မြန်မာ့ဒီမိုကရေစီရေးတိုက်တွန်းဖို့ အိန္ဒိယကို အမေရိကန်ပြော

Wednesday, July 20, 2011

အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့က အန်နာစန်တန်နရီ စာကြည့်တိုက်မှာ မိန့်ခွန်းပြောနေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (ဓာတ်ပုံ - AFP)


အိန္ဒိယကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အိန္ဒိယအစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ပေါင်းပြီး စီးပွားရေးလုပ်တာလည်းလုပ်၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ရဖို့၊ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေရပ်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့တွေကိုလည်း ပြောပါအုံး၊ တိုက်တွန်းကြပါအုံးလို့ ဒီနေ့ ပြောလိုက်ပါတယ်။

အာရှပစိဖိတ်ဒေသမှာ အိန္ဒိယဟာ အင်အားကြီးနိုင်ငံဖြစ်တယ်၊ ဒီမိုကရေစီအင်အားကြီးနိုင်ငံလည်းဖြစ်တယ်၊ ဒါ့ကြောင့် အိမ်နီးချင်းနိုင်ငံမှာ ဒီမိုကရေစီမရှိတာ၊ လူ့အခွင့်အရေးချိုးဖောက်နေတာတွေကို ဖွင့်ဟပြောဆိုဖို့၊ အဲ့ဒီနိုင်ငံက အစိုးရက တိုက်တွန်းဖို့ဟာ တာဝန်တခုဖြစ်တယ်လို့ သူကပြောပါတယ်။

ဟီလာရီကလင်တန်ဟာ ဒေသတွင်းလုံခြုံရေးကိစ္စတွေ ဆွေးနွေးဖို့ အိန္ဒိယကိုရောက်နေတာပါ။

၂၀၁၀ နိုဝင်ဘာလ၊ သမ္မတအိုဘားမား အိန္ဒိယကိုလာတုန်းကလည်း ဒီလိုပဲအိန္ဒိယအစိုးရကို မြန်မာ့အရေးအတွက် ပြောဆိုဖို့တိုက်တွန်းပြီး၊ အိန္ဒိယအစိုးရက မြန်မာ့ဒီမိုကရေစီရေးနဲ့ပတ်သက်လာရင် ရေငုံနှုတ်ပိတ်နေတာကို ဝေဖန်ခဲ့ပါသေးတယ်။

မြန်မာအစိုးရနဲ့ စီးပွားရေး၊ စစ်ရေးတွေပူးပေါင်းမှု တိုးမြင့်လာနေတဲ့ အိန္ဒိယအစိုးရအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေး၊ မြန်မာ့လူ့အခွင့်အရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေအရေးကို ဘာတွေများပြောလာမလဲဆိုတာကိုတော့ စောင့်ကြည့်ရပါအုံးမယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved