ဥသြနဲ့ အာဇာနည်နေ့

Friday, August 26, 2011


ကိုတာတေ ပါးစပ်ပိတ်နေတာ ကြာပါပြီ။ ဒီနေ့တော့ မပြောရ မနေနိုင်တော့ တာနဲ့ ပါးစပ်ကို ပိတ်ထားတဲ့ ပလာစတာကို ခွာပါရစေတော့။ မြန်မာ့အမှောင် သတင်းစာကြီးမှာ လွှတ်တော်သတင်းတွေ ဆက်တိုက်ဆိုသလို တွေ့နေရမှာပါ။ မန်မာပြည်သူလူထုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တွဲရက် ဓာတ်ပုံ တွေ့လိုက်တဲ့ တနေ့ပဲ သတင်းစာ ဆိုတာကို စိတ်ဝင်စားပြီး နောက်နေ့တွေမှာ ပျင်းစရာကောင်းတဲ့ လွှတ်တော်ကြီးထဲက အိပ်မငိုက်ချင်ယောင် ဆောင်ပြီး တောင့်တောင့်ကြီးတွေ ထိုင်နေတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ ပုံတွေကို စိတ်ဝင်တစား တချက်ကလေးတောင် စောင်းငဲ ကြည့်ချင်ကြမယ် မထင်ပါဘူး။ ဒါကလည်း ကိုတာတေ့ အထင်ပြောတာ မဟုတ်ပါဘူး။ မေးလိုက်သမျှ “သိဘူးလေ” “စိတ်ကို မဝင်စားဘူး” ဆိုတဲ့ အဖြေချည်း ကြားနေရလို့ပါ။

ဒီနေ့သတင်းစာမှာတော့ စိတ်ဝင်စားစရာ အချက်တချက် ပါလာပါတယ်။ ဒါကိုပြည်သူလူထုလည်း စိတ်ဝင်စားလိမ့်မယ် ထင်ပါရဲ့။ သင်္ဃန်းကျွန်း လွှတ်တော်အမတ် ဦးသိန်းညွန့်က လွှတ်တော်မှာ ဒီလိုတင်ပါတယ်။ အာဇာနည်နေ့မှာ မြန်မာ့အသံကနေ ဝမ်းနည်းတဲ့ အထိမ်းအမှတ် ဥသြဆွဲပေးတဲ့ အလေ့အထ ပြန်လုပ်ပေးဖို့ပါ။

ကိုတာတေတော့ ငယ်ငယ်တုန်းက၊ ၈၈ မတိုင်ခင်ကပေါ့လေ ... အဲဒီကာလတွေကို လွမ်းမိတော့တယ်။ အာဇာနည်နေ့ဆိုရင် ခေါင်းဆောင်ကြီးတွေ အလုပ်ကြံခံရတဲ့ အချိန်မှာ မြန်မာ့အသံက ဥသြဆွဲသလို ကိုတာတေ့အိမ်ရှေ့က မီးသတ်ကပါ လိုက်ပြီး ဥသြဆွဲပေးပါတယ်။ အဲဒီအချိန်မှာ လူအားလုံး ယာဉ်အားလုံး ရောက်ရာအရပ်မှာ ရပ်တန့်ပြီး ခေါင်းဆောင်ကြီးတွေကို အလေးပြုကြပါတယ်။

ဘယ်သူမှ တိုက်တွန်းလို့မဟုတ်ဘဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် အလေးပြုကြတာပါ။ အဲဒီနေ့ မတိုင်ခင်ည ဆိုရင်လည်း ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်ကျောင်း၊ ကိုယ့်အလုပ်ဌာန အလိုက် အာဇာနည်ကျောက်တိုင်မှာ သွားအလေးပြုဖို့အတွက် ပန်းခွေတွေ ပြင်ကြပါတယ်။ မနက် မိုးလင်းတာနဲ့ အိမ်တိုင်းရဲ့ရှေ့၊ ရုံးတိုင်းရဲ့ရှေ့မှာ အလံတဝက် လွှင့်ထူထားတာ မြင်ကြရမှာပါ။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ကြီးတွေကို သမိုင်းထဲက ဖယ်ထုတ်ချင်တဲ့ စစ်အစိုးရကတော့ အဲဒီအလေ့အထတွေ အားလုံးကို ရှင်းပစ်လိုက်ပါပြီ။ ၈၈ နောက်ပိုင်းကြီးပြင်းတဲ့ ကလေးတွေဆိုရင် “အာဇာနည်ဆိုတာ အဆိုတော်လားဟင်” လို့ မေးတဲ့သူတောင်ရှိပါတယ်။ ဥသြဆိုတာ ငှက်မဟုတ်လားလို့လည်း မေးချင် မေးနေမှာပါ။ အလံတဝက် ဆိုတာတော့ ကြားတောင် ကြားဖူးမယ် မထင်ပါဘူး။ ဒါဟာ ကလေးတွေကို နှိမ့်ချတာ မဟုတ်ပါဘူး။ ကိုတာတေတို့ ငယ်ငယ်က ကျောင်းစာသင်ခန်းထဲမှာ အာဇာနည်နေ့အကြောင်း အပြည့်အစုံသင်ခဲ့ရတယ်။ အာဇာနည်နေ့ဆိုရင် ဟောပြောပွဲတွေ၊ ပြခန်းတွေ၊ ကြပန်းစကားပြော ပြိုင်ပွဲတွေ၊ စာစီစာကုံးပြိုင်ပွဲတွေ လုပ်ပေးလေတော့ အာဇာနည်နေ့ ဆိုတာကို ကိုယ့်ဘာသာ လေ့လာစရာကို မလိုဘဲ ကလေးတိုင်းရဲ့ အတွေးထဲမှာ သိပြီးသားပါ။ အခုဟာက သမိုင်းကို တမင်ဖျောက်ဖျက် ချင်တဲ့ စစ်အစိုးရကြောင့် ၈၈ နောက်ပိုင်း လူလား မြောက်ရတဲ့သူတွေ သေသေချာချာ သိခွင့်မရကြတာပါ။

ကဲ အခုတော့ ဦးသိန်းညွန့်က အစပြန်ဖော်ပြီ။ ဥသြ ဆွဲမလား ... တဲ့။ လွှတ်တော်ကြီးက အဖြေပေးပါတယ်။ အကြောင်းပြချက် ကလေးနဲ့ပါ။ တော်တော်လေးလည်း သင်းပါတယ်။ ပါလီမန်ဒီမိုကရေစီခေတ်၊ မဆလ ခေတ်တွေတုန်းက မြန်မာပြည်မှာ ကားတွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ ဒီလောက် မပေါသေးဘူး အဲဒီတော့ ဥသြဆွဲလို့ ရောက်ရာအရပ်မှာ ရပ်အလေးပြုရင် ယာဉ်တိုက်မှု မဖြစ်နိုင်ဘူး ... တဲ့။ အခုတော့ ကားတွေ၊ ယာဉ်တွေ သိပ်ကို ပေါနေတော့ တကယ်လို့ ဥသြများ ဆွဲလိုက်ရင်၊ ရပ်ပြီး အလေးပြုကြရင် ယာဉ်အန္တရာယ် ရှိတယ် ဆိုပဲ။ ဒါကြောင့် ဥသြတော့ မဆွဲတော့ပါဘူးတဲ့။

အာဇာနည်နေ့မှာ အစဉ်အလာအတိုင်း ဥသြ ပြန်ဆွဲကြဖို့ ဆိုရင် မြန်မာပြည်မှာ ကားတွေ ဆိုင်ကယ်တွေအစား နွားလှည်းတွေ၊ မြင်းလှည်းတွေ စီးကြရမယ့် အပေါက်ပါလား။ ဒါမှ မဟုတ်လည်း မီးလောင်ရင်ပဲဖြစ်ဖြစ်၊ အရေးပေါ်ကိစ္စ ရှိရင်ပဲဖြစ်ဖြစ်

ကလေးဆန်ဆန်ပြောရရင် လိုအပ်တဲ့အချိန်ကျတော့ ဗိုလ်ချုပ်ပုံကို ထုတ်ရှိုးလိုရှိုးနဲ့ ... အရှက်ကလေးများလည်း ရှိကြပါဦး အရပ်သား အစိုးရကြီးရယ်လို့ပဲ ကိုတာတေ ... အင်းလေ မပြောတော့ပါဘူး။ ပါးစပ်ကို ပလာစတာနဲ့ ပြန်ပိတ်လိုက်ပါပြီ

ရန်ကုန်သားတာတေ

3 comments :

  1. မောင်ကောင်း said... :

    ဟီး ဟီး အဲ့သဟာကြောင့် မောင်ကောင်းပြောနေတာပေါ့ " မီးစ တဖက် - ရေမှုတ်တဖက် " အရည်ခွံအသစ်လဲအစိုးရပါလို့ ။

  1. aung said... :

    လေးစားပါတယ်ဦးသိန်းညွှန့်..သူတို့ဖြေတာမခိုင်လုံပါ..အာဇာနည်နေ့ တရက်ထဲ အတွက်ပါမက ပြည်သူတွေနိုင်ငံချစ်စိတ်ရှိအောင် နိုင်ငံတော်သီချင်း အတိုကောက်ကို နေပြည်တော်..ရန်ကုန်..မန်း မြို့ကြီးတွေရဲ့ အချက်အချာ နေရာတိုင်းမှာ နေစဉ် ညနေတိုင်းဖွင့်ပေးဖို့ထပ်မံတောင်းဆိုသင့်ပါတယ်...သူတို့တွေရဲ့ ဆင်ခြေတွေကိုချေဖျက်ဖို့ အနီးဆုံး ထိုင်းနိုင်ငံက ဥပမာရှိပါတယ်..ဗန်ကောက်မှာ ညနေ ၅နာရီ တိုင်း နိုင်ငံတော်သီချင်းဖွင့်ပါတယ်...ကားတွေ ဆိုင်ကယ်တွေ ပုံမှန်သွားနေပေမဲ့..သီချင်းသံကြားနေရတဲ့...လူတန်းကြီးက တော့ ရောက်တဲ့ နေရာမှာ လုံးဝ ရပ်သွားပါတယ်...အဲဒီအချိန်မှာ နိုင်ငံခြားက လာလည်တဲ့ ကျွန်တော်တို့ ဧည့်သည်တွေပါ...အူတူတူနဲ့ လိုက်ရပ်ခဲ့ရတာကိုယ်တွေ့ပါ..သူတို့အစိုးရရဲ့ အစီအမံကိုလဲ လေးစားခဲ့ ရပါတယ်...

  1. Anonymous said... :

    ထိုင်းမှာက ၂ကြိမ် ဖွင့်တယ်။ မနက် ၈နာရီ တကြိမ်၊ ညနေ ၆နာရီ တကြိမ်။ အဲလောက်ထိ လိုက်လုပ်ဖို့ မလိုဘူး ထင်တယ်။ အဲဒီလို ဖွင့်လို့ ထူးပြီး နိုင်ငံကို မချစ်သလို မဖွင့်လို့လဲ နိုင်ငံကို မချစ်ဘဲ နေမှာ မဟုတ်ဘူး။ အခု ပြောနေတာက တနှစ်မှ တရက်ဖြစ်တဲ့ အာဇာနည်နေ့ကို အလေးပြုဖို့။ ကားတွေမရပ်ဘဲ ကြားတဲ့လူတွေပဲ ရပ်ပြီး အလေးပြုဖို့ရော မဖြစ်နိုင်ဘူးလား။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved