ချယ်ရီပြောတဲ့ ကာတွန်းထဲက ဦးသိန်းစိန်

Tuesday, July 26, 2011

မချယ်ရီဇာဟောင်း (ဓာတ်ပုံ - www.nd-burma.org)

ထိုင်ခုံမြင်ရင် မနေနိုင်တဲ့ ဦးသိန်းစိန်ကို ကာတွန်းဟန်လေးက “ဒီခုံကို မောင်ထိုင်မယ်” ဆိုတဲ့သဘော ကာတွန်းဆွဲ ပုံဖော်ထားပါတယ်။ မနေ့ကပါ။
ဒီကာတွန်းကို မချယ်ရီဇာဟောင်း က မှတ်ချက်ပေးထားပါတယ်။
ASEAN's another shame and failure to keep appeasing the covered-up
criminals. Another disappointment from the people of Burma ! တဲ့။
သူက HREIB လို့ ခေါ်တဲ့ လူ့အခွင့်အရေးပညာပေး ဌာန (မြန်မာနိုင်ငံ) ဆိုတဲ့အဖွဲ့ကပါ။
ဒီကာတွန်း စိတ်ဝင်စားတဲ့သူ့ကို ဧရာဝတီက မေးခွန်း သုံးလေးခု အခုလေးတင် မေးထားပါတယ်။

သမ္မတကြီး ဦးသိန်းစိန်က ပုဆိုးခါးတောင်းကျိုက်ပြီး အာဆီယံဥက္ကဋ္ဌထိုင်ခုံပေါ် တက်ဖို့ အပြတ် ကြိုးစားနေတယ်၊ တကယ်လို့ အောင်မြင်သွားရင် ဒါဟာ မြန်မာပြည်သားတွေအတွက် ဂုဏ်ယူစရာလို့ ပြောနိုင်တယ် မဟုတ်လား။
ဦးသိန်းစိန်က ဘယ်လိုလုပ်ပြီး သမ္မတဖြစ်သွားလဲ ဆိုတာ ပြန်ကြည့်ရမှာပေါ့။ သူက အင်မတန်မှ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ၊ စစ်တပ်ကလူတွေ အနိုင် မရရ ရအောင်ဖန်တီးခဲ့တဲ့ရွေးကောက်ပွဲကတဆင့် သမ္မတဖြစ်လာတယ်။ ပြည်သူလူထု ရွေးချယ်တဲ့ သမ္မတ ဟုတ်မဟုတ် ဆိုတာတော့ အားလုံး သိနေပြီးသား။ ဒီလိုလူက အာဆီယံထိုင်ခုံမှာ ထိုင်မယ် ဆိုရင် မြန်မာပြည်သူပြည်သားတွေ ၀င့်ကြွားနိုင်မယ် မထင်ဘူး။ မြန်မာပြည်သူပြည်သားတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဒါမှမဟုတ် သူတို့ အင်မတန်မှ နှစ်သက်တဲ့ လေးစားတဲ့ ခေါင်းဆောင် ဆိုရင်တော့ ၀င့်ကြွားနိုင်မယ်။ ဦးသိန်းစိန်က ဒီလိုပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။ ဘယ်သူကမှ ဒါကို လက်ခုပ်တီးပြီးကြိုဆိုလိမ့်မယ်လို့ ကျမ မထင်ဘူး။

ဒါဆို မြန်မာပြည်က ဥက္ကဋ္ဌထိုင်ခုံ ရသွားရင် အာဆီယံကရော ဂုဏ်မယူနိုင်ဘူးလား။ ကာတွန်းထဲမှာ ၀န်ကြီးကလင်တန်က ဦးသိန်းစိန်ကို တားနေတယ်၊ ခုံမှာ မထိုင်ဖို့။ အာဆီယံဆရာတွေရဲ့ ပုံစံကတော့ အေးအေးဆေးဆေးပဲ ဆိုတာ တွေ့ရတယ်။
ဦးသိန်းစိန်က ဒီထိုင်ခုံမှာ ထိုင်မယ် ဆိုရင် အာဆီယံရဲ့ ဂုဏ်သိက္ခာ တခုလုံး ပြုတ်ကျသွားမယ်။ ဘာဖြစ်လို့လဲဆို အာဆီယံက လူထုကို အခြေခံတဲ့အဖွဲ့ဖြစ်တယ်၊ ကျမတို့ မြန်မာပြည်သူလူထုအသံ နားမထောင်ဘဲ ဦးသိန်းစိန်နဲ့ သူ့လူတွေအသံကိုပဲ နားထောင်နေတယ်။
ဦးသိန်းစိန်ကို ဒီခုံမှာ ထိုင်ခိုင်းမယ် ဆိုရင် သန်း ၅၀ ကျော်ရဲ့ ဆန္ဒကို အာဆီယံက ငြင်းပယ်သလို ဖြစ်နေတယ်။

ဒီကာတွန်းနဲ့ ပတ်သက်ပြီး ဧရာဝတီကို ပို့ထားတဲ့ မချယ်ရီရဲ့ မှတ်ချက်မှာ ဦးသိန်းစိန်ကို Criminal ရာဇ၀တ်ကောင် ဆိုပြီး ဖော်ပြထားတယ်။ သမ္မတကြီး ဦးသိန်းစိန်က ဘာကြောင့် ရာဇ၀တ်ကောင် ဖြစ်နေရတာလဲ။
မြန်မာနိုင်ငံမှာ ကချင်ဒေသမှာ စစ်ပွဲတွေ ဖြစ်နေတယ်၊ တိုက်ပွဲတွေ ဖြစ်နေတယ်၊ ဒါကို မတားဘူး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတာကို လက်ပိုက်ကြည့်နေတဲ့ နိုင်ငံခေါင်းဆောင်ကို ဥပဒေအရ တရားစွဲဆိုသင့်တယ်။

ဘာကြောင့်လဲ။
ဘာလို့လဲဆို သူတို့ဆီမှာ တာဝန်ရှိနေတယ်။ တိုက်ပွဲဖြစ်နေတာကို ရပ်တန်းကနေရပ်ဖို့ သူတို့မှာ အာဏာလည်း ရှိတယ်၊ တာဝန်လည်း ရှိတယ်၊ ဒါကို မလုပ်တဲ့အတွက် ကျမက လူ့အခွင့်အရေးဥပဒေရှုဒေါင့်က ကြည့်ပြီးတော့ ဒီလို မှတ်ချက်ပေးလိုက်တာပါ။


1 comments :

  1. Anonymous said... :

    မြန်မာပြည်မှာ လူ့ အခွင့်အရေး အတွက် ဆို ကိုရွှေတရုတ် တို့က ပိုတောင်မှ သဘောကျသေးတယ်
    ကြည့်ပါလား ကာတွန်းထဲမှာတောင် အနေသာကြီးပဲလေ
    တကယ်က အများသိတဲ့အတိုင်း မြန်မာနိုင်ငံမှာ လူ့ အခွင့်အရေးက ရနေတာကြာပါပြီ
    လူ့ (တရုတ်) တို့ အတွက် အခွင့်အရေးတွေလေ
    ပြီးတော့ လု ယူထားတဲ့ အခွင့်အရေး အာဏာတွေလေ
    ငါတို့ မြန်မာနိုင်ငံလည်း လု ယူတဲ့ အကျင့်ဟာ ကိုယ့်နိုင်ငံတောင်မကတော့ဘူး
    အာဆီယံ (အရှေ့တောင်အာရှ) ကိုတောင် ချဲ့ထွင်နိုင်ပါတယ်
    တော်ပါပေတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved