သဘောမတူဘူး ဆိုတာကို သဘောတူကြပြီးတဲ့နောက်

Wednesday, August 10, 2011






-


ဘာသာရေး အခမ်းအနားတခုမှာ တွေ့ရတဲ့ ဒေါက်တာမင်းနွယ်စိုး (ဓာတ်ပုံ-ဧရာဝတီ)

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ခေါင်းဆောင်ကြီး နှစ်ယောက် အကြောင်းပါ။

သူတို့ကတော့ နိုင်ငွေသိမ်း (ဥက္ကဋ္ဌ)၊ ဒေါက်တာမင်းနွယ်စိုး (အထွေထွေ အတွင်းရေးမှူး) (မွန်ပြည်နယ် လူမှုရေးနှင့်ယဉ်ကျေးမှုဝန်ကြီး) တို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လဆန်းပိုင်း ပါတီ အစည်းအဝေးတခုမှာ အခုလို ဆွေးနွေးကြပါသတဲ့။

နိုင်ငွေသိမ်း = အခု ဒေါက်တာမင်းနွယ်စိုးက ပြည်နယ်ဝန်ကြီး ဖြစ်နေပြီဆိုတော့ ပါတီကနေ နုတ်ထွက်ပေးပါ။ အထွေထွေ အတွင်းရေးမှူးတာဝန်ကို တခြား တယောက်ကို ရွေးကြမယ်။ ဒေါက်တာမင်းနွယ်စိုးက ဝန်ကြီးဖြစ်တဲ့ နောက်ပိုင်း ပါတီအတွက် ဘာမှ လှုပ်ရှားမှု မလုပ်ပေးနိုင်တော့ဘူး။

ဒေါက်တာမင်းနွယ်စိုး = ဒီပါတီကို ကျနော် တည်ထောင်ထားတာဖြစ်တယ်။ နုတ်ထွက်ရမယ် ဆိုရင် နိုင်ငွေသိမ်းပဲ ထွက်ပါ။ ကျနော် မထွက်ပါ။
နိုင်ငွေသိမ်းက အစိုးရသစ်ကို ဝေဖန် ပြောဆိုနေတာတွေကို ရပ်ပါ။ နိုင်ငံရေး အကျဉ်းသားလွတ်ပေးဖို့ ပြောနေတာတွေကို ရပ်ပေးပါ။ ပါတီကိုလည်း တိုင်းရင်းသားညီနောင် ၅ ပါတီကနေ ဆွဲထုတ်ရမယ်။

နှစ်ယောက်သား ငြင်းကြ၊ ခုန်ကြ၊ အော်ကြ၊ ဟစ်ကြ။ သဘောမတူဘူး ဆိုတာကို သဘောတူကြပြီးတဲ့နောက်မှာ လက်သီးနဲ့ ထိုးဖို့ပဲ ကျန်ပါတော့တယ် တဲ့။ ဒီတော့ နှစ်ယောက်လုံး ထပြီး ထိုးကြပါတယ်။ လုပ်ဖော်ကိုင်ဘက်များကလည်း ဆွဲကြရပါတယ်။

အစည်းအဝေး ကျင်းပတဲ့နေရာက မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်၊ အရင်တုန်းက မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံး တည်ရှိတဲ့နေရာပဲ။

ရပ်ကွက်ထဲကလူတွေ အစည်းအဝေးခန်းထဲ အော်ဟစ်ပေါက်ကွဲမှုတွေကို ဝိုင်းပြီး သွားကြည့်ကြသတဲ့။

"သူတို့ နှစ်ယောက် ချကြတော့ ရပ်ကွက်ထဲက လူတွေကို ရှက်ဖို့ကောင်းတယ်ဗျာ" လို့ အစည်းအဝေးထဲ ပါဝင်သူတဦးက ပြောပါတယ်။

ဒီလိုနဲ့ အစည်းအဝေးကို အောင်မြင်စွာ ဖျက်သိမ်းလိုက်ကြပါတယ်။

လ၀ီဝမ်



-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved