ထောင့်ငါးရာနှင့် မေတ္တာအရင်းခံ

Monday, July 11, 2011


စိုးရိမ်မှု၊ တားမြစ်မှု၊ အာမခံချက်ကင်းမှု အမျိုးမျိုးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ကိုယ်တိုင်၏ သတိပေး အကြောင်းကြားမှုများကြားမှနေ၍ မိသားစု ဘုရားဖူးခရီးစဉ်အဖြစ် ပုဂံသို့ ထွက်ခွာသွားသော ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် ချောချောမောမော ဖြစ်ခဲ့သည်။

သားဖြစ်သူကို ဘုရားဖူးပို့ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးနှင့် ပတ်သက်သည်များကို မပြောလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားခဲ့သည့်တိုင် သူ့ကို မြင်ချင်သော၊ သူ့ကို ထောက်ခံမှုအား ပြသချင်သော သာမန်ပြည်သူများ၏ အလိုဆန္ဒကို မလွန်ဆန်နိုင်ခဲ့ပေ။ လမ်းပိတ်ဆို့မှုများနှင့် ထွေးထွေးစွာ ဆုပ်ကိုင် ကြိုဆိုလိုသူများကို မျက်နှာပြ၍ နှစ်သိမ့်ပေးခဲ့ရသည်။ နောက်တခေါက် ပြန်လာပါမည်ဟု ကတိပေးခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းဝန်ပွေ့ဖက် နှုတ်ဆက်ကြ၊ အကျီရင်ဘတ်တွင် လက်မှတ်ရေးထိုးရန် တောင်းခံကြသောကြောင့် လုံခြုံရေးကို အထူးစိုးရိမ်သူများကလည်း သတိပေးသည်အထိ ဖြစ်ခဲ့ကြသည်။

အစိုးရသတင်းစာများမှ အစိုးရအကြီးအကဲများကို ဝတ်စုံပြည့် ကြိုဆိုမှုများ၊ ခံစာချက်မဲ့သော မျက်နှာများနှင့် တန်းစီနှုတ်ဆက်ကြရသော ပြည်သူများ၊ လူထုကြားတွင် လက်နက်အပြည့်အစုံတကားကားနှင့် လုံခြုံရေးယူထားမှုများကို ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူနှင့် လက်တကမ်းနေမှု၊ ပြည်သူ၏ ရောက်ရာနေရာမှ ထလာကာ နှုတ်ဆက်သည့် လှိုက်လှဲမှုများအပေါ် နှိုင်းယှဉ်ပြပြီး ပြည်သူအများစုကပင် ရယ်ပွဲဖွဲ့ကြသည်ကို တွေ့ရသည်။

ဝန်ကြီးဖြစ်စေ ဗိုလ်ချုပ်များဖြစ်စေလာလျှင် တအိမ်တယောက် မလာမနေရ၊ ဘော်ဒါဆောင် ကျူရှင်ဆောင်များကလည်း ကျောင်းသားများကို လွှတ်ပေးရ၊ ယုတ်စွအဆုံး အမတော်ကြေးယူထားသည့် လယ်သမားကြီးများပင်လျှင် မနေရ၊ မလာမနေရ မနက်အစောကြီးထ၍ နေ့တဝက်မက၊ တခါတရံ ညအိပ်၍ပင် စောင့်၍ ကြိုဆိုကြရသည့် ဒုက္ခများနှင့် နှိုင်းယှဉ်ပြလာကြသည်။

အတင်းအကျပ် လာရောက်ခိုင်းပြီး လာရောက်သူများကို နေ့တွက်ခ ၁၅၀၀ ကျပ် ပေးသော လူထုထောက်ခံမှုနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အိမ်နေအဝတ်အစားနှင့် အပြေးလာရောက် နှုတ်ဆက်ကြသော ဒေသခံပြည်သူများ၏ ထောက်ခံမှုအကြား သာမန်အရပ်သားများကပင် ယှဉ်ထိုးပြောဆိုကြသည်ကို တွေ့ရသည်။ ၁၅၀၀ တန် ကြိုဆိုရေးနှင့် မေတ္တာအရင်းခံ ကြိုဆိုမှုကို သာမာန်အိမ်ထောင်ရှင်မတဦးကပင် ထုတ်ဖော်ပြောဆိုသည်။

ဓာတ်ပုံ - AP

ပြည်တွင်းမှ လူသိ သိပ်မခံလိုသူများကလည်း လူမှုကွန်ရင် ဖေ့စ်ဘုတ်မှ လည်းကောင်း၊ ပေါ်ပေါ်တင်တင်ဝေဖန်လိုသူများကလည်း ဘလော့ဂ်များ စာစောင်များမှလည်းကောင်း အစိုးရ အကြီးအကဲများ ခရီးစဉ်နှင့် ကွာလှသည်ဟု တီးတိုးတမျိုး ကျယ်ကျယ်တဖုံ ဝေဖန်ကြသည်ကို တွေ့ရပါသည်။

မည်သို့ဆိုစေ ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်မှုများအပေါ် မပြတ်သားဟု ဝေဖန်စောကြောသူများ ရှိသည့်တိုင် သာမာန်ပြည်သူအများ၏ ထောက်ခံမှုနှင့် ချစ်ခင်မြတ်နိုးမှုကို သူ အသေအချာရနေဆဲဆိုသည်ကို ပထမဆုံး ခရီးစဉ်မှ ကောက်ချက်ချနိုင်ပေသည်။

ထိုအချက်ကိုပင်လျှင် မြန်မာအစိုးရက ကြောက်လန့်နေခြင်းဖြစ်ပါသည်။ အစိုးရသတင်းစာများမှပင် အာရပ် နွေဦး လူထုအုံကြွမှုများနှင့် ရည်ညွှန်း၍ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အပေါ် စိုးရိမ်မှုကို ထုတ်ဖော် ပြောဆိုခဲ့ကြပါသည်။

နိုင်ငံရေးအရ ပျက်ပြယ်ပြီဟု သတိပေးခံထားရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ကိုယ်စားပြု၍ ဒေါ်အောင်ဆန်းစုကြည်သည် လူထုအကြားဝင်ရောက်သည့် ခရီးစဉ်များကို ဆက်လက်ခြေဆန့်နိုင်မည်လော၊ တခြားသော အကြောင်းပြချက်များဖြင့် ခရီးစဉ်များ ဆက်လက်သွားနိုင်မည်လော၊ အစိုးရက မည်သို့ကန့်သတ်လာနိုင်သနည်းဟူသော အချက်များမှာ စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။

အရပ်ဘက်ပြောင်း အစိုးရသစ်အဖြစ် တခုခုပြောင်းလဲနိုး အာရုံထွေပြားသွားနေသူများနှင့် လူထု၏ ဆက်လက်နိုးကြားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ထပ် ဖြစ်နိုင်ဖွယ်ရှိသည့် ခရီးစဉ်များက အဖြေထုတ်ပေးပါလိမ့်မည်။

သူရမင်းထင်

4 comments :

  1. Anonymous said... :

    ဗိုလ်ချူပ်ကြီးတွေ ဒါတွေမြင်ပြီး ဂျေဝင်သွားတာ။

  1. Anonymous said... :

    ကျနော်တို့နိုင်ငံရဲ့သမ္မတကြီး အေးအေးနေတတ်သော ဦးသိန်းစိန် ဘယ်နှခါများ လူထုကြားထဲ ဆင်းပြီး နွေးနွေးထွေးထွေး ဟန်ဆောင်မှု့မပါ နှုတ်ဆက်ဘူးသလဲ?အကြောက်တရားကိုအခြေခံပြီး ဂါရ၀ပေးတာနဲ့လူထု နှလုံးသားထဲက မေတ္တာဓာတ်ကိုအခြေခံပြီး ဂါရ၀ပေးတာ ပန်းရနံ့နဲ့ မစင်နံ့ ကွာသလို ကွာပါတယ်ဗျာ..။

  1. Anonymous said... :

    သူတော်ကောင်းမှန်လျှင်လူသေသွားသည့်တိုင်အောင်နာမည်နှင့်ဂုဏ်သတင်းသင်းပျံ့ မြဲဖြစ်သည်။ဥပမာ-ဗိုလ်ချုပ်အောင်ဆန်း။သူယုတ်မာဖြစ်ပါကလူမသေခင်မှာပင်နာမည်ပျက်မကောင်းသတင်းများပုပ်ပွနံစော်လျက်ရှိပြီးလူသေသွားပါကလည်းမည်သူမျှအဖက်လုပ်သနားမည်မဟုတ်ချေ။ဥပမာ-ဗိုလ်ချုပ်နေ၀င်း။နေ၀င်းနောက်သို့ဘယ်ဗိုလ်ချုပ်တော်တော်များများလိုက်ကြရအုံးမည်ဆိုသည်မှာယခုလက်ရှိဗိုလ်ချုပ်ကြီးများအသိပင်ဖြစ်သည်။

  1. Anonymous said... :

    ကျုပ်တို့ စစ်ခေါင်းဆောင်ကြီး သန်းရွှေ များ ပြည်သူ့ မေတ္တာကို ဘယ်လောက် ကြောက်လဲဆိုရင် ဒီလောက် အစောင့်အရှောက်တွေ အများကြီးနဲ့ သွားလာတာတောင် သူစီးတဲ့ ကားကို မသိရအောင် ပုန်းပြီးစီး၊ မတရား အတင်း ချောဆွဲခေါ်ထားတဲ့၊ နေ့စားပေးခေါ်ထားတဲ့ ပရိတ်သတ်ကြားထဲကို သုတ်သုတ် သုတ်သုတ် ထွက်သွားတဲ့ ခရီးစဉ်နဲ့များ အနှစ်သာရခြင်း မိုးနဲ့ မြေလို ကွာပါ့ဗျာ ……….

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved