မန်း Vs ဆန်း

Tuesday, July 5, 2011

ဦးရွှေမန်း ဇွန်လ ၂၇ ရက်နေ့တုန်းက ရုရှနိုင်ငံကိုထွက်သွားတာ အစိုးရသတင်းစာတွေထဲ မပါလို့ သို့လော သို့လော ဖြစ်ခဲ့ကြပါတယ်။ (အရင်ကလည်း တရုတ်နဲ့ မြောက်ကိုရီးယားကို ခိုးကြောင်ခိုးဝှက် သွားဖူးတဲ့ ထုံးစံ ရှိတာကိုး။) ပြည်ပမီဒီယာတွေကတော့ အနံ့ရတဲ့အတွက် သတင်းတွေ ရေးကြပါတယ်။

ဦးရွှေမန်းခရီးစဉ်က အခုလ ၃ ရက်နေ့ကျမှ သတင်းစာ အတွင်းစာမျက်နှာ ၃ မှာ ပါလာတာ တွေ့ရပါတယ်။ သွားပြီး ၆ ရက်ကြာမှ ဖော်ပြတာ ဖြစ်ပါတယ်။ ရုရှ လွှတ်တော်ဥက္ကဋ္ဌက ဖိတ်လို့ သွားတာပါလို့ ရေးထားပါတယ်။ ဒါဖြင့် သွားကတည်းက ဘာလို့ မဖော်ပြတာလဲ။ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန် ကျော်ဆန်းက သတင်းစာကို ကိုင်ထားတာဆိုတော့ သူကြောင့်လား၊ ဟိုလိုဒီလို တွေးစရာရှိနေပါတယ်။

ပြန်စဉ်းစားကြည့်တော့ ရုရှမသွားခင် ရန်ကုန်ပြည်သူ့လွှတ်တော် အဆောက်အအုံမှာ ရန်ကုန်တိုင်းအစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ သတင်းမီဒီယာများကို ဦးရွှေမန်း ပြောခဲ့တဲ့ မိန့်ခွန်းကို အစိုးရ မီဒီယာတွေမှာ ဆင်ဆာ ဖြတ်တောက်တာကို သတိရမိပါတယ်။

တချိန်က ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ “ညှိကွပ်” လို့ ခေါ်ကြတဲ့ ကြည်း ရေ လေ ညှိနှိုင်း ကွပ်ကဲရေးမှူးကြီးဟာ အခု ကျော်ဆန်း လုပ်တာ ခံနေရတဲ့ ဘဝလား …။

ဦးရွှေမန်းနဲ့ ဦးကျော်ဆန်းဟာ စစ်တက္ကသိုလ် အပတ်စဉ် ၁၁ ဆင်းချင်း အတူတူမို့ ဗိုလ်မှူးချုပ်နဲ့ နိဂုံးချုပ်ခဲ့ရတဲ့ ကျော်ဆန်းက ဂရုမစိုက်ဘူးဆိုတာ ပြချင်တာလား …။


“ရွှေမန်း … မင်းက ဌာနလက်ကိုင်မရှိဘဲ လွှတ်တော်ခေါ်မှ ထိုင်ခုံရတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ကျုပ်က နအဖလက်ထက်ကတည်းက ဘယ်သူပြုတ်ပြုတ် တို့မပြုတ် ဆိုတော့ သက်တော်ရှည် ဝန်ကြီးကွ၊ သတင်းစာတိုက်တွေကို ချုပ်ထားတာ” လို့ ကျော်ဆန်းက ခြေဖျားထောက်ပြတာလား။

ခုတလော သတင်းစာတွေကိုကြည့်ရင် ဦးကျော်ဆန်းကလည်း သတင်းစာပေါ်က လူလုံးအလွန်ပြတာကို မြင်ရမှာပါ။ သစ်ပင်စိုက်တာကိုပဲ တနေရာစိုက် သတင်းတခု ထည့်နေတာ မမြင်ချင် အဆုံးပါပဲ။ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါက်တာ စိုင်းမောက်ခမ်းတောင် သူသနားမှ စာမျက်နှာပေါ် တက်ရမလို ဖြစ်နေသလား မသိပါ။

ဇွန်လ ၂၄ ရက်နေ့က ဦးရွှေမန်းပြောတဲ့ မိန့်ခွန်းရှည်ကြီးဟာ ၁ နာရီနဲ့ မိနစ် ၂၀ ကြာပါတယ်။ ကြာလို့ပဲ ဦးကျော်ဆန်းက ဖြတ်တောက် လှီးထုတ်လိုက်လေသလား။ လှီးထုတ်တယ် ဆိုရင်တော့ ဦးရွှေမန်းပြောခဲ့သမျှထဲက “ပွ” မယ့်အကွက်တွေကို ရွေးကွက်ပြီး လှီးတယ်လို့ တထစ်ချ ပြောနိုင်ပါတယ်။

ဦးရွှေမန်းက “Good citizen ဖြစ်ဖို့ ခင်ဗျားတို့လည်း ကြိုးစား၊ ကျနော်လည်း ကြိုးစားနေတယ်။ ဒါမှ ခင်ဗျားတို့ ကျနော်တို့ လိုချင်တဲ့ Good Governance ကို ရမယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ ခေါ်တယ်ဆိုတဲ့ လွှတ်တော်က အခုအစိုးရသစ်လွှတ်တော် မဟုတ်ဘူး၊ နအဖလက်ထက်က လွှတ်တော်ဖြစ်တယ်” ဆိုပြီး ပြောပါတယ်။ ဒါကို ဦးကျော်ဆန်းက ဆင်ဆာဖြတ်ပါတယ်။

ဦးရွှေမန်းက တိုင်းပြည် အင်မတန် နိမ့်ကျနေတယ်ဆိုပြီးတော့ ၀န်ခံတယ်။ သူပြောသွားတဲ့အထဲမှာ ဆူပူအုံကြွမှုဖြစ်ရင် ပြည်သူတွေပဲ နစ်နာမယ်လို့လည်း ပြောတယ်။ သူဆိုလိုတာက တိုင်းပြည်ဆူပူရင် တပ်က ဝင်ပါနိုင်တယ်။ ဒါတွေကိုလည်း ဦးကျော်ဆန်းက ပါးပါးလှီးထုတ်လိုက်ပါတယ်။ အစိုးရ ရုပ်သံ၊ သတင်းစာတွေမှာ မမြင်ရပါဘူး။

“အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း မြန်မာပြည်လာတုန်းက ပြောသွားသလိုပဲ အရှေ့အလယ်ပိုင်း ဒေသတွေမှာလို လူထုအုံကြွမှုတွေ မဖြစ်အောင် အားလုံး ဝိုင်းဝန်းကြိုးပန်းရမယ်” လို့ ဦးရွှေမန်းက ပြောတယ်။ ဦးကျော်ဆန်းက ဆင်ဆာဖြတ်ပါတယ်။

ဦးရွှေမန်းက အစိုးရအနေနဲ့ လွှတ်တော်က ချမှတ်မယ့် ဆုံးဖြတ်ချက်တွေ၊ ဥပဒေတွေကို လိုက်နာ ဖော်ဆောင်ရမယ်ဆိုပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၂၈ ကို ကိုးကားပြီး ပြောသွားတယ်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးဖြစ်တဲ့ ဦးကျော်ဆန်းက “ငါတို့အလုပ်ကိုများ နင်တို့က ဆုံးဖြတ်ပေးမှ ပြီးရတော့မလား” လို့ ဒေါပွသလားမသိပါ။ ဆင်ဆာဖြတ်ပါတယ်။

အစိုးရဆိုပြီး ထင်ရာလုပ်မယ် မကြံနဲ့ လွှတ်တော်နဲ့ ထိန်းထားတယ်လို့ ဦးရွှေမန်းက ရုရှမသွားခင် ပြောခဲ့တာကို ဦးကျော်ဆန်းက နာတယ်ထင်ပါ့။

ပြည်တွင်း ဂျာနယ် အယ်ဒီတာတဦးကတော့ ပုဂ္ဂလိက မီဒီယာတင်မက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းပါ ပြောချင်ရာ ပြောလို့မရဘူး၊ ဆင်ဆာဖြတ်ခံနေရတာ ထင်ရှားတယ်လို့ ဧရာဝတီသတင်းမှာ ပြောထားပါတယ်။

ဦးရွှေမန်း ပြောသွားတဲ့အထဲမှာ ဥပဒေအထက် ဘယ်သူမှ မရှိရဘူးဆိုတာလည်း တကြော့ ပြန်ပါလာပါသေးတယ်။ ဦးခင်ညွှန့်တို့ကို ဖြုတ်ထုတ်ရှင်းလုပ်က ရွှေမန်းက တခါ ပြောဖူးတယ်။ ဒါပေမယ့် အဲဒီတုန်းက ဦးသန်းရွှေ ပြောခိုင်းလို့ ပြောရတာပါ။ အခု စစ်ဝတ်စုံ ချွတ်ပြီးမှ တခေါက် ပြန်ပြောတယ်ဆိုတော့ ဥပဒေအထက်မှာ ကျန်နေတဲ့သူ တယောက်ယောက် ရှိနေသေးလို့လို့ ယူဆနိုင်ပါတယ်။

သမ္မတ ရာထူးအတွက် တစ်ပြေးခဲ့ဖူးတဲ့ ဦးရွှေမန်း အောက်လွှတ်တော် ဥက္ကဋ္ဌလောက်နဲ့ ဂိတ်ဆုံးခဲ့ရတဲ့အတွက် မကျေနပ်မှုတွေ ရှိနေတယ်လို့ အတွင်းသိများက ဆိုပါတယ်။

လူအေး သမ္မတ ဦးသိန်းစိန်၊ အစိုးရသတင်းစာမှာ မေ့လောက်မှ တခါပေါ်လာတတ်တဲ့ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ အမျက်စောင်မာန်ကြီးတဲ့ ရှစ်လုံးခေါ် (အခု “ဦး” တလုံးတိုးတော့ ကိုးလုံး ဖြစ်ပြီ) ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ အောက်လွှတ်တော် ဥက္ကဋ္ဌ ရာထူးနဲ့ ရသေ့စိတ်ဖြေရတဲ့ ဦးရွှေမန်း၊ အတော်ရမ်းနေဆဲ သက်တော်ရှည် ပြန်ကြားရေးဝန် ဦးကျော်ဆန်း၊ ဇာတ်လမ်းကတော့ သူတို့ထဲမှာ ဘယ်လို လာမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။

အစိုးရအဖွဲ့က တသင်း၊ NLD က အတိုက်အခံက တဖက်ဆိုပြီး မြန်မာနိုင်ငံရေး ဇာတ်ကွက်ကို မတွက်ကြပါနဲ့။ ကောင်းဘွိုင်တွေလို အချင်းချင်း ပစ်ကြခတ်ကြပြီး ဇာတ်လမ်းက မြိုင်နိုင်ပါသေးတယ်။

မယုံရင် ဟိုတပတ်က ကျောက်အရောင်းပွဲတော် ဖွင့်ပွဲကိုပဲ ဥပမာ ကြည့်ပါ။ သမ္မတ ဦးသိန်းစိန်နဲ့ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း လာရောက် ကြည့်ရှု စစ်ဆေး လိုအပ်သည်များကို မှာကြားတော့ ရှစ်လုံးတဖြစ်လဲ ကိုးလုံးက မလိုက်ဘူး။ နောက်တနေ့မှ သူ့ဖာသာသူ သတ်သတ်လာပြီး ကြည့်ရှု စစ်ဆေး လိုအပ်သည်များကို မှာကြား သွားတယ်။

ကဲ … ပိတ်ကားပေါ်မှာ ဆက်လက် ရှုစားတာပေါ့။

4 comments :

  1. ရစ် said... :

    ဟဟ..၊ သဘောအကျဆုံးက "နအဖလက်သစ် VS NLD " လို့ပုံသေမတွက်ကြပါနဲ့ ဆိုတာလေး အရမ်းသဘောကျတာပဲ..။ အရေး အသားကလည်း သွက်သလား မမေးနဲ့..။ သိုင်းကျူး ကိုခတ်ထန် ။

  1. Anonymous said... :

    ခင်ဗျားရေးတာ နဲနဲ ကလေးဆန်သလားလို့  ကျုပ်သိတာတော့ ဦးကျော်ဆန်းက သူလူတွေကို ဘယ်တော့မှ ဒုတ်ခရောက်အောင်မလုပ်ဘူး ပြသနာ ဖြစ်နိုင်တဲ့ စကားတွေကို သူကဘဲ ဖယ်ပေးတာ ဖယ်ရင်လဲ သူက ပြောပြမှာပါ ရန်တိုက်နေလို့ အကျိုးမရှိပါ သူတို့ က သိပ်ချစ်ကြတာပါ ဟဟ

  1. Anonymous said... :

    "(အရင်ကလည်း တရုတ်နဲ့ မြောက်ကိုရီးယားကို ခိုးကြောင်ခိုးဝှက် သွားဖူးတဲ့ ထုံးစံ ရှိတာကိုး။) ပြည်ပမီဒီယာတွေကတော့ အနံ့ရတဲ့အတွက် သတင်းတွေ ရေးကြပါတယ်။"
    ဆိုးတော့မဆိုးဘူး. ပြည်ပ မီဒီယာတွေလဲ အနံခံပြီး စာရေးရတာဘဲ။ကိုယ့်ကိုကိုယ်ဘာကောင်လဲတော့သိသားဘဲ..ဟိဟိ

  1. Anonymous said... :

    နတ်တွေလေ ... ဒါလေးတောင် မသိဘူးလား

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved