မှုနဲ့ အရေးယူမှာ ဖြစ်ပါတယ်။ သူကိုတော့ နော်ဝေသားအဖြစ် သိထားပါတယ်။ သိသမျှ ဒီလောက်ပါပဲ။ သူ့အကြောင်း အသေးစိပ်ပြောဖို့က ကျနော့်တာဝန် မဟုတ်ပါဘူး” လို့ ပြောပါတယ်။

နော်ဝေက TV2 က အဲဒီလူဟာ Anders Behring Breivik ဖြစ်ပြီး “နော်ဝေအရှေ့ပိုင်းက လက်ယာ အစွန်းရောက် အုပ်စုအဖွဲ့ဝင်” ဖြစ်တယ်လို့ ထုတ်လွှင့်သွားပါတယ်။

ဖမ်းဆီးထားတဲ့ သံသယရှိသူ နော်ဝေနိုင်ငံသား

အော်စလိုမြို့က ဝန်ကြီးချုပ်ရုံး ဗုံးကွဲပြီး နာရီပိုင်းအကြာမှာ လေဘာပါတီက ဖွင့်ထားတဲ့ နွေရာသီ လူငယ်စခန်းမှာ ပစ်ခတ်မှု ဖြစ်ပွားတာ ဖြစ်ပါတယ်။ အဲဒီစခန်းမှာ လူ ၅၀၀ လောက်ရှိနေပြီး အများစုက ဆယ်ကျော်သက်တွေပါ။

အယ်လ်ဂျာဇီးယား သတင်းအရ ပစ်ခတ်တဲ့လူဟာ ရဲအရာရှိဝတ်စုံကို ဝတ်ဆင်လာပြီး သူက စခန်းလုံခြုံရေးအတွက် လာတယ်လို့ ပြောကြောင်း ဒေသခံရဲတဦးကို ကိုးကားဖော်ပြပါတယ်။ ဖောက်ခွဲရေး ပစ္စည်းတွေလည်း ကျွန်းပေါ်မှာ တွေ့ရတယ်လို့ ဆိုပါတယ်။



ဒဏ်ရာရသူတွေကို ခေါ်ယူဖို့ လူနာတင် လေယာဉ် လေးစင်း၊ လူနာတင်ကား အစီး ၂၀ လောက် သွားရောက်ရပါတယ်။ လူတချို့က ရေထဲကို ခုန်ချပြီး ရေကူးပြေးတာကြောင့် ရေထဲမှာ လိုက်ဆယ်ရပါတယ်။
နော်ဝေ ဝန်ကြီးချုပ် Stolenberg ကတော့ အော်စလို ဗုံးကွဲမှုမှာ ဒဏ်ရာ တစုံတရာ ရခြင်း မရှိကြောင်းနဲ့ နောက်တရက်မှာ Utoya ကျွန်းကို သွားရောက်လည်ပတ်ဖို့ အစီအစဉ် ဆွဲထားပါတယ်။

ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က အော်စလိုမှာ ရုံးစိုက်တာပါ။ DVB က ဂျာနယ်လစ် ကိုသန်းဝင်းထွဋ်ကတော့ သူ့ရဲ့ဖေ့စ်ဘုတ်မှာ ဗုံးပေါက်ကွဲတဲ့ အစိုးရရုံးဟာ DVB ရုံးကနေ ၂ မိနစ် ၃ မိနစ်လောက် လမ်းလျှောက်သွားရင် ရောက်တဲ့နေရာဖြစ်ကြောင်း၊ ဆူညံသံတွေကြားရပြီး တံခါးတွေ၊ မှန်တွေ ၃ စက္ကန့် ၄ စက္ကန့်လောက် လှုပ်ခါသွားကြောင်းနဲ့ DVB အဖွဲ့သားများ ဘေးကင်းစွာရှိကြောင်း ရေးထားပါတယ်။

နော်ဝေဟာ ချမ်းသာတဲ့ ဥရောပနိုင်ငံဖြစ်ပြီး အကြမ်းဖက်မှု မရှိတဲ့နိုင်ငံလို့ အများက သိထားကြပါတယ်။ အခုအကြမ်းဖက်မှုကြောင့် လူတွေ အတော် တုန်လှုပ်သွားကြပါတယ်။ အမေရိကန် သမ္မတ အိုဘားမား သူတို့လည်း အသေးစိတ် မသိသေးကြောင်းနဲ့ သေကြေဒဏ်ရာရသူ နော်ဝေနိုင်ငံသားအတွက် စိတ်မကောင်းပါကြောင်း ပြောသွားတာ ရုပ်သံမှာ မြင်လိုက်ရပါတယ်။

Ref: AP, Nwe York Times, Aljazeera

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved