ခေတ်မမီဘူး ဘယ်သူပြောလဲ

Wednesday, July 13, 2011


ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီကို သွားနေတယ် ဆိုတာ တယ်မှန်တာကိုး။ ခေတ်မမီဘူး ဘယ်သူပြောမလဲ HIV ဆိုလည်း HIV လိုက်တာပဲ၊ ဘီပိုး၊ စီပိုး ဆိုလည်း ပိုးလိုက်တာပဲ။ ကြက်ငှက်တုပ်ကွေး ဆိုပြန်တော့လည်း နောက်မကျစေရဘူး ... မြန်မာက ကမ္ဘာကို အမီလိုက်ပြီးသား။ သူက တခုတောင် ပိုသေး ... ကြက်သားဈေးတွေကျတော့ ဝယ်စားလိုက်ကြတဲ့ မြန်မာတွေ ... ရောဂါဖြစ်နေတဲ့ ကြက်ကို ကျက်အောင်ချက်စားရင် လူကို မကူးစက်ဘူးဆိုတာကို ပညာပေးစရာတောင် မလိုဘူး ... အလိုလိုကို သိနေတာ။ အဲဒီလောက်ကို ခေတ်မီတာပါ။

နောက်တခါ ဝက်နားရွက်ပြာ ဖြစ်ပြန်ရော ... မြန်မာ မပါလို့ ဘယ်ဖြစ်ပါ့မလဲ။ ဝက်တွေလည်း နားရွက် ပြာလိုက်တာပဲ (တကယ်လို့ မပြာရင်တောင် နားရွက်တွေကို ဆေးဆိုးချင်ဆိုးဦးမှာ) ဟော ... အဲဒီမှာ ဝက်သားဈေးတွေ ကျပြန်တော့ ဝယ်စားကြပြန်ရော ... ဆရာဝန်က ကျက်အောင်ချက်စားလို့ရတယ်လို့ ပြောတာနောက် ... မြန်မာတွေ ခေတ်မီပုံများကတော့ လိုက်ရင်တောင် မမီလောက်ဘူး။

ကဲ အခုလာပြန်ပြီ အီကိုလိုင် တဲ့ ... ဥရောပမှာ အန္တရာယ်အကြီးအကျယ် ပေးနေတဲ့ပိုး ... တဲ့ ... လာထားပဲ။ ဘယ် အိမ်နီးချင်း နိုင်ငံမှ မတွေ့ခင် မြန်မာကွ ဆိုပြီး အရင်တွေ့တယ်ဆိုတာကို ဦးတာလေ။ ကိုတာတေ ဒီလို ပြောတော့ အဝှာတို့က ဆောင်ပုဒ်အသစ်တောင် ထုတ်ချင်မလား မပြောတတ်ဘူး “ကမ္ဘာ့ရောဂါ မြန်မာကို လွှမ်းရမည်” ဆိုပြီးတော့ပေါ့။ ဖုန်းဆက်မေးကြည့်တဲ့ အိမ်ရှင်မတွေကတော့ ပြောပါတယ် ... သူ့ဘာသာ အီကိုလိုင်လိုင်၊ အီကိုလာလာ ... အီကိုဂွတ်ဖို့ အရေးကြီးတယ်တဲ့ ...။ စီးပွားရေးကောင်းဖို့၊ ကုန်ဈေးနှုန်း ကျဖို့ကို ပြောတာ ထင်ပါရဲ့ ... အိမ်ရှင်မတွေကတော့ ဝက်နားရွက်ပြာတို့ ကြက်တုပ်ကွေးတို့လောက် အဲဒီ အီကိုလိုင်ကြီးကို စိတ်မဝင်စား အားပါဘူး။ ဟိုဟာတွေကမှ ဈေးကျလို့ စားလို့သောက်လို့ရသေးတယ် မဟုတ်လား။ ဒါကြီးက စားလို့လည်းမရ၊ ဘာကြီးမှန်းလည်းမသိ။

ဒါပေမယ့် ကိုတာတေကတော့ ဂုဏ်ယူတယ် ... ဘောလုံးကို ဘယ်သူနဲ့ကန်ကန် ဘယ်လောက်ပဲရှုံးရှုံး ... ရောဂါတော့ တို့အရင်ဦးတယ်ဟေ့လို့ ကြွေးကျော်လို့ရတာပေါ့ ... ဟုတ်ဘူးလား။

တာတေ

10 comments :

  1. အိုပါး (ခေတ္တကိုရီးယား) said... :

    ရောဂါပိုးတွေ့တာ ဟာသလုပ်စရာ မဟုတ်ပါ

  1. Anonymous said... :

    ဟာသ လုပ်တာ မဟုတ်ပါဘူး၊တို့မြန်မာနိုင်ငံမှာ ပြည်သူလူထုကို ကျမ်းမာရေးစောင့်ရှောက်မှုနှင့်ဝန်ဆောင်မှုတွေဟာ သူများနိုင်ငံတွေထက် အများကြီး နိမ့်ကျလို့ ရေးတာနေမှာပါ၊ July 13,2011 23:56 PM.

  1. bbbbbbb said... :

    ဒါဒို့တိုင်းဒို့ပြည်......

  1. bbbbbbb said... :

    ဒါ ဒို့တိုင်းဒို့ပြည်.....

  1. Dr. မန္တလာ said... :

    သတင်းတွေ ကြည့်လိုက်ရင် အီကိုလိုင်း အီကိုလိုင်းနဲ့ ဒါပဲ ရေးထားကြတယ်။ မသိရင် ရောဂါအဆန်းလိုလို ဘာလိုလိုနဲ့။ အီကိုလိုင်းဆိုတာ ၀မ်းကိုက်ပိုးဆိုတာ ဘာလို့ ရှင်းအောင်မရေးကြတာလဲ။ သတင်းထောက်တွေကိုယ်တိုင်က နားမလည်တာလား။ မသိတာလား။ အီကိုလိုင်းဆိုတဲ့ ၀မ်းကိုက်ပိုး ဟိုးအရင်ကတည်းက မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ ရာဇ၀င်တွေ အများကြီးပါ။ ကပ်ဘေးလိုကို အစုလိုက်အပြုံလိုက်ဖြစ်တာပါ။ တီဘီရောဂါ တကြော့ပြန်လာသလိုမျိုး အခုလည်း အီကိုလိုင်း တကြော့ပြန်လာတာမျိုးပါ။ မသိနားမလည်ရင် သိနားလည်တဲ့သူတွေကို မေးပါ။ ပညာရှင်တွေရဲ့ ရှင်းပြချက်တွေကို သတင်းမှာ ထည့်ပါ။ ပညာပေးပါ။ ဘိုလိုတွေချည်း ဇွတ်မှုတ်နေပြီး လူထုကို နဝေတိမ်တောင်ဖြစ်အောင် မလုပ်ကြပါနဲ့။

  1. Anonymous said... :

    ၉၆ ပါးသောရောဂါပိုးတွေကို တွေ့တယ်လို့ ကြေငြာမှာပေါ့ဗျ။
    ဒါမှ WHO လိုအဖွဲ့အစည်းကနေပြီး ထောက်ပံ့ကြေးရမှာလေ။
    သူတောင်းစားစိတ်ဓာတ်ပေါ့ဗျာ။ ဟတ်..ဟတ်။ အိုပါး(ခေတ္တကိုးရီးယား)ကိုမေးကြည့်ပါလား။ ဟာသမလုပ်ကြနဲ့နော်..ဟင်းးဟင်းး ထောက်ပံ့ကြေး မရဘဲ နေမယ်။

    ပုံ
    သိန်းပိန်

  1. Dr. min said... :

    DR,မန္တလာပြောတာအရမ်း အရမ်းကိုမှန်ပါတယ်

  1. zinko said... :

    မသိလဲ အေးဆေးနေကြဘူး သိပ်လျှာရှည်ကြတယ် ကိုတာတေက စာပြောင်ရေးတာ ....(အားပေးလျက်ပါ ကိုတာတေ)

  1. Anonymous said... :

    ဟီ။ အေအိုင်ဒီအက်စ် နှင့်ကင်ဆာကို အမြစ်ပြတ် ကုနိုင်တာလဲ မြန်မာတစ်နီုင်ငံတည်းပဲ ရှိတယ် မယုံရင် မဂ္ဂဇင်းကြော်ငြာတွေမှာ ကြည့် ကင်ဆာ အမြစ်ပြတ်။ ကိုယ်ခံအားနည်း ရောဂါ အမြစ်ပြတ်တဲ့  မြန်မာဆေးဆရာတွေ စွမ်းပုံများ

  1. Aung Koe said... :

    အီးကိုလိုင်း ဆိုတာ အပေါ်က ပြောသလိုပဲ သွေးနွေး သတ္တ၀ါတွေရဲ့ မစင်မှာ လူ အပါ အ၀င်ပေါ့ ၇ှိနေပါတယ်။
    အစားအသောက်မှာ အီးကိုလိုင်း တွေ့တယ် ဆိုတာက ယေဘုယျ အားဖြင့် အဲဒီအစာ ထုတ်လုပ်တာ မသန့်ရှင်းဘူး
    မစင်နဲ့ ထိတွေ့တယ် ဆိုတာကြို ပနေပါတယ်။ တိုက်ရိုက်ပြဲ ဖစ်ဖြစ် လက် အသုံး အဆောင်က ကူးတာပဲဖြစ်ဖြစ်ပေါ့ဗျာ... အီးကိုလိုင်း အများစုက
    အန္တရယ် မ၇ှိပါဘူး... မစင် လမ်းကြောင်း တစ်လျောက်မှာ ၇ှိနေပါတယ်။ အဲဒီထဲမှာမှ အန္တရာယ် ၇ှိတာက EHEC ပါ။ အဲဒီမှာကိုမှ E.coli O157:H7 က
    လူ အသေစေဆုံးပါ။
    အမေရိကန်မှာ ဒီပိုးကြောင့် နှစ်စဉ် နှစ်သောင်းကျော် ရောဂါဖြစ်ပြီး ရာ ဂဏန်းထိ သေပါတယ်။ အထူးသဖြင့် ခရီး သွားရာမှာ မသန့်ရှင်းတဲ့
    အစားအသောက်တွေ စားရာကနေ ဖြစ်တတ်ပါတယ်။

    ဒါကြောင့် ရေစိမ်းတွေ မသောက်ပါနဲ့။ အစိမ်း မစားပါနဲ့။
    အသီး အနှုံတွေကိုလည်း သေချာ ဆေးကြောပြီး နွှာပြီးမှပဲ စားပါ။ မြန်မာပြည်က လူကြီးတွေက ရောဂြါ ပီးနေတာ များပါ လိမ့်မယ်။
    အထူး သဖြင့် ကျွန်တော်တို့လို တောနေ လူတန်းစားတွေ မှာပေါ့။

    ပြီးတော့ အီးကို လိုင်းပိုးက အစား အသောက်မှာ လုံးဝမပါရဘူးဆိုတာက မဖြစ်နိုင် သလောက်ပါပဲ။
    ဘာ့ကြောင့်လဲဆိုတော့ ပင်ကိုယ် ကတည်းက ပိုးရှိနေတဲ့လူတွေနဲ့ထုတ်လုပ် နေရတာကိုး။ သတ်မှတ်ထားတဲ့ အမြင့်ဆုံး အကောင်ရေ ရှိပါတယ်။
    တစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ အစား အသောက် ပုံစံပေါ် မူတည်ပြီး သတ်မှတ် ကောင်ရေ မတူပါဘူး။

    တကယ်တန်းက အစား အသောက် ၁ ဂရမ်မှာ အကောင်ရေ ၁၀၀၀ လောက်ရှိမှ အန္တရာယ် စပေးနိုင်တာပါ။
    ဒါဘေမယ့် လုံချုံ စိတ်ချရတဲ့ အစား အသောက်ြ ဖစ်အောင် အသင့် စားသုံးနိုင်တဲ့ အစား အသောက် တွေမှာတော့ လုံးဝ မပါရဘူးလို့ သတ်မှတ်ထားကြတာ များပါတယ်။
    ချက်ပြုတ် စားသောက်မယ့် အစား အသောက်တွေမှာတော့ အကောင်ရေ ၁ ဂရမ်မှာ ၄၀လောက်ထိ ခွင့်ပြုတ တ်ကြပါတယ်။
    ရေမှာမပါရဘူး... နောက်ဆုံး ပြောချင်တာကတော့ သန့် လေးသန့်က အဓိက ပါပဲ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved