ဒီမိုကရက် Vs ဖွေထိုင်း

Friday, July 1, 2011

မဲဆွယ်နေကြတဲ့ ဖွေထိုင်းပါတီက ယင်းလပ် နဲ့ ဒီမိုကရက်က အဖိဆစ် (Photo - Bangkok Post)


လာမယ့် တနင်္ဂနွေနေ့ဆို ထိုင်းမှာ ရွေးကောက်ပွဲ မဲပေးရတော့မယ်။ ဒီမိုကရက်ရော ဖွေထိုင်း (Pheu Thai) ပါတီပါ လက်ကျန်နေ့တွေမှာ မဲဆွယ်ပွဲတွေ အင်းတိုက်အားတိုက်နဲ့ နောက်ဆုံးကျည်ဆန်အဖြစ် ဘန်ကောက်မှာ အကြီးအကျယ်လုပ်ကြပါတယ်။ ချင်းမိုင်မှာလည်း တူညီဝတ်စုံတွေနဲ့ အုံနဲ့ကျင်းနဲ့ မြင်ရပါတယ်။ မဲဆွယ်တာလား၊ မဲထွက်ပေးကြလို့ လှုံ့ဆော်တာလားတော့ မသိပါ။

မဲပေးကြဖို့ ဆော်သြတယ်ဆိုတာ ဒီလိုပါ။ ကျနော့်မိတ်ဆွေ ထိုင်းလူငယ်တွေဆို မဲသွားမပေးတာ များပါတယ်။ တယောက်က ရုံးပိတ်ရက်မို့ အိပ်ယာက စောစော မထချင်လို့တဲ့။ တယောက်ကကျတော့ ခဏခဏမဲပေးရတာ ရိုးနေပြီတဲ့။ တယောက်ကတော့ ဘယ်ပါတီမှ မကြိုက်ဘူးတဲ့။ မြန်မာပြည်မှာ ရွေးကောက်ပွဲဆိုတာတောင် လိမ်ဆင်မိနေတဲ့ ကျနော့်အဖို့တော့ မဲစစ်စစ် ဘယ်လိုပေးချင်လှတယ်ဆိုတာ ရှင်းမပြတတ်တော့ပါ။ ထိုင်းပါမောက္ခတယောက်ကတော့ ထိုင်းလူငယ်တွေ နိုင်ငံရေး စိတ်မဝင်စားတာ ပြဿနာပဲလို့ ညည်းပါတယ်။

ဘန်ကောက်က ရွိုင်ပလာဇာမှာ ဒီမိုကရက်တွေက သူတို့ကို ထောက်ခံသူ ၉ သောင်းလောက် စုဝေးကြဖို့ မျှော်လင့်ထားပါတယ်။ ဖွေထိုင်းပါတီကတော့ ၇ သောင်းလောက် ဆံ့တဲ့ ရာဇမင်္ဂလ အားကစားရုံမှာ စုဝေးကြဖို့ ပြင်နေတယ်လို့ သိရပါတယ်။ အဲဒီလောက် အများကြီး စုဝေးကြမှာ ဖြစ်တဲ့အတွက် မြို့တော်ရဲ ၆၀၀ လောက်က ဒီမိုကရက်တွေစုဝေးရာမှာ စောင့်ကြပ်မှာ ဖြစ်သလို နောက်ထပ် မြို့တော်ရဲ ၇၀၀ ကလည်း ဖွေထိုင်းလူစုဝေးတဲ့နေရာမှာ တာဝန်ယူရမှာ ဖြစ်ပါတယ်။

အဲဒီ ပြိုင်ဘက်ပါတီကြီး ၂ ခုရဲ့ လှုပ်ရှားမှုတွေကိုလည်း ထိုင်းမီဒီယာတွေက Live ရောက် အွန်လိုင်းကပါ ထုတ်လွှင့်ကြမှာပါ။

ဒီမိုကရက် ခေါင်းဆောင်ဖြစ်တဲ့ လက်ရှိ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ ကတော့ ပြည်သူလူထုဟာ သူတို့ရပိုင်ခွင့်ကို အသုံးချတဲ့ အနေနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ တိုင်းပြည်ရဲ့ အနာဂတ်ကို ဆုံးဖြတ်လိမ့်မယ်လို့ ဆိုပါတယ်။

မဲဆွယ်ဟောပြောမှုတွေကိုလည်း အပြိုင်အဆိုင်လုပ်မှာပါ။ တိုင်းပြည်က ထွက်ပြေးနေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ ညီမဖြစ်သူ ဖွေထိုင်းပါတီခေါင်းဆောင် ယင်းလပ် ရှင်နာဝပ်ကတော့ ပါတီရဲ့ “၂၀၂၀ မျှော်မှန်းချက်” ဆိုပြီး ဟောပြောပါမယ်တဲ့။

“ကျမတို့က ပရောဂျက်အနေနဲ့ လုပ်ဆောင်မှာက တက္ကသိုလ်ဘွဲ့ရ တယောက်ဟာ ပထမ အလုပ်ဝင်တဲ့ အဆင့်မှာ တနေ့လုပ်ခဟာ ဘတ် ၁၀၀၀ ရရမယ်၊ တလကို ဘတ် ၃ သောင်း ဝင်ငွေ ရှိစေရမယ်” လို့ ဆိုပါတယ်။ (အခုပေါက်ဈေး ၁ ဘတ် ၂၆ ကျပ်နှုန်းနဲ့ တွက်ရင် ဘတ် ၁၀၀၀=၂ သောင်း ၆ ထောင်ကျပ်၊ ဘတ် ၃ သောင်း=၇ သိန်း ၈ သောင်း။ ဒါတောင် ဈေးကျနေလို့)

တော်ဝင်မိသားစု၊ အာဏာ ခဏခဏသိမ်းတတ်တဲ့ စစ်တပ်နဲ့ နိုင်ငံရေးသမားတွေ ဆိုပြီး သုံးပွင့်ဆိုင်ထားတဲ့ လှုပ်လှုပ်ရှားရှား ထိုင်းနိုင်ငံရေးအခြေအနေ အချိုးအကွေ့ကို လာမယ့် ရွေးကောက်ပွဲက အဆုံးအဖြတ် ပေးပါလိမ့်မယ်။

KH
Ref: Bangkok Post

2 comments :

  1. Anonymous said... :

    အပြတ်အသတ်အနိုင်ရချင်တဲ့ပါတီများ ကြိုတင်မဲရယူနည်း ၊ မဲခိုးနည်း ၊ မဲလိမ်နည်း ၊
    မဲညစ်ပတ်နည်းများကို အနီးကပ်သင်တန်းပို့ချပေးနေပြီ၊
    ( ကြံ့ဖွတ်ပါတီ မြန်မာပြည် ) တွင် အချိန်မီ စာရင်းပေးသွင်းတက်ရောက်နိုင်ကြပြီ ။

  1. Anonymous said... :

    ယ္ခု post ရေးသားချက်တွေထဲက ထိုင်းနိုင်ငံမှာ လူငယ်တွေက မဲပေးဖို့  သိပ်စိတ်မ၀င်စားရတာ အံသြစရာတော့ သိပ်မဟုတ်လဲပါ၊ နိုင်ငံတကာမှာ လူငယ်တွေအများစုဟာ ခေတ်ရေစီးကြောင်းပေါ်မှာသာ ပျော်မွေ့ နေတာကိုသာတွေ့ မြင်နေရပါတယ်။
    ဒါဟာာ အနာဂတ်အတွက်တော့ ဟိတ်မကောင်းစရာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved